ရန်ကုန်မြို့စောင့်

ရန်ကုန်မြို့စောင့်
February 3, 2017 Asian Fame
ရန်ကုန်မြို့စောင့်

Kyunitမြို့စောင့်သည် မိမိ၏ ရာထူးအရ ထမ်း ဆောင်ရသော တာဝန်တို့မှာ သဲသဲ ကွဲကွဲ၊ ပီပီပြင်ပြင် မရှိလှသဖြင့် စိတ် ပျက်နေခဲ့သည်က ကြာမြင့် လှပေပြီ။ မည်မျှကြာပြီနည်း ဟုဆိုသော် အလောင်းမင်းတရား ဦးအောင် ဇေယျက ရန်ကုန်မြို့ကို ၇ရက်တည်း နှင့် အပြီး တည်ဆောက် ခဲ့သော ၁၇၅၅ ခုနှစ် ကတည်းက ဖြစ်သည်။ ရန်ကုန်မြို့တည်၍ အပြီးမှာ သူ့ကို လည်း အထက် နတ်ပြည် ကက်ဘိနက် အဖွဲ့ က ရန်ကုန်မြို့ စောင့် ရာထူးခန့် အပ်လိုက်လေသည်။

“မြို့ကြီးတစ်မြို့ကို ၇ရက် တည်းနဲ့ အပြီး တည်ဆောက်တယ် ဆိုတာ မဖြစ်နိုင်ဘူး။ Rome was not built in a dayရောမမြို့ကြီးကို တစ်ရက် တည်းဖြင့် တည်ဆောက်ခဲ့ ခြင်းမဟုတ် လို့တောင် ဥရောပပညာ ရှင်တွေက ဆိုရိုးပြုခဲ့သေးတာပဲ” ဟု နှောင်းခေတ် သမိုင်း အဓိက ကျောင်း သားကလေး တစ်ယောက်က ရန်ကုန် မြို့စောင့်ကို စောဒက တက်သည်။ ရန်ကုန်မြို့စောင့်သည် အထက်ပါ စကားကို ကြားသော် ထောင်းခနဲ ဒေါသထွက်သွားသည်။

“မင်းတို့ နောက်ပေါက် ဗလနဲ့ လူမိုက်ကလေးတွေ တော်တော့်ကို အတွေးအခေါ် အားနည်းကြတာပဲ ကိုး။ အဆိုးဆုံးက ပြည်ပအားကိုး ပုဆိန် ရိုးဥာဉ်တွေ မပျောက်ကြတာ ပဲ။ တစ်ဆိတ်ရှိ အနောက်တိုင်း အဆို အမိန့်တွေကိုပဲ ကိုးကားနေ တယ်။ တကောင်း ပြည်ကြီးရဲ့ ရာဇဝင် ကိုမှ မလေ့လာဘဲကိုးကွ။ ကံရာဇာငယ်ဆိုတဲ့ မင်းသားဟာ ဘုရားစေတီ တစ်ဆူကိုတောင် ညတွင်းချင်း အပြီးတည်ခဲ့တာကွ”ဟု သမိုင်းကျောင်းသားကလေးကို ငါ့စကားနွားရ ပြောလိုက်လေသည်။

သမိုင်းကျောင်းသား ကလေး ကလည်း နှယ်နှယ်ရရ မဟုတ်ပေ။ ပုဂံ ရာဇဝင်ကို တုတ်ထမ်းပြော၊ ကုန်းဘောင် ရာဇဝင်ကို ဓားထမ်း ပြော၊ လွတ်လပ်ရေးခေတ် မြန်မာ နိုင်ငံတော်ကို (ဂျီသရီး) သေနတ် ထမ်း၍ ပြောလာသူဖြစ်သည်။

“ရန်ကုန်ကို ခုနစ်ရက်တည်း နဲ့ အပြီးတည်တယ် ဆိုတာ လုံးဝမဖြစ် နိုင်ဘူးဗျ။ ဒဂုံမြို့ဟောင်းကို ထုံး သုတ်ပြီး ရန်ကုန်လို့ သမုတ်လိုက် တာပဲဖြစ်ရမယ်” ဟု တုံးပေကတ် သတ် ငြင်းသည်။

“သယ် ဒီငမိုက်သား ဗာ လာနံ ကလေးတော့ မြို့တော်ကို အသရေ ဖျက်မှုနဲ့ မရှိတဲ့ပုဒ်မ တပ်ခံရချင်ပြီ မှတ်တယ်”

ရန်ကုန်မြို့စောင့်က ဥပဒေဖြင့် ခြိမ်းခြောက် လိုက်သော အခါ သမိုင်း ကျောင်းသားကလေးမှာ ကြောက် လန့် တုန်လှုပ်သွားပြီး

