ရန်ကုန်အိုပယ်

ရန်ကုန်အိုပယ်
January 24, 2017 Asian Fame
ရန်ကုန်အိုပယ်

qnick

ရန်ကုန်အိုပယ်သည် အပယ်ခံဘဝသို့ ရောက်ရှိသွားပြီး နောက် ဘာတာဝန်မှမရှိတော့သဖြင့် လွတ်လပ်မှုကို အပြည့်အဝခံစားကာ ကလေကလွင့်တစ်ယောက်ကဲ့သို့ ဟိုသွားဒီလာ အချိန်ဖြုန်းလျက်ရှိလေ သည်။ သူက သူ့ကိုယ်သူ ကဗျာဆန်ဆန် Stray- bird လေလွင့်ငှက်ငယ် (သို့မဟုတ်) ငှက်တေလေ ဟု ဂုဏ်ယူစွာ သမုတ်လိုက်သေး၏။ အထက်ပါ အင်္ဂလိပ်စာတန်းနှင့် မြန်မာစာလုံးပါသော တီရှပ်ကြီးကိုဝတ်ကာ လူကြားထဲမှာ ကိုးရိုးကားရား လျှောက်သွားနေပြန်သည်။

“နောင်ကြီးက လေလွင့်ငှက် ငယ်ဆိုတော့ မိုးကြိုးငှက်ငယ်အဖွဲ့လို အဆို၊ အကတွေ ဘာတွေရ သလား” ဟု ခပ်နောက်နောက် လူရှုပ်တစ်ယောက်က မေးရာ ရန်ကုန် အိုပယ်သည် သူ့ကိုအလှဖန်တီးရှင် တွေနှင့် မှားရက်လေခြင် ဟု ရှက်လည်းရှက်၊ ဒေါသလည်း ဖြစ်သွားသည်။ လူရှုပ်ကို ဆွဲထိုးတော့မလို ကြည့်လိုက်ကာ” အဆို၊ အကတော့ မရဘူး။ အထိုးအကြိတ်တော့ ရတယ်။ မင်း ရှေ့သွားတွေ တစ်ပြုံလုံးကျွတ်ထွက် မသွားချင်ရင် မင်းလစ်တော့” ဟု လက်သီးကိုမြှောက်ပြရင်း ရှက်ရမ်း ရမ်းလိုက်သည်။ ” အလကား ငတုံး၊ ငါ့လို အိုပယ်ကို ရိုသေလေးစားရ ကောင်းမှန်းမသိဘူး။ အိုပယ်ဆိုတာ နာမည်ဆိုးပေမယ့် အိုပယ်မှာ သမိုင်းရှိတယ်။ မအိုခင်က တိုင်းပြည် နဲ့ လူမျိုးအတွက် မနေမနား အကျိုး ဆောင်ခဲ့တဲ့ သမိုင်းမှတ်တမ်းရှိတယ်။ ငါက အိုနာကျိုးကန်းမှ မဟုတ်တာ။ ငါက အရည်ကျိုလည်းမဟုတ်ဘူး။ ငါက အိုပယ်..လွတ်လပ်တဲ့ အိုပယ်’ ဟုလည်း ရန်ကုန်အိုပယ်က မာနအတွေးဖြင့် ခြေဖျားထောက်မိ ပြန်သည်။

ရန်ကုန်အိုပယ်သည် လမ်းသလားနေရင်း လမ်းဘေးမှာ ကာလ ကြာရှည်စွာ ရပ်တန့်ထားရသဖြင့် သံချေးကိုက် ညစ်ပတ်၊ အဆင်းမလှ ရုပ်လုံးမပေါ်တော့သော ဟီးနိုး ဘတ်စ်ကားအဟောင်းကြီးတစ်စီးကို ကြည့်လိုက်သည်။ ‘သြော်.. အိုပယ် ကြီးပါလား” ဟု ရန်ကုန်အိုပယ်က နှုတ်ဆက်လိုက်ရာ ဟီးနိုးအဟောင်း ကြီးက “အိုပယ်ဘဝကနေ သံရည်ကျို စက်ရုံရောက်ပြီး အရည်ကျိုဘဝကို စုတေရတော့မှာပါ င့ါလူ။ ငါ့လူ ကော..အရည်ကျိုဘဝ ဘယ်တော့ ရောက်မှာတုံး” ဟု တုံ့ပြန် မေးခွန်းထုတ်သည်။

