လွတ်လပ်ရေးရစက ရန်ကုန် (၄)

လွတ်လပ်ရေးရစက ရန်ကုန် (၄)
March 21, 2017 Asian Fame
လွတ်လပ်ရေးရစက ရန်ကုန် (၄)

mkm

ကျွန်တော်ရန်ကုန် ရောက်စကနေ့လိုင်းလိုလို မြင်တွေ့ရသော မြင်ကွင်းတစ်ခုကို မှတ်မိနေသည်။ ကျွန်တော်တို့အိမ်အပါအဝင် အိမ်တော်တော်များများကို မနက် ပိုင်း၊ ညနေပိုင်းတို့တွင် ဝင်ထွက်သွားလာကြသော အိန္ဒိယလူမျိုးများ၏ မြင်ကွင်းဖြစ်သည်။ စာရင်းစာ အုပ်တွေ ထည့်ထားသော လွယ်အိတ် ကိုလွယ်ပြီး ဖဲထီးကြီးဆောင်းကာ သွားလာနေသော ထိုပုဂ္ဂိုလ်များမှာ အခြားမဟုတ်ပါ။ လက်လုပ်လက်စား ခေါင်းရွက်ဗျပ်ထိုးဈေးသည်များကို နေ့ပြန်တိုးဖြင့် ငွေချေးသော ချစ်တီး များဖြစ်ပါသည်။ ငွေချေးလိုပါသ လား။ ခေါ်လိုက်ပါ။ အိမ်ထဲသို့ ဝင်လာပြီး စကားကိုဖွယ်ဖွယ်ရာရာ ပြောပါလိမ့်မည်။ မြန်မာစကားကို မွှတ်နေအောင် ပြောတတ်ပါသည်။ ငွေတစ်ရာချေးချင်သည် ဆိုပါတော့။ ငွေကျပ်၈ဝကို ချက်ချင်းထုတ်ပေး မည်။ ပြီးတော့ လက်မှတ်ထိုးခိုင်းမည်။ သဘောတူညီချက်မှာ သက် မှတ်သည့်ရက်အတွင်း ငွေတစ် ရာပြည့်အောင် နေ့စဉ်အရစ်ကျ ဆပ်ရခြင်းဖြစ်သည်။ ငွေချေးလိုက် ပြီဆိုသည်နှင့် ထိုအိမ်သို့ တစ်နေ့ တစ်ခေါက် မပျက်မကွက် ရောက်လာပြီး ပြန်ဆပ်သည့်ငွေကို ယူသည်။ နေ့စဉ် သက်မှတ်ရက်စေ့ ငွေတစ်ရာ ပြန်ဆပ်ပြီးပြီဆိုလျှင် ကိစ္စ ပြီးသွား ပါပြီ။ နောက်တစ်ကြိမ် ချေးလိုလျှင် ထိုပုံစံအတိုင်းကျင့်သုံး ရပါသည်။ ငွေတစ်ရာချေးသော်လည်း တစ်ရာ အပြည့်မရ။ အတိုးကျပ် ၂ဝကို ထုတ်နုတ်ယူထားလိုက်သည်။ ပြီး တော့ ငွေတစ်ရာပြည့်အောင် ပြန်ဆပ်ရသည်။ နေ့ပြန်ပေးစနစ်ဖြင့် ငွေချေးသော ထိုပုဂ္ဂိုလ်များမှာ ကျွန်တော့်အမေ၊ အဒေါ်၊ အစ်မများ အပါအဝင် လက်လုပ်လက်စားများအတွက် အားထားစရာတစ်ခု ဖြစ်ပါသည်။ ငွေတစ်ရာကို ၂ဝတိုးဖြင့် ချေးပြီးဆယ်ရက်ခန့်အတွင်း အြေ<ွကး ပြန်ဆပ်ရသည်မှာ ဝန်လေး စရာဖြစ် ပါသည်။ သို့သော် သူတို့ကိုပင် အားကိုးနေရသဖြင့် သူတို့ကို အမြဲ လိုလို တွေ့နေရပါသည်။ နောက် နှစ် များမှာတော့ နေ့ပြန်တိုးဖြင့် ငွေချေး သည့် ထိုပုဂ္ဂိုလ်များကို မတွေ့ ရတော့ ပါ။ သူတို့ဇာတိမြေသို့ ပြန်သွားရသည်ဟု သိရပါသည်။