“ကျွန်တော် အရှုံးပေးပါတယ် မြို့စောင့်ကြီး။ ရန်ကုန်မြို့ကို ဘယ် သူက ဘယ်လောက် ကြာအောင် တည် တည် ကျွန်တော် ဂရုမစိုက် ပါဘူး။ ရန်ကုန် ဆိုတာ နေပြည်တော်မှ မဟုတ်တာက လားဗျာ။ ရန်ကုန်ဆို တာ ရန်တွေ ပုံနေတဲ့ ရန်တွေစုံတဲ့ အန္တရာယ် မြို့ကြီး၊ ရန် မကုန်သေးတဲ့ ရန်ကုန်ပါဗျို့”ဟု ကြောက်ကန်ကန် အော်ဟစ်ထွက်ပြေးသည်။

“ဗာလာနံ တိရစ္ဆာန်ကလေး” ဟု ရန်ကုန်မြို့စောင့်က ရေရွတ်လိုက် ပြီး တာဝန် ဝတ္တရားများ ထမ်းဆောင် ရန် ကြွမြန်းတော့မည် ဟု ခြေ လှမ်း အပြင်လိုက်မှာ “စီဗယ် အက် ဒဘိုက်ဇာ” ခေါ် မြို့ပြ အကြံပေးအရာ ရှိကြီး ပေါက်ချလာသည်။ ထိုသူမှာ အကြံပေး အရာရှိ ဆိုသော် လည်း ရန်ကုန်မြို့ စောင့်ကို ဘာအကြံမှ ပေး၍မရ။ ရန်ကုန်မြို့စောင့်က အမိန့်ချည်း တရစပ်ပေးနေသော ကြောင့်ဖြစ်သည်။

“ဘာတုံးကွ ..အက်ဒဘိုက် ဇာ”ဟု ရန်ကုန်မြို့စောင့်က အကြံ ပေး အရာရှိကို စူပွပွ အမူအရာဖြင့် မေးလိုက်သည်။
“မြို့စောင့်ကြီး ဒီအတိုင်းပဲ ကြည့်နေတော့မှာလား”
“ငါက ဘာကိုကြည့်နေရမှာလဲ”

“အခု ရန်ကုန်မှာ ဘတ်စ်ကား စီးရေ လျော့နေတဲ့ အတွက် ခရီးသည် တွေ အကျပ်အတည်း ဖြစ်နေပြီး မှတ်တိုင်တွေမှာ ခရီး သည်တွေ တောင် ပုံရာပုံ ဖြစ်နေတယ်။ ဘတ်စ်ကား တွေမှာ တိုးလိုး တွဲလောင်းတွေ ဖြစ် ကုန်တယ်။ အဲဒီပြဿနာကို”

“မပူပါနဲ့လကွာ ရန်ကုန်သူ ရန်ကုန်သားတွေက ဘတ်စ်ကား ကျပ်ကျပ်စီး ကြရမှ နေသာထိုင်သာ ရှိကြတာ။ ရုံး ဝန်ထမ်းတွေကလည်း ဘတ်စ်ကား စောင့်ရတာကို အကြောင်း ပြပြီး ရုံးကို နောက်ကျမှ ရောက် အောင် သွားတယ်။ ဘတ်စ်ကားကို အကြောင်းပြုပြီး ရုံးကနေ အစောကြီး ဆင်းတယ်။ ကဲ ဝန်ထမ်းတွေ အတွက် ဘယ်လောက် အဆင်ပြေသလဲ။ သူတို့တင် ဘယ်က လိမ့်မလဲ။ ဘတ်စ် ကားမှတ်တိုင် မှာ လူတွေ ကြိတ်ကြိတ် တိုးနေတော့ ခါးပိုက်နှိုက်တွေက လည်း စားပေါက် ချောင်ကုန်ကြတာ ပေါ့လကွာ..။

“မြို့စောင့်ကြီးက အဖျက်သမား အားပေးစကားပြောတာပဲဗျ”

ရန်ကုန်မြို့စောင့်လည်း မိမိကို တိုက်ရိုက် ဝေဖန် ရှုတ်ချ လာလျှင် ဆတ်ဆတ် ထိခံသူ မဟုတ်။ သူသုံးစွဲ နေကျ “အသရေဖျက်မှု ပုဒ်မ”ကို သာ ပြေးပြေးမြင်တတ်သည်။

“ဟဲ့ကောင် အာမခံမရတဲ့ ပုဒ်မ နဲ့ ထောင်ကြီးချုပ်ကို ရောက်သွား ချင်သလား။ လျှာမရှည်နဲ့။ ကိုယ့် အလုပ်ကိုယ် သွားလုပ်နေချေ”

ဖြစ်နေကျတိုင်းပင် မြို့ပြ အကြံ ပေး အရာရှိကြီးမှာ မိမိက အကြံမပေး ရဘဲ ရန်ကုန်မြို့စောင့်က အမိန့်ပေး သည်ကို သာနာခံလျက် ကုပ်ချောင်း ကုပ်ချောင်းကလေးနဲ့ ပြန်ထွက်သွား လေသည်။

