လွတ်လပ်ရေးရစက ရန်ကုန် (၁)မှ

လွတ်လပ်ရေးရစက ရန်ကုန် (၁)မှ
February 28, 2017 Asian Fame
လွတ်လပ်ရေးရစက ရန်ကုန် (၁)မှ

MgKhinMin

ဗဟန်းကြား တောရလမ်းမှာ

ကျွန်တော်ရန်ကုန်ရောက်သည် မှာ ၆၇ နှစ်ရှိပါပြီ။ ရောက်စက ဆယ်နှစ်သားအရွယ် လူမမည်မျှသာ ဖြစ်သော ကျွန်တော်သည် ယခု အသက် ၇၇နှစ်အရွယ် အဘိုးကြီးဖြစ်နေပါပြီ။ ရန်ကုန်ဆိုသော နာမည်ကို အလောင်းမင်းတရားကြီးက သမုတ် ခဲ့ကြောင်း ရာဇဝင်ကျမ်းများတွင် တွေ့ရသည်။ ၁၇၅၅ခုနှစ် ဇွန်လ ၆ ရက်တွင် ထုတ်ပြန်သော အလောင်း မင်းတရားကြီး၏ အမိန့်တော်တွင် ” ဟံသာဝတီပတ်လည် မည်သည့်မြို့ ပြကျေးရွာမကျန် လိုက်လံဖျက်ဆီး သိမ်းယူတော်မူပြီးလျှင် ဒဂုန်မြို့ကို ရန်ကုန်သမုတ်တော်မူ၍ မြို့ပြ၊ကျုံး မြောင်း၊ပစ္စင်၊ ရင်လျှောက်၊ တန် ဆောင်း၊ ပြအိုးနှင့်တကွ ရွှေနန်းစိုက် ဆောက် စံပယ်တော်မူသည်” ဟူ၍ တွေ့ရသည်။ မူလက “ဒဂုန်” ဟု အမည်တွင်သောမြို့ကို ရန်အပေါင်း ကုန်စင်သည့်အဓိပ္ပာယ်ဖြင့် “ရန်ကုန်” ဟု ပြောင်းလဲခေါ်တွင်ခြင်းဖြစ်ကြောင်း မှတ်သားရသည်။ ကျွန်တော် ရန်ကုန်ရောက်သည့် ၁၉၅ဝ ခုနှစ် တွင် ရန်ကုန်မြို့သက်သည် နှစ်၂ဝဝ နီးပါးရှိနေပါပြီ။ မူလက မြန်မာ့ပိုင် နက်ဖြစ်သော ရန်ကုန်သည် ၁၈၅၂ခု၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲအပြီး တွင် အင်္ဂလိပ်လက်အောက်သို့ ရောက်ရပြီး မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သည်အထိ ဖွံ့ဖြိုးလာသည့် အကြောင်းများကို သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ ဖွံ့ဖြိုးလာသည်နှင့်အမျှ မြို့၏အသွင်သဏ္ဌာန်သည်လည်း တဖြည်းဖြည်း ပြောင်း လဲလာခဲ့သည်မှာ အထင်အရှားဖြစ်သည်။