” ဟက်..ဟက်..ဟက် ရန်ကုန်အိုပယ်ဆိုတာ နာမည်သာ ဆိုးတာ ငါ့ကောင်ကြီးရဲ့။ တကယ့် တကယ်ကျတော့ တာဝန်မဲ့လွတ်လပ် ပေါ့ပါးနေတဲ့ ငှက်တေလေပဲ။ ငါ့ အင်္ကျီက ဒီဇိုင်းကိုကြည့်ပါလား” “ငရို့ အိုပယ်တွေကတော့ မနိပ်လှပါဘူး င့ါလူရာ။ လုပ်နိုင်ကိုင် နိုင်ကြတဲ့အရွယ်မှာ အစိုးရက မတရားဖိခိုင်းလိုက်၊ ပုဂ္ဂလိကလက်ထဲ ရောက်တော့လည်း ဖွတ်ဖွတ်ကြေအောင် နင်းခိုင်းခဲ့တာကွ။ ခိုင်းနေတဲ့အချိန်မှာ အာဟာရလည်း ဝအောင်မကျွေး၊ အနာရောဂါမကပ် ရောက်အောင် ကြိုတင်ကာကွယ်တာ မျိုးလည်းမရှိ၊ အားဆေးလည်းမသွင်း၊ အင်္ဂါအစိတ်အပိုင်းအသစ် အစား ထိုးပေးတာမျိုးလည်းမလုပ်နဲ့ ငွေဝယ် ကျွန်လို ပစ်စလက်ခတ် ထားခဲ့ကြ တာကလား။ ဒီတော့ ငရို့မှာ ရောဂါဝေဒနာ ၉၆ ပါးမကတော့ဘဲ ရောဂါ ဝေဒနာအမျိုးပေါင်း ၉၆ဝ လောက် နဲ့ ကားသင်္ချိုင်းကို ရောက်ရတော့မှာ။ ပြီးရင် အရည်ကျိုပေါ့လကွာ။ ဘယ် အစိုးရတက်တက်လူဟာလူပဲကွ။ များများခိုင်းပြီး အမြတ်များများရ အောင် လုပ်ချင်ကြတာချည်းပဲ။ အခိုင်းခံဘက်ကို စဉ်းစားပေးတာမျိုး မရှိဘူး” ရန်ကုန်အိုပယ်သည် ဟီးနိုး ဘတ်စ်အဟောင်းကြီး၏ ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး..

” ငါ့ကောင်ကြီး တော်တော့။ ပါးစပ်မဟနဲ့တော့။ အစိုးရဆိုတဲ့ စကားတစ်လုံးနဲ့တင် မင်းဒုက္ခများ သွားမယ်။ နိုင်ငံတော်အကြည်ညို ပျက်စေမှုဆိုတဲ့ ပုဒ်မကြီးက ဘယ် လောက်ကြောက်စရာကောင်းလဲဆို တာ မင်းအသိသားနဲ့။ နိုင်ငံတော် အစိုးရမပြောနဲ့၊ တိုင်းဒေသကြီး အစိုးရဆိုတာတောင် အလွန်အာဏာ ပြင်းတဲ့ ခေတ်ကြီးနော..မင်း စကားပြောရင် အစိုးရဆိုတာ မပါစေ နဲ့။ အန္တရာယ်ကြီးတယ်” ဟု သတိ ပေးလိုက်၏။ ဟီးနိုးဘတ်စ်ကား အဟောင်းကြီးက အရည်ကျိုဘဝ ရောက်တော့ မှာမို့ သေမထူး နေမထူးစိတ်ဝင်နေသည်။

” ဒီအစိုးရဟာ ပြည်သူလူထု တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရတွေ။ ပြည်သူလူထုဝေဖန်တာကို အရေထူထူနဲ့ ခံနိုင်ရမှာပေါ့။ ရန်ကုန်မှာ Traffic ပြဿနာဖြစ်နေ တာ ကိုယ်ပိုင်ကားတွေ မတရားများနေလို့ကွ။ အခုတော့ ငရို့ဘတ်စ်ကား အိုတွေကို ပြဿနာလှည့်ရှာပြီး အိုပယ်စာရင်းထဲ သွင်းပစ်တယ်။ ငရို့ကသာ နှစ်ပေါင်းများစွာ ပြည်သူ လူထုကို ခရီးသွားဝန်ဆောင်မှု အပြည့်ပေးခဲ့တာကွ။ ကိုယ်ပိုင်ကား လေးတွေဆိုတာ လူနည်းစုဇိမ်ခံ လောက်ဖို့ပဲအကျိုးပြုတာ။ ဒါကြောင့် ဇိမ်ခံကားလို့ခေါ်တာ။ ပြည်သူလူထု အများစုကြီးကို နိစ္စဓူဝ အကျိုးပြုနေ တာ ငရို့ဘတ်စ်ကား အစုတ်ကြီးတွေကွ။ ငရို့ဟာ အနေစုတ်ပေမယ့် ရွှေ ထုပ်တဲ့မြပဝါတွေပါကွာ..” အိုပယ် ဟီးနိုးဘတ်စ်ကားကြီး ခမျာ ပြောရင်းပြောရင်း စိတ်ထိခိုက်ဟန်ဖြင့် မျက်ရည်များရစ်ဝဲလာရှာသည်။

