ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံက ရွှေသရဖီအငြိမ့်အဖွဲ့

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံက ရွှေသရဖီအငြိမ့်အဖွဲ့
January 26, 2017 Asian Fame
ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံက ရွှေသရဖီအငြိမ့်အဖွဲ့

shwe

ထိုင်းနိုင်ငံမှာ မြန်မာ့အနုပညာကို ထုတ်ဖော် ပြသနေလျက်ရှိတဲ့ အငြိမ့်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ဒီ အငြိမ့်အဖွဲ့ကတော့ ရွှေသရဖီအငြိမ့်ပဲဖြစ်ပြီး ရွှေ့ ပြောင်းအလုပ်သမား အယောက်၂ဝ နဲ့ အဖွဲ့ကို ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်လောက် ကတည်းက အိုးစည်၊ ဒိုးပတ်ဝိုင်းလေးတွေနဲ့ အလှူ မင်္ဂလာပွဲတွေ၊ ပျော်ပွဲရွှင်ပွဲများမှာ အခမဲ့ဖျော်ဖြေဖြစ် ခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်မှာတော့ ရွှေသရဖီဆိုတဲ့ နာမည်နဲ့ စတင်ပြီး အနုပညာ လှုပ်ရှားမှုတွေကို ပြု လုပ်ခဲ့ကြပါတယ်။ ရွှေသရဖီအငြိမ့်အဖွဲ့မှာတော့ မိုးမျှော် (မင်းတုန်း)၊ ဖြိုးဇော်၊ မိုးည၊ သိန်းဇော်တို့က လူရွှင်တော်အဖြစ် ကပြ နေပြီး အရံလူရွှင်တော်အဖြစ် ကပိယ ၊ မင်းသမီးများအဖြစ် ရှေ့ထွက်မင်းသမီး သူ ဇာမိုး၊ ခေါင်းဆောင်မင်းသမီး မျိုးသရဖီထွန်း၊ အရံ မင်းသမီးချောအိဖြူတို့က ကပြတင်ဆက်လျက်ရှိပါတယ်။

ရွှေသရဖီအငြိမ့်အဖွဲ့အနေနဲ့ အငြိမ့်ကို အဓိက ထားတင်ဆက်ကြပြီး ယိမ်း၊ ပြဇာတ်၊ နှစ်ပါးတို့ကိုလည်း တစ်ခါတလေ ကပြဖျော်ဖြေလေ့ရှိတယ်လို့ သိရပါ တယ်။ အခုလက်ရှိ အချိန်မှာတော့ ပွဲပေါင်း ၁၅ ပွဲ လောက်ရှိပြီဖြစ်ပြီး ထိုင်းအားကစားဝန်ကြီးဌာနာနှင့် ခရီးသွားလုပ်ငန်းအသင်းကြီးတို့မှ ကြီးမှူးကျင်းပတဲ့ အာဆီယံပွဲမှာ ရွှေသရဖီအငြိမ့်မှ ရုပ်သေး၊ အပျိုတော်၊ ကိုကြီးကျော် အကများဖြင့် ထိုင်းနိုင်ငံ ဖတ္တရာမြို့၊ ထိုင်းနိုင်ငံ အာယုဒ္ဓယမြို့တွင်ကပြဖျော်ဖြေခဲ့ပါတယ်။အဖွဲ့အနေနဲ့ မူလပထမကတော့ ပရဟိတအဖြစ်သာ ကပြဖို့မှန်းထားကြပေမယ့်လည်း အနုပညာကိုသင်ယူဖို့ ဆရာ ခေါ်ယူစရိတ်၊ အဝတ်အစားဝယ်ယူစရိတ်တွေရှိ တာကြောင့် ငွေကြေးနဲ့သာ ကပြဖို့ဖွဲ့စည်းခဲ့ကြောင်း အဆိုပါအငြိမ့်အဖွဲ့မှ မိုးမျှော် (မင်းတုန်း) က ပြော ပြပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပြတာက..

” ကျွန်တော်တို့အဖွဲ့မှာ အဖွဲ့သားအဝင်အထွက် ရှိပါတယ်။ တခြားနိုင်ငံကူးတာတို့၊ မြန်မာပြည် ပြန် တာတို့ရှိပါတယ်။ အဓိကတော့ မေတ္တာတရားကို အခြေခံပြီး ဖွဲ့စည်းထားပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ မြန်မာ့အနုပညာကို ချပြချင်တဲ့အပြင် တိုင်းတစ်ပါးရောက်နေတဲ့ ငါတို့လိုလူတွေကလည်း မြန်မာ့အနုပညာကို ချပြနိုင်တယ်ဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက် တွေပါပါတယ်” လို့ မိုးမျှော် (မင်းတုန်း) က ပြောပါတယ်။ ထိုင်းနိုင်ငံမှာရပ်တည်ရတဲ့ မြန်မာ အနုပညာအငြိမ့်အဖွဲ့တစ်ဖွဲ့ရဲ့ အခက်အခဲတွေကလည်း များစွာရှိလှပါတယ်။ အဲဒီအခက်အခဲတွေနဲ့ ပတ်သက် ပြီးတော့လည်း ..