ကျွန်တော်မသိမီလိုက်သော အပြောင်းအလဲများကို စာတွေ့အဖြစ် သာ သိခွင့်ရပါသည်။ ကျွန်တော် ရန်ကုန်ရောက်လာသည့်အချိန်မှ ယခုအထိ နှစ်ခုနစ်ဆယ်နီးပါးကာလ အတွင်း ပြောင်းလဲလာပုံများကိုတော့ ကိုယ်တွေ့မျက်မြင် တွေ့ကြုံရပါ သည်။ ထိုအတွေ့အကြုံများကို စဉ်းစားမိသောအခါ ပြန်ပြောချင်ခဲ့ တာ ပေါ်လာပါသည်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ထတောက်သည့်အတွက် မြို့ပျက်၊ ရွာပျက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြရသူများ ရန်ကုန်မြို့တော်ကြီးသို့ လာရောက် ခိုလှုံကြသည့် ဖြစ်ရပ်မှာ လွတ်လပ် ရေးရစ မြန်မာနိုင်ငံသမိုင်း၏ ထင် ရှားသော ကဏ္ဍတစ်ခုဖြစ်သည်။ ထိုဒုက္ခသည်များတွင် ကျွန်တော်တို့ မိသားစုလည်းပါဝင်ပါသည်။ ရန်ကုန် ကို အရင်ရောက်နှင့် နေသော ဆွေ မျိုးများနှင့် အတူနေပြီး လုပ်ကိုင် စားသောက်ရန် ရည်ရွယ်၍ ရန်ကုန် ရောက်လာခြင်းဖြစ်သည်။ မှတ်မှတ်ရရ ဟင်္သာတတစ်ဖက်ကမ်း ကူးပြီး သာရဝေါ – ရန်ကုန် ရထားကြီး၏ ကုန်တွဲတစ်တွဲထဲမှာ တိုးတိုး ကြိတ် ကြိတ်လိုက်လာရသော ကျွန်တော်တို့ သည် ညမှောင်စပျိုးချိန်မှာ ကွမ်းခြံ ဘူတာ ဟု ထိုစဉ်က ခေါ်သော ရန်ကုန် ဘူတာကြီးသို့ ဆိုက်ရောက်လာသည်။ ဆွေမျိုးများမှာ ဗဟန်းကြားတောရ လမ်းတွင် နေသည့်အတွက် မြင်း လှည်းတစ်စီးငှားပြီး ဗဟန်းသို့
လာခဲ့ ကြသည်။ ထိုစဉ်က ရန်ကုန်မှာ မြင်း လှည်းများ ပြေးဆွဲနေဆဲဖြစ်သည်။ ကတ္တရာလမ်းပေါ်တွင် တခွပ်ခွပ် စည်းကျဝါးကျ ပြေးနေသော မြင်းခွာ သံကလေးများကိုကြားရတော့ အထူး အဆန်း ဖြစ်နေသည်။ တိရစ္ဆာန်ရုံ ဘေး၊ ဗဟန်းလမ်းမကြီးတစ်လျှောက် မောင်းလာစဉ် လက်ဝဲဘက်ခပ်လှမ်း လှမ်းမှာ ရွှေတိဂုံစေတီတော်မြတ် ကြီးကို လှမ်းပြီးဖူးမြော်မြင်လိုက် ရသည်။ ရွှေတိဂုံစေတီတော်မှာ လည်း ယခုကဲ့သို့ မီးရောင်ထိန်ထိန် ညီးမနေသေးပါ။ စေတီတော်ကြီး၏ လုံးပတ်တော်ကိုဝိုက်၍ မီးလုံးများ၊ လေးငါးရစ် ထွန်းထားသည်ကို တွေ့ရသည်။ ရန်ကုန်ရောက်ရောက် ချင်းရွှေတိဂုံစေတီတော်ကို ဖူးရ၍ ကြည်နူးသွားသည်။ ယခင်က ရွာမှ တကူးတကန့် လာရောက်ဖူးရသော စေတီတော်ကြီးကို ယခုအမြဲဖူးရတော့ မည်ဟု စိတ်ထဲမှာ တွေးမိသည်။ မြင်းလှည်းက ကြားတောရလမ်းဘက် ကွေ့ဝင်ပြီး အိမ်ရှေ့မှာ ရပ်လိုက် သည့်အတွက် မြင်းလှည်းပေါ်က ဆင်းပြီး ရှေ့ဘက်တူရှုသို့ ကြည့်လိုက် သောအခါ ရွှေတိဂုံစေတီတော်ကြီး ကို ဘွားခနဲ ဖူးမြင်လိုက်ရသည့် အတွက် အံ့သြဝမ်းသာသွားသည်။ ရန်ကုန်ရောက်စက မှတ်မှတ်ရရ အတွေ့အကြုံဖြစ်သည်။

ဆွေမျိုးများ၏ အိမ်ဂေဟာမှာ လမ်းလက်ဝဲဘက် ပလက်ဖောင်းပေါ် မှာ ဆောက်ထားသော တဲသာသာ အိမ်ကလေးဖြစ်သည်။ ၁ဝပေ၊ ၁၅ ပေလောက်သာကျယ်ပြီး ဓနိမိုး ထရံကာဖြစ်သည်။ မူလရှိပြီးသား အိမ်သားခြောက်ယောက်မှာ ကျွန်တော် တို့မိသားစုသုံးယောက် ထပ်ပေါင်း တော့ စုစုပေါင်း ကိုးယောက်ဖြစ် သွားသည်။ ထိုအိမ်ကလေးကို တစ် လ ၁၅ကျပ်နှင့် ငှားနေရခြင်းဖြစ် ကြောင်း နောက်တော့ သိရသည်။ အိမ်သားတွေ အပြည့်အသိပ်ဖြစ် သည့်အတွက် “အိပ်လည်း ဒီနေရာ၊ စားလည်းဒီနေရာ” ဆိုသလို ဖြစ်နေသည်။ လူကြီးတွေကတော့ အခြေမကျသေးသည့်အတွက် စိတ်ညစ်ကြသည်။ ကျွန်တော်က ကလေးမို့ စိတ် ညစ်ရကောင်းမှန်းမသိပါ။

