မြန်မာစာကို ဟန့်တားပိတ်ပင်မှု များသောကာလ

မြန်မာစာကို ဟန့်တားပိတ်ပင်မှု များသောကာလ
February 7, 2017 Asian Fame
မြန်မာစာကို ဟန့်တားပိတ်ပင်မှု များသောကာလ

MgKhinMinကျွန်တော်မြန်မာစာ ဌာနမှာ ၄၃ နှစ် အမှုထမ်းခဲ့သည်။ ထိုကာလ အတွင်း မြန်မာစာကို ဟန့်တား ပိတ်ပင်မှုများသော ကာလနှင့် ကြုံခဲ့ ရပါသည်။

ပထမတစ်ခုမှာ မြန်မာစာ ပြဋ္ဌာန်းစာ များနှင့် ပတ်သက်သည့် ဟန့်တားပိတ်ပင်မှု များဖြစ်သည်။ အခြေခံပညာ အတန်း တစ်တန်းတွင် ၁၉၇ဝ ဝန်းကျင် ကာလက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “ရွှေ လရောင်ဘွဲ့ လေးချိုးကြီး” ပြဋ္ဌာန်း ထားပါသည်။ တစ်ခါတွင် ထိုပြဋ္ဌာန်း စာကို ပယ်ဖျက်ကြောင်း သတင်းစာ တွင် ကြေညာချက် တွေ့ရသည်။ ဘာကြောင့် ပယ်ဖျက်မှန်း မသိပါ။ နောက်မှ ထိုကဗျာပါ စာသား တချို့ ကြောင့် ပယ်ဖျက်ခြင်းဖြစ်သည်ဟု ကြားရသည်။ စာသားမှာ ဆရာကြီး က ဗိုလ်မင်းရောင်၏ နောက်လိုက် ဗိုလ်များ အကြောင်း ရေးသော စာ သားဖြစ်သည်။

“မန်းအပျက်မှာလ၊
စန်းလက်မသာမယာမို့၊
ဗမာ ဗမာချင်းတောင်မှ၊
အတင်းပင်ရန်မူလို့၊
ရန်သူကို ရန်သူမမှတ်တဲ့ပြင်၊
ကိုယ့်တပ်ကိုယ် ပြန်နင်းချင်ကြတဲ့၊
ဖျင်းလှတဲ့ ကမြင်းမအကောင်
ဗိုလ်တချို့ရယ်က၊
ကိုယ်ဖို့အလွတ် ရုန်းမဟဲ့လို့”
ဆိုသော စာသားဖြစ်သည်။ ဗိုလ်တွေ ကို “ဖျင်းလှတဲ့ ကမြင်းမအကောင်” ဟု ပြောရပါမည်လားဆိုပြီး ထိုကဗျာ ကို ပယ် ဖျက်ခြင်း ဖြစ်သည်ဟု ကြား ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ အဘိုးဖြစ်သော ရွှေလရောင် အကြောင်းကို မှိန်ထားချင်သည့် အတွက် ပယ်ဖျက်ခြင်း လည်းဖြစ်နိုင် သည်ဟု အချို့က ထင်မြင်ချက်ပေး ပါသည်။

အလားတူပင် တက္ကသိုလ် ဝင်တန်းမှာ ပြဋ္ဌာန်းသော ဆရာကြီး မှိုင်း၏ “ဘွိုင်းကောက်ဋီကာမှ သပိတ် ဘွဲ့ လေးချိုးကြီး” လည်း ပယ်ဖျက် ခံရသည်။ ကျောင်းသားသပိတ် အကြောင်း ဖြစ်နေသည့်အတွက် ပယ်ခြင်းဖြစ်နိုင်ပါသည်။

ပြဋ္ဌာန်းစာအသီးသီးတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရေးသောစာ များ ပြဋ္ဌာန်းဖူးပါသည်။ “ပညာဆို သည်မှာ”၊ “ဗိုလ်ချုပ်အောင်ဆန်း၏ ပညာရေး အမြင်”၊ “ဗိုလ်ချုပ်၏ ခေါင်းဆောင်အင်္ဂါ” စသည်တို့ဖြစ် ပါသည်။ ထိုဆောင်းပါးများသည် လည်း ကြာရှည်မခံပါ။ ပယ်ဖျက် သည့်အထဲ ပါသွားပါသည်။