“အလကား ဗာလာနံတွေ။ အပြောင်းအလဲ ကာလရဲ့ သဘောကို မသိဘူး။ စနစ်တစ်ခု စမ်းသပ်ချိန် မှာတော့ တွေ့ကြုံတတ်တဲ့ အခက် အခဲကို မသိဘူး။ ခုရေတွင်းတူး၊ ခု ရေကြည်သောက်ချင်တဲ့ အကောင် တွေ။ အစိုးရသစ် တက်တိုင်း အားလုံး ချက်ချင်းပြောင်းလဲ သွားမှာပဲလို့ ထင်ကြတယ်။ ငါ စောင့်ရှောက်နေရ တဲ့ ရန်ကုန်မြို့တော်ကြီး ပြောင်းလဲ သစ်လွင် သွားအောင် (ဥုံဖွ)ဆိုပြီး မန်းလိုက် မှုတ် လိုက်ရုံနဲ့ မရဘူး။ အချိန်ယူရတယ်။ ၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်မြန်မာ စစ်ပွဲ ဒုတိယ အကြိမ် ဖြစ်ပြီး ရန်ကုန်ဟာ အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကို ရောက်သွားတယ်။ လူဦးရေ သောင်းဂဏန်းသာ ရှိတဲ့ ရန်ကုန်ကို အင်္ဂလိပ် နယ်ချဲ့ အစိုးရ က ပြုပြင်တိုးချဲ့တာတောင် သုံး နှစ်လောက် ကြာတယ်။ အဲသည် တုန်းက ရန်ကုန်က လက်ဝါးအရွယ် အစားလောက်ပဲ ရှိတယ်ဆိုရင် အခု ရန်ကုန်က ဘောလုံးကွင်း တစ်ကွင်း စာလောက် ဖြစ်နေပြီ။ လူဦးရေက လည်း ၁ဝသန်း နီးပါးရှိနေတာ။ ဘတ်စ်ကားက ထောင်ဂဏန်း ပဲရှိ တယ်။ မြို့ပတ်ရထားက တစ်ဒါဇင် လောက်ပဲရှိတယ်။ သွားရလာရတာ ခက်ခဲတယ်၊ ကြန့်ကြာတယ် ထင်ရင် တက္ကစီ ငှားစီးကြပေါ့။ ရန်ကုန်မှာ တက္ကစီပေါင်း သောင်း နဲ့ချီပြီး ရှိနေ တယ်” စသည်ဖြင့် ရန်ကုန်မြို့စောင့် သည် တဗျစ် တောက်တောက် ရေ ရွတ် မြည်တမ်းလျက် ရှိသည်။

ထိုစဉ် ရန်ကုန်မြို့စောင့်၏ ညာ လက်ရုံး မြို့ပြ အင်ဂျင်နီယာ တစ် ယောက် အူယားဖားယား ပြေးချ လာသည်။
“ဟဲ့ကောင် ဘာကိစ္စတုံး”
“အထွေထွေ အကျပ်အတည်း (အဲ) ဟုတ်ပေါင် ဘတ်စ်ကား အကျပ်အတည်း ကိစ္စ ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ် တင်ပြစရာ ရှိလို့ပါ မြို့စောင့်ကြီး …..အကောင်းဆုံး ဖြေရှင်းနည်းပါ”
“ဆိုစမ်း”
“ရန်ကုန်မြို့လယ်ကောင် down town ငါးမြို့နယ် အတွင်းကို ဘတ်စ် ကားနဲ့ တက္ကစီတွေ ဝင်ခွင့် မပေးတော့ရင်၊ မြို့လယ်ကောင်မှာ ကားပိတ်တဲ့ ပြဿနာ ရှင်းသွားမယ်။ ပြည်သူလူ ထုလည်း လမ်းလျှောက်ရ လို့ အညောင်းအညာ ပြေပြီး ကျန်းမာ ရေးတွေ ပိုကောင်း လာမယ်။
မြို့ လယ်ကောင်မှာ လေထုညစ်ညမ်းမှု လည်း”

“တော်စမ်းကွာ၊ အခုတောင် တို့မီးရှို့မီး လုပ်ချင်တဲ့ ကောင်တွေက ချောင်းနေကြတာ။ မင်းအကြံပေး တာကိုသာ လက်ခံလိုက်ရင် ရာစု နဲ့ချီပြီး သက်တမ်း ရင့်လာခဲ့တဲ့ ငါ့ ရာထူးလည်း ရက်ပိုင်းအတွင်း နိဋ္ဌိတံ သွားမှာ ငါ့လူရဲ့ …သွားတော့ကွာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ နီတိ အတိုင်း ကိုယ့် ကုလားထိုင်မှာ အေး အေးကလေး ထိုင်ပြီး မသိချင်ယောင် ဆောင်နေလိုက်… ငါ့ကိုကြည့် မြို့စောင့်ဆိုတဲ့ အတိုင်း မြို့ ကို စောင့် ရုံပဲစောင့်ပြီး ဘာမှမလုပ်ဘဲ ငြိမ့်နေ တာ နှစ်သုံးရာ နီးနီး ရှိပြီ။ ကဲ သွား တော့ ငါ့လူ သွားတော့”

ရန်ကုန်မြို့စောင့် ညာလက်ရုံး လည်း ပါးနပ် လိမ္မာစွာနှင့် တက္ကစီ စီးကာ နေရပ် သို့ ပြန်သွားလေသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*