ကစားရွယ်ဘဝကို ပြန်စဉ်းစား ကြည့်သောအခါ “စီးကရက်ကားချပ် ကလေးများ” သည် မျက်စိထဲမှာ အစီအရီ ပေါ်လာပါသည်။ “စီးကရက် ကားချပ်” ဆိုသည်ကို ယနေ့ ကလေး များ သိမည်မထင်ပါ။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ရန်ကုန်မှာ စီးကရက် အမျိုးအစားအတော် များများရှိပါသည်။ နိုင်ငံခြားဖြစ် စီးကရက်ဘူးများကို ဆိုင်များတွင် တံဆိပ်အမျိုးမျိုးဖြင့် တွေ့ရသည်။ Capstan, Liberty, Olympic, Navana, Gold Flake စသည့် အမည်များနှင့်ဖြစ်သည်။ အကုန်မမှတ်မိတော့ပါ။ လစ်ဗာတီက လစ်ဗာတီကြေးရုပ်ကြီးပုံ၊ အိုလံပစ် က စက်ဝိုင်းများ ဆက်ထားသော သင်္ကေတနှင့် မီးရှူးတိုင်ကိုင်၍ ပြေးနေပုံအမှတ်တံဆိပ်များပါသည်ကို မှတ်မိနေသည်။ လှလှပပ ရိုက်နှိပ်ထားသော လေးထောင့် ဘူးကလေးများမှာ စီးကရက် အလိပ် ၂ဝဝင် ဘူးများဖြစ်သည်။ စီးကရက် ဆိုင်တွေ အများကြီးရှိသည်။ ကုန်စုံဆိုင်တိုင်းမှာ စီးကရက်ဘူးဝယ်နိုင်သည်။ကျွန်တော် တို့က ကလေးတွေဆိုတော့ စီးကရက်မသောက်တတ်သေးပါ။ စီးကရက်ထက် စီးကရက်ဘူးခွံကို စိတ်ဝင်စား သည်။ စီးကရက် ကုန်၍ ပစ်လိုက် သော ဘူးခွံများကို စုဆောင်းပြီး အနှောင့်တွေကို ဖြတ်လိုက်လျှင် လေးထောင့်ကားချပ်လှလှကလေး နှစ်ခုကျန်ခဲ့သည်။ စက္ကူအမာ နှင့်လုပ် ထား၍ တောင့်တောင့် တင်းတင်းရှိသည်။ စီးကရက်တံဆိပ် အမျိုးမျိုး လည်း လှလှပပ ရိုက်နှိပ်ပြီးသားဖြစ်သည်။ ထိုစီးက ရက်ကားချပ်များသည် ကစားစရာများအဖြစ် ရန်ကုန် မှာနှစ်အတော် ကြာကြာ တွင်ကျယ်ခဲ့ပါသည်။