ဆရာမောင်ထင်၏ ဗိုလ်ချုပ်၏ ခေါင်းဆောင် အင်္ဂါ ဆိုလျှင် တစ်ချိန် က တက္ကသိုလ် မြန်မာ စကားပြေ ကောက်နုတ်ချက်တွင် ပါဝင်သော ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါး တွင် ခေါင်းဆောင်ကောင်း အင်္ဂါများ ကို စိစစ်ပြထားသည်။ နှစ်အတန် ကြာ သင် ပြီးနောက် ထိုဆောင်းပါး ကို မသင်ရတော့ပါ။ ထိုဆောင်းပါး ပါဝင်သော ဗမာ့နိုင်ငံရေး သုခမိန် စာအုပ်ကို မြန်မာ့နိုင်ငံရေး သုခမိန် ဟု နာမည်ပြောင်းပြီး ပြန်ရိုက်သည့် အခါတွင် ထိုဆောင်းပါး မပါတော့ သည်ကို တွေ့ရပါသည်။

တချို့စာအုပ်တွေ ပယ်ဖျက်ခံရ ပုံကလည်း သည်းထိတ်ရင်ဖိုစရာ ဖြစ် သည်။ ဒေသကောလိပ် ခေတ်တွင် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဆရာဦးအုန်းသော် ပြုစုသော စာရေး နည်း လေးမျိုး စာအုပ်ထွက်သည်။ စာရေးသားနည်း များကို ပညာရှင် များ၏ အယူအဆများ ကိုးကား၍ ပြုစုထားသော စာအုပ်ဖြစ်သည်။ ပထမနှစ်တွင် ပြဋ္ဌာန်းသည်။ တစ်နေ့ တွင် ကြေးမုံ သတင်းစာ စာကြေးမုံ အခန်းတွင် “ကြီးမောင်” က ထိုစာအုပ် ကောင်းကြောင်း မိတ်ဆက်ဖော်ပြ လိုက်သည်။ မကြာမီပင် ထိုစာအုပ် ကို ပြဋ္ဌာန်းစာ အဖြစ်မှ ပယ်ဖျက်ရန် အမိန့်ထွက်လာသည့် အတွက် အခြား စာအုပ်တစ်အုပ်ဖြင့် ချက်ချင်း အစား ထိုးရသည်။ ကြားရသည်က သတင်း စာမှ ဦးကြီးမောင်၏ မိတ်ဆက်ကို ဖတ်ပြီး တာဝန်ရှိ ပုဂ္ဂိုလ်ကြီးက ထို စာအုပ်ကို ရှာခိုင်းသည်။ စာအုပ်ရ ၍ ဖတ်ပြီးနောက် “ဒါမျိုးတွေ တို့မြန်မာမှာလည်းရှိသားပဲ၊ ဘာထူး လို့လဲ” ဆိုသော သဘောမျိုးပြော သည့်အတွက် ကျောင်းသုံး စာအုပ် အဖြစ်မှ ချက်ချင်း ပယ်ဖျက် ရခြင်းဖြစ် သည်ဟု ကြားရပါသည်။

