တွန့်ခေါက်နာရီ

တွန့်ခေါက်နာရီ
March 21, 2017 Asian Fame
တွန့်ခေါက်နာရီ

KoNyin… တစ်ခုသော ဧပြီ။ ဒီဧပြီက အပြောင်း အလဲတစ်ခုကို စတင်လိုက်တယ်။

ဒီဧပြီရဲ့ ဟိုဘက် ဆယ်စုနှစ်ကျော် ကျော်၊ ဧပြီမနက်ခင်း တစ်ခုကို ဒီကောင် မှတ်မိနေသေးရဲ့။ ညက မိုးစက်ကလေး တစ်စက်နှစ်စက် နဲ့များ မနက်လင်း ပိတောက်ပန်းတွေ ဟက်ဟက်ပက်ပက် ပွင့်နေလိုက် တာ။ ပိတောက်ရနံ့တွေ ကလည်း မနက်မလင်း တလင်း ထဲမှာတောင် ရနံ့တွေ ပီသနေ လိုက်တာ။ ညဆိုရင် ပိုးစုန်းကြူးတောင် ဖင်တုန်ပြီး ညမထွက်ရဲတာ။ ကြယ် တွေလည်း ကြယ်မာရှယ်လော၊ လလည်းလ မရှယ်လော ရှိတဲ့အတိုင်း မှောင်ချင်တိုင်း မှောင်နေတာ။

မှတ်မိ၊ ဒီကောင်ကဗျာဆရာ ဆိုတော့ … အလင်းရဲ့အခြားဘက် ဘာရှိလဲ။ ပဉ္စလက်ညတို့ ရှိနေ သလား။ ဒီကောင်စဉ်းစား။ ဒီကောင် ကိုယ်တိုင်လည်း မှော်ဆရာရဲ့ ကုပ်အင်္ကျီ ဖိုသီဖတ်သီကြီးဝတ်လို့။

ဒီကောင် မှတ်မိနေတယ်။ အဲဒီညက ကြယ်ခုနှစ် ပြောက်၊ မှောက်လဲကျသွားတာ။ ဒီကောင် ကဗျာဆရာမို့၊ မိုးကျောက်သင်ပုန်းဖြုတ်၊ လ အရုပ်ရေးချင်နေတာ။ ခြင် များရဲ့ ပျံသန်းမှု သီချင်းခွေဟာ စီ၉ဝ မက ရှည်လွန်းနေ တာ။ ဒီကောင့်မှာ နာရီမရှိနှင့်။ ညနာရီခေါက် သံတွေ လုံးဝမဲ့နေကြတာ။ မြို့စွန်က ဒီကောင့်ရွာကလေး အလင်းမဲ့ လှောင်ကန်ဖြစ်နေခဲ့တာ။ ကောင်းကင်က ဓမ္မသီချင်း ပြိုဆင်း သံ ဆိုတာကလည်း ဟိုယခင်ကပဲ ရှိခဲ့ တယ်ဆိုတာ။

ညကဒီကောင့်ည ဆိုတော့ ဒီ ကောင်တစ်ကောင်တည်း ညထဲ။ တစ်ယံမလပ်၊ လေများရဲ့ သီချင်း ခွေ၊ တိတ်ကြိုးတွေ ရှည်လှချည့်။ ဘာ ကိုအားကျ၊ လေထပ် လေညှပ် စိုက် ပျိုး၊ တဲခေါင်မိုးက သွပ်ပြားဟောင်း တိုင်း လေကိုင်းလာခြစ်၊ ဂျစ်ဂျစ်နဲ့။