စုရင်းဆောင်းရင်း စီးကရက် ကားချပ်တွေ ငါးဆယ်၊ တစ်ရာပိုင်ဆိုင်သောအခါ “ကားထပ်” ကစားကြသည်။ “ကားထပ်သည်” ဆိုသော ဝေါဟာရကိုလည်း ယနေ့ကလေးများ မသိနိုင်ပါ။ စီးကရက်ဘူးတွေက အရွယ်တူဖြစ်သည့်အတွက် ကားချပ်တွေလည်း အရွယ်တူသည်။ စီးကရက် ကားချပ်တွေကို ဖဲချပ်တွေလို မှောက်၍ထပ်ထားပြီး သူတစ်လှည့် ကိုယ်တစ်လှည့် ကားချပ်များ လှန်၍ တစ်ခုပေါ်တစ်ခုထပ်ရသည်ကို ကား ထပ်သည်ဟုခေါ်သည်။ သူနှင့်ကိုယ်ကားချပ်တူ မပေါ်မချင်း တစ်လှည့်စီ ထပ်သွားပြီး သူ့ကားချပ် ကိုထပ်သော ကိုယ့်ကားချပ်က တူ သွားလျှင် ကိုယ်ကနိုင်သည်။ ထိုကားချပ် အားလုံးကိုကိုယ်က အပိုင်စားရ သည်။ ပြီးလျှင် နောက်တစ်ပွဲပြန်စသည်။ အလှည့်ကျထပ်နေစဉ် တံဆိပ်အမျိုးမျိုးပေါ်နေပြီး မတူသမျှ ဘယ်သူမှမနိုင်သေး။ ကိုယ်က အိုလံ ပစ်ကားချပ်ချရသည့် အလှည့်တွင် သူ့ကားချပ်ကလည်း အိုလံပစ်ပင် ဖြစ်နေလျှင်တော့ သူကအနိုင်ရ သွားတော့သည်။ ကိုယ့်ကားချပ်တူသော အလှည့်တွင်လည်းကိုယ်ကနိုင်သည်။ ကျွန်တော်တို့ကလေးဘဝက အလွန်စွဲ သော ကစားနည်းဖြစ်သည်။

စီးကရက်ကားချပ်များကို မြေပေါ်မှာ ထောင်၍ရအောင်ထားပြီး ဂေါ်လီဖြင့် ပစ်ကစားသောကစား နည်းများ လည်းရှိသည်။ အချို့ဆိုလျှင် စီးက ရက်ကားချပ်များ ရာထောင်ချီ၍ လွယ်အိတ်ထဲထည့်ပြီး လှည့်ကစားကြ ပါသည်။ ငွေကြေးဖြင့် လောင်း ကစားခြင်းတော့ မဟုတ်ပါ။ စီးကရက် ကားချပ်များများ ပိုင်ဆိုင်ချင်စိတ်ဖြင့် ကစားခြင်း ဖြစ်ပါသည်။ နိုင်ငံခြား စီးကရက်များ အဝင်နည်းသွားသည့် ကာလကျမှ စီးကရက်ကားချပ်များ ပျောက်ကွယ်သွားပါသည်။ နောက် ပိုင်းမှာ ပေါ်ပေါက်လာသော ခပေါင်း၊ ပုပ္ပါး၊ ဒူးယားစသော မြန်မာစီးကရက်များမှာ ဘူးအပျော့များနှင့် ထုတ်လုပ်သည့်အတွက် စီးကရက်ကားချပ်မာမာမဟုတ်တော့ပါ။ ကား ထပ်ကစားနည်းများလည်း မတွေ့ရတော့ပါ။