ပြဋ္ဌာန်းစာပြုစုသူ၏ အခွင့် အလမ်းကို ပိတ်ပင် ဟန့်တားမှုလည်း ရှိပါသည်။ ၁၉၈ဝ ကျော် ကာလတွင် စာရေးသူ ကွယ်လွန်ပြီး အနှစ် ၂ဝ ရှိမှ သူ့စာကို ပြဋ္ဌာန်းရန် ဟူသော ညွှန်ကြားချက်တစ်ခု ပေါ်လာသည်။ “ကွယ်လွန်ပြီး အနှစ် ၂ဝ မူ” ဟု ခေါ် ကြသည်။ ထိုမူ အကြောင်း ညွှန်ချုပ် များက ရှင်းလင်း ပြောဆိုသည်ကို ကြားရသည်။ သို့သော် စာနှင့်ပေ နှင့် ထင်ထင်ရှားရှား မတွေ့ဖူး ပါ။ ညွှန် ကြား ပြောဆိုသူများ အမိန့်စာ တွေ့ဖူး၊ မတွေ့ဖူး မသိပါ။ လိုက်နာ ရမည်ဆို၍ ပြဋ္ဌာန်းစာ များကို ထိုမူ နှင့်ကိုက်အောင် ချက် ချင်း ပြင်ဆင်ကြ ရသည်။ နောက်တော့ သတင်းကြား ရသည်။ စာအုပ်ရေးသူ များသည် မိမိ တို့ ရေးသော စာအုပ် များကို ကျောင်း သုံး ပြဋ္ဌာန်းပြီး သူဌေး ဖြစ်နေ ကြသည် ဆိုသော စကားမျိုးဖြင့် မလို သူများက တာဝန်ရှိ ပုဂ္ဂိုလ်ကြီးကို တင်ပြကြသည့် အတွက် ထိုစကားကို လက်ခံပြီး ထိုညွှန်ကြားချက် ပေးသည် ဟု ကြားရသည်။ ဘယ်လောက်မှန် သည် မသိပါ။ အကျိုးသက်ရောက် မှု ကတော့ မြန်မာစာပေ သင်ကြားရာ တွင် စာပေသမိုင်း ကွင်းဆက်တွေ ပြတ်ကုန်ခြင်း ဖြစ်သည်။ ထိုစဉ်က စကားပြေပြဋ္ဌာန်းလျှင် “သိပ္ပံမောင်ဝ” ထက် နောက်ဆုတ်၍ မရပါ။ ကဗျာ ပြဋ္ဌာန်းလျှင် “ငွေတာရီ” ထက် နောက်ဆုတ်၍ မရပါ။ ပြဋ္ဌာန်းသင့် သော စာရေးဆရာ အတော်များများ သက်ရှိထင်ရှား ရှိနေသေးသည်။ ကွယ်လွန်သူများ မှာလည်း အနှစ် ၂ဝ မပြည့်သေး။ သည်တော့ ထိုကိစ္စတွေ စီစဉ်ရသည့် မြန်မာစာ ဌာနမှ ပါမောက္ခနှင့် ဆရာ၊ ဆရာမများ ဒုက္ခရောက် ကြသည်။ ကျွန်တော် သိမီသလောက် ပါမောက္ခ ဦးမောင် မောင်ကြီး လက်ထက်မှ ပါမောက္ခ ဒေါ်စီစီဝင်း လက်ထက်အထိ ထို ပြဿနာကို ရင်ဆိုင်ရသည်။ ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းကျမှ တာဝန်ရှိ ပုဂ္ဂိုလ်က “ဆရာဇော်ဂျီတို့၊ ဆရာ မင်းသုဝဏ်တို့ ကဗျာတွေ မသင်ကြ ဘူးလား” ဟု စူးစမ်းသည့် စကားကို အကြောင်းပြုပြီး ပြဋ္ဌာန်းစာများကို ဖြည့်စွက် ပြဋ္ဌာန်းခဲ့ရပါသည်။