” တအားခက်ခဲပါတယ်။ ဥပမာဆိုရင် ကျွန်တော့် ပတ်စ်ပို့တွေက ထိုင်းမှာအလုပ်ရုံလုပ်ဖို့အတွက်ပဲ ပါမစ် ရထားပြီး အခုလိုပွဲတွေကရင် အရေးယူခံရ နိုင်ပါတယ်။ နောက်တစ်ခုက ထိုင်းရောက် မြန်မာ့သဘင်က ထိုင်း မှာရှိတဲ့ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ပတ်စ်ပို့သက်တမ်းကုန်လို့ အိမ်ပြန်တာတို့၊ တခြားနိုင်ငံကူးတာတို့တွေရှိတဲ့အတွက် အဖွဲ့မှာ အဝင် အထွက်တွေရှိတာကြောင့် ပညာသင်အပိုင်းမှာ အများကြီးခက်ခဲရပါတယ်”လို့ မိုးမျှော် (မင်းတုန်း) က ပြော ပါတယ်။ သူတို့အငြိမ့်အဖွဲ့အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု၊ အသိအမှတ်ပြုမှုတွေကိုလည်း ရရှိနေပြီဖြစ်ပြီး ဝေဖန်မှု တွေကိုလည်း ခံရတယ်လို့ သိရပါတယ်။ တချို့ ပရိသတ် တွေအနေနဲ့ကလည်း ထိုင်းနိုင်ငံမှာ မြန်မာအငြိမ့်ပွဲ ကြည့် ရဖို့ဆိုတာ တအားခက်ခဲတဲ့အတွက် ဒီလို အငြိမ့်လေးရှိ နေတဲ့အတွက် အလွယ်တကူအားပေးလို့ ရတာပေါ့ဆိုတဲ့ စကားသံတွေကိုလည်း ကြားရပါကြောင်း သူကပြောပြပါ တယ်။ သူတို့ အငြိမ့်အဖွဲ့ကို မြန်မာအကနဲ့ လူရွှင်တော် ပညာရပ်တွေ သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပြောပြတာကတော့ …

” ပထမ အမေဒေါ်အေးအေးမော်နဲ့ မတွေ့ခင်ကတော့ ထိုင်းမှာ အကသင်ပြ ပေးနိုင်တဲ့ ဆရာတွေနဲ့ သင်ကြားခဲ့ပါ တယ်။ လူရွှင်တော်တွေကတော့ ပွဲအတွေ့အကြုံရှိတဲ့ လူရွှင်တော်တွေက ဦးဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ အမေ ဒေါ်အေးအေးမော်နဲ့တွေ့ပြီး အမေက ကျွန်တော်တို့ကို သံယောဇဉ်ဖြစ်တယ်။လေးစား တယ်။ ဒါနဲ့ အမေက ပညာတွေသင်ပေးတယ်။ ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ အကပိုင်း မှာတော့ အမေဒေါ်အေးအေးမော်ပဲ သင်ကြားပေးပြီး လူရွှင်တော်အပိုင်းမှာတော့ သီးလေးသီးအဖွဲ့ထဲက လူရွှင်တော်ကိုပန်းသီးက ပညာထပ်သင်ကြားပေးခဲ့ပါတယ်။ အခုလက်ရှိ ပြက်လုံးတွေ ရေးပေးနေ တာကတော့ အနုပညာ ဦးစီးက လူရွှင်တော်စတား ဝမ်းတူး၊ ထိုင်းနိုင်ငံရောက် လူရွှင်တော်ထားဝယ် ပေါက်ကျော်တို့က သင်ကြားပေးပါတယ်။ အမေ ဒေါ်အေးအေးမော်ရဲ့ ပံ့ပိုးမှုတွေမရှိရင် ဒီအခြေ အနေအထိ မရောက်နိုင်ပါဘူး။ ပြီးတော့ ဦးသျှန် ထွန်း (မြန်မာစာ) ကလည်း သီချင်းတွေ အခမဲ့ ရေးပေးပါတယ်” လို့ ပြောပြပါတယ်။ ရွှေသရဖီ အငြိမ့်အဖွဲ့အနေနဲ့ မြန်မာ- ထိုင်း ချစ်ကြည်ရေးပွဲမျိုး ကပြဖို့ စီစဉ်ခဲ့ပေမယ့် ထိုင်းဘုရင် နတ်ရွာစံထား တဲ့အတွက် ဒီပွဲတွေကို ရုပ်သိမ်းထားရပြီး ဘုန်းတော် ကြီးပွဲတွေမှာတော့ ကပြသွားမှာဖြစ်တယ်လို့ သိရပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*