ယနေ့မြန်မာနာမည်ဖြင့် အသားကျနေပြီဖြစ်သော လမ်းအချို့မှာ ထိုအချိန်က အင်္ဂလိပ်နာမည်ဖြင့် ရှိနေသည်ကိုလည်း သတိပြုမိပါ သည်။ ရန်ကုန်မြို့လယ်က လမ်းမ ကြီးများတွင် ကမ်းနားလမ်းနှင့် ကုန်သည်လမ်းက မြန်မာနာမည်နှင့် ပင်ဖြစ်သည်။ အင်္ဂလိပ်လိုရေးလျှင်သာ Strand Road, Merchant Street ဟု ရေးကြသည်။ မဟာဗန္ဓု လလမ်းက ဒါလဟိုဇီလမ်း၊ အနော် ရထာလမ်းက ဖရေဇာလမ်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းသည်ပင် အင်္ဂလိပ်နာမည်ဖြစ်သော မောင့်ဂိုမာရီလမ်းဆိုသည့် နာမည် တော်တော်ကြာကြာတွင်နေသေးသည်။ ဗဟန်းမှ ရန်ကုန်မြို့ထဲသို့ တောက်လျှောက်ဘတ်စ်ကား များသွားနေသော လမ်းမကြီးကို ကျွန်တော်တို့ ငယ်စဉ်က “ချာချီလမ်း” ဟု လူကြီးတွေခေါ်တာ ကြားဖူးသည်။ “ကိုယ့်မင်းကိုယ့်ချင်းလမ်း” ဟု လည်း ခေါ်သေးသည်။ ယခုကမ္ဘာ အေးစေတီလမ်းဟုပင် တစ်ဆက် တည်းခေါ်သည်။ ဗိုလ်အောင်ကျော်လမ်းက စပတ်လမ်း၊ မဟာ ဗန္ဓုလပန်းခြံလမ်းက ဘားလမ်း၊ ရွှေဘုံသာ လမ်းက မဂိုလမ်း၊ လသာလမ်းက လတ္တာလမ်း စသည် ဖြင့် နာမည်များ ရှိသည်။ အင်္ဂလိပ် နာမည် တော်တော် ကြာကြာခေါ်တွင်နေပြီး နောက်ပိုင်း ကျမှ မြန်မာနာမည် ပြောင်းသောလမ်း များလည်းရှိပါသည်။ ဘောင်ဒရီလမ်းကို ဓမ္မစေတီလမ်း၊ ဂေါ်ဒဝင် လမ်းကို မြို့မကျောင်းလမ်း စသည် ဖြင့် ပြောင်းသည်မှာ မကြာလှသေးပါ။

တစ်ချိန်က ရန်ကုန်မှာ အထင်ကရရှိခဲ့ပြီး ယခုမရှိတော့ပြီ ဖြစ်သော အဆောက်အအုံကြီးများကို စဉ်းစားလိုက်တော့ ဂျူဗလီဟော (Jubilee Hall) ကို ပြေးမြင်သည်။ ရွှေတိဂုံဟုန်းလမ်းမှာရှိသော အထင်ကရ အဆောက်အအုံကြီးဖြစ်သည်။ ယနေ့ ရှိနေသော ဗိုလ်တထောင် (၆) ၊ဒဂုံ (၁) စသည့် အမည်များသို့ မပြောင်းမီ က ရှိလာခဲ့သော ခရစ်ယာန်သာသ နာပြုကျောင်းကြီးများ၏ အရောင်အသွေးမျိုး၊ အနီရောင်ဖြင့် တင့်တယ်ခံ့ညားစွာဆောက်ထားသည်။ အောက်ထပ်မှာ ခန်းမကြီးရှိသည်။ အပေါ်ထပ်များမှာလည်း အခန်း များရှိသည်။ လွတ်လပ်ရေး ကြိုးပမ်း မှုကာလ ကတည်းက အစည်းအဝေး များ ကျင်းပခဲ့ပြီး ၁၉၇ဝ ခုနှစ် ဝန်းကျင်အထိနိုင်ငံတကာပွဲလမ်း သဘင်များခင်းကျင်းကပြရာ၊ စာတမ်း ဖတ်ပွဲများ ကျင်းပရာ အဆောက် အအုံကြီးဖြစ်သည်။ ဗိုလ်ချုပ်တို့ အာဇာနည်ကြီးများ ကျဆုံးပြီးနောက် ရုပ်ကလာပ်များကို ဂျူဗလီဟောမှာ တစ်စုတစ်ပေါင်းတည်း ခင်းကျင်း ပြင်ဆင်ထားပြီး ပြည်သူတို့၏ အလေးပြုမှုကို ခံယူကြသည်။ စိန်ပါတီ သီဆိုသော အာဇာနည်နေ့ သီချင်းတွင် “ဂျူဗလီဝယ်၊ လွမ်းမပြေ နိုင်ဘဲ၊ ပန်းခွေများနဲ့ အလေးပြုကြတယ်” ဟု ဖွဲ့ထားရာ ယခုအချိန်တွင် “ဂျူဗလီဝယ်” ဆိုသော အဓိပ္ပာယ်ကို လူငယ်များ စာတွေ့အဖြစ်သာ နားလည်နိုင်ပါတော့မည်။ တစ်ချိန်က အာဏာရှိ ပုဂ္ဂိုလ်များက ဂျူဗလီဟောကြီးကို ကိုလိုနီခေတ် အမွေဟု သဘောထားပြီးဖျက်လိုက်သော ကြောင့်ဖြစ်သည်။