ပိတ်ပင် ကန့်သတ်မှုများတွင် “မြန်မာစာကို နိုင်ငံခြား သွားသင်ဖို့ လိုလို့လား” ဆိုသော တာဝန်ရှိ ပုဂ္ဂိုလ် ကြီး၏ စကားက မြန်မာစာ ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအခွင့် အလမ်းကို အကြီးအကျယ် ပိတ်ပင် ကန့်သတ်လိုက်သည့် အတွက် အလွန် ဆိုးပါသည်။ မြန်မာစာဌာနမှ ပညာ ရှင်များ နိုင်ငံခြားသို့ သွားရောက် သင်ကြားရန် လိုအပ်ခြင်းသည် နိုင်ငံ ခြားမှာ မြန်မာစာ သင်ယူရန် မဟုတ်ဘဲ ဘာသာစာပေဆိုင်ရာ သဘောတရား နည်းနာများကို သင်ယူရန်ဖြစ် ကြောင်း ပညာရှင်များ သိပါသည်။ သင်ယူလာသော သဘောတရား နည်းနာများဖြင့် မြန်မာဘာသာ မြန်မာစာပေကို တိုးတက်ခေတ်မီ အောင် ဆရာကြီး ဦးဖေမောင်တင် က စ၍ ဆရာ သိပ္ပံမောင်ဝ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ ဒေါက်တာထင်အောင်၊ ဆရာ ဒေါက်တာလှဘေ အစရှိသော ပညာရှင် များက သက်သေအထင် အရှား ပြပြီးဖြစ်သည်။ ယခုခေတ် တွင် Linguistics ဘာသာဗေဒ ပညာရပ်များ ထွန်းကားနေ ချိန်၌ မြန်မာစာ ပညာရှင်များ ထိုပညာရပ် များ၏ အကူအညီဖြင့် မြန်မာ ဘာသာစကားကို စနစ်တကျ လေ့လာပြီး ဖွံ့ဖြိုး တိုး တက်အောင် ဆောင် ရွက်စရာ များစွာ ရှိပါသည်။Literary theory and criticism စာပေ သဘောတရား၊ စာပေဝေဖန် ရေး ပညာရပ် များ ထွန်းကားနေချိန် ၌ မြန်မာစာ ပညာရှင်များ ထိုပညာ ရပ်များ၏ အကူအညီဖြင့် မြန်မာ စာပေကို စနစ်တကျ လေ့လာပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် စရာ များစွာ ရှိပါသည်။ ထိုပညာရှင် များကို လေ့လာနိုင်ရန် နိုင်ငံခြား တက္ကသိုလ်များသို့ သွားရောက် သင်ယူဖို့ လိုပါသည်။ မြန်မာစာ ပညာရှင်တွေ နိုင်ငံခြား သွားပြီး ဘာသာစာပေ သဘောရား နည်းနာ များ သင်ယူဖို့ မုချ လိုအပ်ပါသည်။

၁၉၈ဝ ပြည့်နှစ်ကျော် ကာလ က တာဝန်ရှိ ပုဂ္ဂိုလ်ကြီး၏ စကား တစ်ခွန်းကြောင့် မြန်မာဘာသာ စာပေ တိုးတက်ရာ တိုးတက်ကြောင်း အတွက် အခွင့်အလမ်းများ ရပ်တန့် သွားရခြင်း ဖြစ်သည်။

ယခု အချိန်တွင် ထိုအခွင့် အလမ်းများ ပွင့်တန်သလောက် ပြန်ပွင့်ပြီဟု ဆိုရပါလိမ့်မည်။ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလက ဂျာမနီမှ DAAD အစီအစဉ်ဖြင့် မြန်မာစာ ဌာနမှ ဆရာ၊ ဆရာမအချို့ ပညာ သွားသင်ပြီး ပါရဂူဘွဲ့ရလာသူများ ပင် ရှိပါသည်။ ပါရဂူ ဘွဲ့မရ ခဲ့စေကာ မူ မိမိ၏ပညာရပ်ကို ဖွံ့ဖြိုးအောင် မွမ်းမံရန် နည်းနာများရခဲ့ပါသည်။ နောက်ပိုင်းတွင် တက္ကသိုလ်ချင်း နားလည်မှု စာချွန်လွှာ MOU ရေးထိုးပြီး ဆရာချင်း၊ ကျောင်းသား ချင်း အပြန်အလှန် အလဲအလှယ် ပြု၍ ပညာရပ် ဖလှယ်မှုများနှင့် အတူ လေ့ လာရေး ခရီးများ၊ စာတမ်းဖတ်ပွဲ များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အပြန် အလှန် သွားရောက် သင်ကြားမှုများ ဆောင်ရွက်နေကြပြီ ဖြစ်ရာ ထို အခွင့်အလမ်းများ တိုး၍တိုး၍ ပွင့်လာရန်သာ လိုပါတော့သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*