ကြားတောရလမ်းတစ်လျှောက် လုံးလမ်းဘေးတစ်ဖက်စီမှာ ကျွန်တော် တို့အိမ်လို အိမ်ကလေးတွေ အပြည့် ရှိနေသည်။ အိမ်သက်သက်မဟုတ်။ အိမ်ရှေ့မှာ ဆိုင်အမျိုးမျိုး ဖွင့်ထား သေးသည်။ ဆိုင်တွေချည်း သက်သက် လည်းရှိသည်။ ပြန်စဉ်းစား ကြည့် တော့ အိမ်တွေ မျက်စိထဲမှာ အစီ အရီ ပေါ်လာသည်။ ဓာတ်ပုံဆိုင်၊ အလှကုန်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဖိနပ် ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကိတ်မုန့် ဆိုင်၊ ထမင်းဆိုင်၊ ဆံသဆိုင်၊ စာအုပ် ဆိုင် စသည့်ဆိုင်များ၊ အလှကုန်ဆိုင် တွေက “ခိုင်မာလာစတိုး” တဲ့၊ “အောင် ဇေယျအင်ကိုး”တဲ့၊ “လှစတိုး”တဲ့၊ “ရွှေမျှားကိတ်မုန့်တိုက်”လည်း ရှိသည်။ ဆံပင်ညှပ်ဆိုင်က “ရှိန်းဆံသ” တဲ့။ ထမင်းဆိုင်က “ဦးလေးကြီး ထမင်းဆိုင်” ရော၊ “အဒေါ်ကြီး ထမင်းဆိုင်” ရောရှိသည်။ ထမင်းဆိုင်တွေမှာ အဝစားတစ်ကျပ်ဟု စာတန်းထိုးထားသည်။

အိမ်ကလေးများ၏ နောက် ဘက်အမြင့်ပေါ်မှာ ဘုန်းတော်ကြီး ကျောင်းများရှိသည်။ “ဆူးခါး ကျောင်းတိုက်”၊ “ဦးအရိယ ကျောင်းတိုက်”၊ “ဦးနာလိန္ဒကျောင်း”၊ ရွှေဘို ကျောင်း”၊ ဓမ္မသုခတိုက်”၊ “ပြာသာဒ် ကျောင်း” စသည့်နာမည်များပါ တွဲပြီး သိနေသည်။ ထိုကျောင်းတိုက်များမှာ နေသူများလည်း အများအပြားရှိ သည်။ အချို့က မိမိတို့ လှူဒါန်း ထားသော ဇရပ်များမှာ တက်နေကြ သည်။ ဘုန်းတော်ကြီးများထံ ခွင့် တောင်းပြီး ကျောင်းအောက်ထပ်မှာ နေထိုင်သူများ၊ အနီးအနား ဇရပ် များမှာ နေထိုင်သူများ အများအပြား ရှိသည်။ ကျွန်တော်တို့ အိမ်အနောက် ဘက်နားမှာ “ကျိုက်သီမွန်ကျောင်း” ၊ ခေါ် မွန်ဘုန်းတော်ကြီးကျောင်းဆောက်သည်ကို သတိပြုမိပါသည်။ ဦးအရိယကျောင်းတိုက်မှာ ပထမ တက္ကသိုလ်ကျောင်းသား သပိတ်အပြီး အမျိုးသားကောလိပ်ဖွင့်သည့် ကျောင်းဖြစ်သည့်အတွက် သမိုင်းဝင် အဆောက်အအုံဖြစ်ပါသည်။

ကျွန်တော်တို့အိမ်မှာ အပ်ချုပ် ဆိုင်နှင့် အသီးအနှံဆိုင်ရှိသည်။ အစ်မများက စက်ချုပ်တတ်သည်။ “ဆင်းဂါး” အပ်ချုပ်စက်တစ်လုံး ငှားပြီး မိန်းမဝတ်အင်္ကျီ၊ ဘော်လီ၊ ရှင် မီးအင်္ကျီများ ချုပ်သည်။ ခေါင်းအုံး စွပ်တို့၊ အိပ်ရာခင်းတို့ စက်ပန်းထိုး သည်။ အပ်ထည်လည်း လက်ခံသည်။ ချုပ်ပြီးသားအင်္ကျီများကို အိမ်ရှေ့မှာ ချိတ်ဆွဲထားပြီး လာဝယ်လျှင် ရောင်း သည်။ အဒေါ်များက လိမ္မော်သီး၊ ပန်းသီး၊ သရက်သီး စသည့် သစ်သီး များကို သိမ်ကြီးဈေးမှာ သွားဝယ်ပြီး ပြန်ရောင်းသည်။