ဟုတ်ပြီ။ အလင်းရဲ့ အခြား ဘက်မှာ တစ်ခုခုတော့ ရှိနေတာ သေချာ။ ကြယ်ခုနှစ်ပြောက်၊ မှောက် ရက်လဲရာက၊ ကုန်းထဖို့ ကြိုးစားနေ တာသေချာ၊ မိုးကျောက်သင်ပုန်းလည်း အရောင်ဖျော့ပြီး လအရုပ်ရေးဖို့ မကောင်း တော့တာ သေချာ။ “လက်နှိပ်ဒုတ်မီး” တွေ ညမှာ ခိုးခိုးလင်းရှာကြ။ မီးတန်းများရဲ့ အလျား ဆန့်နိုင်မှု၊ ဒီကောင် ဂုဏ်ပြုတယ် ဗျာ။ ဘယ်သူတွေလဲတော့ မသိဘူး။ ညကို ဒုတ်မီးနဲ့ ထိုးထိုး ကြည့်နေကြတာ။ ဒီလို ပါပဲ။ လောကကြီးမှာ မာရှယ်လောကို ဒုတ်မီးနဲ့ ထိုးကြည့်တဲ့ ကောင်တွေလည်း ရှိတာပဲမဟုတ်လား။

ဒီကောင်ကတော့ သူများတွေလို အဲဒါကြီး ဒုတ်မီးနဲ့ မထိုးရဲလို့၊ စက်ဘီးလေး မြောင်းဘောင်ကပ် ထောင်ပြီး ဝပ်နေတာ။ လူရော စက်ဘီးရော မြောင်းဘောင်နဲ့ တစ် သားတည်း။ သက်သေခံ အဖြစ် အားကိုး လောက်မယ့် လက်ပတ်နာရီ ဆိုတာကလည်း ဒီကောင့်မှာ မရှိဘူးလေ။ ဒီကောင်ရော၊ သူ့စက်ဘီးက လေးရောက “ညအကျဉ်းသား” တွေလေ။

သူနဲ့သူ့စက်ဘီးလေးရဲ့ အခုအဖြစ် အပျက် ဟာ စာရေးဆရာတစ် ဦးရေးတဲ့ “ဖွဲ့စည်းလွန်ည” ဆိုတဲ့ ဝတ္ထုထဲ အတိုင်း မာရှယ်လောညမှာ လူ ရော စက်ဘီးရော လူသူမနီးတဲ့ လယ်ကွက်ကြီး တစ်ခုထဲ ရောက်နေတဲ့ အဖြစ်မျိုးနဲ့ တူတယ်လို့ ပြောရမှာပဲ။

အခုလည်း ဒီကောင်စက်ဘီး လေးနဲ့အတူ မြောင်း ဘောင်ကပ်နေတယ်။ နာရီဆိုရင် အရှေ့ဘက် ပြင်ဦးလွင် တောင်တန်းပေါ်က ဆင်းလာကြမယ့် ကားမီးတန်းကို သူမျှော်နေတယ်။ ၂၁ မိုင်မှာ ပိတ်မိနေကြတဲ့ ကားတွေ ဆင်းလာကြပြီဆိုရင် ဒါမာရှယ်လော ရုပ်သိမ်းသွား တဲ့ အချိန်လေ။ ခြောက်ထပ်ကွေ့ အဆင်းဆိုရင် ကားမီးတန်း တွေ ဆက်မိပြီး မီးရည်တွေ ယိုစီးကျသလို လှတယ်။  အဲဒါ ဒီကောင့်အဖို့ နာရီ။ ဒါလီရဲ့ နာရီ နေရစ်ခဲ့တော့ပါ။ စက်ဘီးကလေးနဲ့ ဒီကောင်ကတော့ သူ့နာရီလေးကို “တွန့်ခေါက်နာရီ” လို့ အမည်ပေးထားတယ်။ ဒါ လွတ် လပ်ခွင့်နာရီ။

အဝေးပြေးလမ်းပေါ်က ပိတောက်ပင်တောင် သူ့ ရနံ့တွေ လွတ်လပ်ခွင့် ရသွားသလား မသိဘူး။ ဒီကောင့် နှာခေါင်းဆီ ပိတောက်ရနံ့တွေ တိုးဝှေ့ကာ ရောက်လာ တော့ ဒီကောင်နဲ့ သူ့စက်ဘီးကလေး အဝေးပြေးလမ်းပေါ် ရောက်သွားပါပြီ။

လေချွန်ဘိုင်စကယ်လေး

တွန့်ခေါက်နာရီဆီပြေးသွား ..

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*