ထို့အတူ ယခုအလုံလမ်းတွင်လည်း ဧရာမအဆောက်အအုံကြီး တစ်ခုရှိခဲ့ပါသည်။ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗြိတိသျှဘုရင်ခံ အဆက်ဆက်နေထိုင်ခဲ့သော ဘုရင်ခံ အိမ်တော်ကြီးဖြစ်သည်။ လွတ်လပ် ရေးခေတ်တွင် နိုင်ငံတကာ သမ္မတ များနေထိုင်သဖြင့် သမ္မတအိမ်တော် ဟု ခေါ်သည်။ ပွဲလမ်းသဘင်များ၊ ဧည့်ခံပွဲများကို နိုင်ငံတော်အကြီးအကဲများက သမ္မတအိမ်တော်မှာ ကျင်းပ လေ့ရှိသည်။ ယခုထိုအဆောက်အအုံ ကြီးလည်း မရှိတော့ပြီ။

ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း ယနေ့ပျောက်ကွယ်သွားပြီဖြစ်သော အသုံးအဆောင်များတွင် မြင်းလှည်းများလည်း အပါအဝင်ဖြစ်သည်။ သွားလိုသော နေရာကို မြင်းလှည်း စီးပြီး အလွယ်တကူ သွားနိုင်သည်။ မြင်းလှည်းခက တစ်ယောက်ကို တစ်မတ်၊ သုံးမူးမှ ငါးမူးလောက် အထိသာပေးရသည်။ ဗဟန်းဈေး ရှေ့နားမှာ မြင်းလှည်းဂိတ်ရှိသည်။ မြေနီကုန်းနားမှာလည်း မြင်းလှည်း ဂိတ်ရှိသည်။ သူ့လမ်း ကြောင်းနှင့်သူ မောင်းကြသည်။ လူမပြည့်သေးလျှင် “ဗဟန်းကို တစ်ယောက်လို” ဟုအော်ပြီး လူခေါ်တာမျိုးကြားရသည်။ ကျွန်တော်သည် အစ်မများနှင့်အတူ စမ်းချောင်း၊ ကြည့်မြင်တိုင်ရှိ မိတ်ဆွေ များထံမြင်းလှည်းဖြင့် သွားလေ့ရှိ သည့်အတွက် မြင်းလှည်းမကြာခဏ စီးရသည်။ မြင်းခွာသံ တခွပ်ခွပ် နားထောင်ရင်း လိုက်ရသည်မှာ တစ်မျိုးထူးခြားသည်။ တစ်ခါတစ်ခါ မြင်းလှည်းဆရာက ကြာပွတ်သံ ရွှမ် ခနဲပေးလေ့ရှိသည်။ မြင်းကိုရိုက်ခဲပါ သည်။ ကြောက်လန့်အောင် လေထဲမှာ ရွှမ်းခနဲအသံမြည်အောင် လုပ်တာက များသည်။ ယခုမြင်းလှည်းများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ယခုပြည်လမ်း၊ မြေနီကုန်း မီးပွိုင့် ရောက်ခါနီးမှာ မြင်းလှည်းဂိတ် ရှိသဖြင့် ဘတ်စ်ကားသမားများက ” မြင်းလှည်း ဂိတ်ပါသလား” ဟု ခရီးသည်ဆင်းမည့် နေရာကို မေးလေ့ရှိရာ မြင်းလှည်းများ မရှိတော့သည့်တိုင်၊ “မြင်းလှည်းဂိတ်”ဆိုသော ကားမှတ်တိုင်အမည်မှာ နှစ်အတော်ကြာတွင်ပြီး ကျန်နေခဲ့ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*