“ကျန်းမာရေးကိစ္စ” ကို ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များရှိ အများသုံးအိမ်သာများမှာ ဖြေရှင်းကြရသည်။ ရေချိုးလျှင်လည်း အများသုံး ရေဘုံဘိုင်တွေမှာ ရေချိုး၊ အဝတ် လျှော်တာ လုပ်ကြရသည်။ ရေချိုးချိန် တွင် ရေလဲပုဆိုးပခုံးတင်၍ ဆပ်ပြာ ခွက်ကိုင်ပြီး ရေချိုးဖို့ ထွက်လာကြ သော အမျိုးသားများ၊ ထဘီရင်လျား နှင့် မျက်နှာသုတ်ပဝါခြုံပြီး ရေချိုးဖို့ ထွက်လာသော အမျိုးသမီးများကို တွေ့ရမြဲဖြစ်သည်။ နေရာထိုင်ခင်း တွေ ကျဉ်းသည့်အတွက် ညနေနေ အေးချိန်မှာ အိမ်ပြင်ထွက်ပြီး အေးအေးလူလူ ထိုင်ရင်းစကား စမြည် ပြောကြသည်။

အခါကြီးရက်ကြီးဆိုလျှင် ရွှေတိဂုံဘုရားဖူးလာသူများနှင့် ကြိတ်ကြိတ်တိုးနေသည်။ ရုပ်ရှင် ကြော်ငြာ၊ ပြဇာတ်ကြော်ငြာ၊ ဇာတ် သဘင်ကြော်ငြာ၊ ဆေးကြော်ငြာ စသည့် ကြော်ငြာကားများက အသံ ချဲ့စက်ဖြင့် သီချင်းသံ တညံညံဖွင့် ပြီး လှည့်ကြော်ငြာလေ့ရှိသည့် အတွက် တစ်လမ်းလုံး သီချင်းသံ များဖြင့် စည်ကားနေသည်။ ရုပ်ရှင် ကြော်ငြာကားတွေ လှည့်လာပြီဆို လျှင် ကျွန်တော်တို့ ကလေးတွေ ပျော်မြူးသွားသည်။ ရုပ်ရှင်ဇာတ်ကား ကြော်ငြာစာရွက်များ ဝေလေ့ရှိသော ကြောင့်ဖြစ်သည်။ ရုပ်ရှင်မင်းသား၊ မင်းသမီးပုံပါသော ကြော်ငြာများမှာ ရောင်စုံဖြင့် လှလှပပ ရိုက်နှိပ်ထား သည့်အတွက် ကျွန်တော်တို့ ကလေး များအလွန် မက်မောသည်။ ကား ပေါ်က လှမ်းပေးသော ကြော်ငြာ စာရွက်များကို နောက်က ပြေးလိုက် ရင်း လုကြရသည်မှာ ပျော်စရာ ကောင်းသည်။ ကားမကြောက်၊ ဘာမကြောက် ကြော်ငြာလုဖို့ ပြေးလိုက် သည်ကို လူကြီးတွေမြင်လျှင် ကျွန်တော်တို့ကို ဆူသည်။ “ကား တိုက်သွားလိမ့်မယ်” ဟု ကြိမ်းသည်။

ကျွန်တော်တို့ကတော့ အမှတ် မရှိဘဲ ကြော်ငြာကားလာလျှင် နောက်က ပြေးလိုက်မြဲဖြစ်သည်။ ဓာတ်ပြားကြော်ငြာကားများလည်း ခေတ်စားသည်။ ဓာတ်ပြား ကုမ္ပဏီများက ထုတ်လုပ်သည့် ဓာတ် ပြားသီချင်းများ ကို ကြော်ငြာခြင်းဖြစ်သည်။ သီချင်း စာရွက်များကို ဝေသည့်အတွက် သီချင်းစာရွက်ကိုကြည့်ပြီး အသစ် ထွက်မည့်သီချင်းကို ကြော်ငြာကားက ဖွင့်ပြသောအခါ လိုက်ဆိုကြသည်မှာ လည်း ပျော်စရာကောင်းသည်။ ထိုစဉ်က ပေါ်ထွက်ခဲ့သော လွတ်လပ် ရေးဓာတ်ပြား ကုမ္ပဏီ၏ ဓာတ်ပြား များကို လူကြိုက်များသည်။ ကိုမြ ကြီး၏ ဂီတဗိမာန် သီချင်း၊ ကိုမြကြီး နှင့် စိန်စိန်တို့၏ ချစ်မမသီချင်း၊ ကိုမြကြီးနှင့် ခင်စန်းရီတို့၏ ချစ်ညီမ လေးသီချင်း၊ မေသစ်၏ ဖိုးသာ အောင်သီချင်းစသည့် သီချင်းများ ဖြစ်သည်။ ကျွန်တော်တို့မှာ သီချင်း စာရွက်တွေကို လိုက်ကောက်ပြီး သီချင်းလိုက်ဆိုရင်း အလွတ်ရသွား ပါသည်။

ပြဇာတ်ကြော်ငြာများမှာ ပန်းဆိုးတန်းရှိ ဝင်းဝင်းရုံနှင့် ဖရေဇာ လမ်း (အနော်ရထာလမ်း)ရှိ ကာဌေး ရုံမှာ တင်ဆက်သော ပြဇာတ်များကို ကြော်ငြာခြင်းဖြစ်သည်။ ဗိုလ်ကလေး တင့်အောင်နှင့် ဂီလလုလင်မောင် ကိုကိုတို့ကို တင်ဆက်သော ပြဇာတ် များက အများစုဖြစ်သည်။ တက္က သိုလ်မျိုး ချစ်တို့၊ ခင်အုန်းမြင့်တို့မှာ ထင်ရှားသော ပြဇာတ်မင်းသား၊ မင်းသမီး များဖြစ်သည်။ တစ်ခါတွင် ကာဌေးရုံ က ရုပ်ရှင်မင်းသမီးရွေးပွဲ ပြုလုပ်ရာ “ကြည်ကြည်ဌေး၊ မြင့်မြင့်ဌေး၊ ရိုစီ ဌေး” စသည်ဖြင့် “ဌေး” ဖြင့်ဆုံးသော မင်းသမီးသစ်များ ပေါ်ထွက်လာပါသည်။

ကျွန်တော်တို့ အိမ်ကလေးနှင့် မျက်စောင်းထိုးမှာ သုံးထပ်တိုက် ကျောင်းကြီးရှိသည်။ “ပထမကျော် ရွှေဘိုဦးသီလာစာရဆရာတော်” ဟူ သော ဆိုင်းဘုတ်ကြီးကို ခန့်ခန့် ညားညား ချိတ်ဆွဲထားသည်။ ထိုကျောင်းကို “ရွှေဘိုကျောင်း” ဟု အများခေါ်ကြသည်။ ဆရာတော်မွေး နေ့တွင် နှစ်စဉ် “ဖက်ရှင်အောင်ငွေ”၊ အငြိမ့်ဖျော်ဖြေလေ့ရှိသည်။ ထိုနေ့ ရောက်လာပြီဆိုသည်၌ ကျောင်းရှေ့ မျက်နှာစာထောင့်မှာ အငြိမ့်စင် ဆောက်ပြီဆိုလျှင် ကျွန်တော်တို့ ကလေးတွေ အလုအယက် ဖျာခင်း ကြသည်မှာ ပျော်စရာကောင်းလှ ပါသည်။ အငြိမ့်ကိုလည်း ညလုံး ပေါက်ကြည့်ကြသည်။ ထို့ပြင် ဗဟန်း ဈေးထောင့် ဓမ္မာရုံရှေ့မှာလည်း နှစ်စဉ်အငြိမ့်သွင်းသည်။ “ဣဋ္ဌာရုံ အငြိမ့်၊ “ကောလိပ်မြိုင်” အငြိမ့် စသည့်အငြိမ့်များ နှစ်စဉ်ကြည့်ရ သည်။ နှစ်စဉ် ရှင်ဥပဂုတပူဇော်ပွဲ နှင့်အတူ ရာမဇာတ်ကသည်ကိုလည်း ညစဉ် အားပေးရပါသည်။ ယခုအခါ ကြားတောရလမ်းမှာ အိမ်ကလေးများ ကွယ်ပျောက်သွားပါ ပြီ။ ထိုနေရာများမှာ ဓမ္မာရုံကြီးများ ခန့်ခန့်ညားညား ပေါ်ပေါက်နေပါပြီ။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*