ရန်ကုန်အိုပယ်သည် သူ၏ ဆွေမျိုးသားချင်းလိုဖြစ်နေသော အိုပယ် ဟီးနိုးဘတ်စ်ကားကြီးကို ချော့မော့နှစ်သိမ့်ရပြန်လေသည်။ ” ဝမ်းမနည်းပါနဲ့ ငါ့ကောင်ကြီးရာ။ “မြေအုတ်တို့ပြိုလေရာ ကျောက် အုတ်တို့ဖြင့် အစားထိုးတည်ဆောက် အံ့”ြေ<ွကးကြော်သံကို မင်းအသိသားပဲ။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ လမ်းတွေတိုးချဲ့မယ်၊ ခုံးကျော်တံတား သာမကဘဲ မိုးပျံနှစ်ထပ်တံတား၊ သုံးထပ်တံတားတွေ ဆောက်မယ်။ သူဌေးနိုင်ငံတွေမှာလို နှစ်ထပ်ဘတ်စ်ကားကြီးတွေ ရောက်လာကြ လိမ့်မယ်။ ဇောတိကနိုင်ငံများက အတိုင်း တစ်နာရီမှာ မိုင် ၁ဝဝ ကျော်ပြေးတဲ့ ကျည်ဆန်ရထားတွေလည်း ပေါ်လာတော့မှာ။ မင်းတို့ ဘတ်စ်ကားတွေလည်း အချင်းချင်း အလုအယက် ခွက်စောင်းခုတ်ပြီး မမောင်းရအောင်၊ ဇိမ်ကျကျနဲ့ အေးအေးညောင်းညောင်း မောင်းလို့ ရအောင် စနစ်သစ်၊ စည်းကမ်းသစ်၊ ယဉ်ကျေးမှုအသစ်တွေ ပေါ်လာ တော့မှာ။ ဘာမှမပူနဲ့ ငါ့ကောင်ကြီး။ ဘာမှမပူနဲ့..” ရန်ကုန်အိုပယ်သည် သူ၏ မိတ်ဟောင်းဆွေဟောင်း အိုပယ်များ ကို တွေ့ဆုံရန် ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် အနီးသို့ ရောက်သွားသည်။

” ဟိုက်..မြို့မရွှေဂုံ တို့၊ သွင် တို့၊ ဆုထူးပန် တို့ ဘယ်ရောက်ကုန်ကြပါလိမ့်။ ဒီကောင်တွေက အရည်ကျိုဘဝတော့ မရောက်နိုင်ကြပါဘူး”” သူတို့က နတ်ပြည်ရောက်သွား ကြတော့မှာဗျ။ အဆင့်မြင့်ဟိုတယ် ကြီးတွေ ဖြစ်တော့မှာ” ဟု လမ်းဘေးတွင် စည်ပင်ခွင့်ပြုချက်ဖြင့် ထီးကလေးမိုး၍ ကွမ်းယာရောင်းနေသူတစ်ဦးက လှမ်းပြောသည်။ လမ်းဘေးကွမ်းယာသည်၏ စကားကို ကြားလိုက်တော့မှပင် ရန်ကုန်အိုပယ်၏ အသိဥာဏ်ထဲတွင် “အသိထူး” တစ်ရပ်က ဖျတ်ခနဲ လင်းထိန်စွာပေါ်ထွက်လာသည်။

” အိမ်း..လူအိုပယ်ဆိုရင် ဘိုးဘွားရိပ်သာရောက်ချင်ရောက်မယ်။ လမ်းဘေး ရောက်ချင်ရောက် မယ်။ လူနတ်တွေကျတော့ အိုပယ်စာရင်းဝင်ခဲ့ရင် လူ့ကမ္ဘာထဲက နတ်ပြည်မှာ စံစားခွင့်ရကုန်ကြတယ်။ သြော်..ရန်ကုန်မြို့လယ်ကောင်မှာ နတ်ပြည်အသစ်တွေ တစ်ခုပြီး တစ်ခုတိုးပွားနေပါရော့လား”ရန်ကုန်အိုပယ်သည် ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာရာ လူအိုကြီးတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိလေသည်။ ရန်ကုန်အိုပယ်က လဲကျသွားသော လူအိုကြီးကို ကမန်းကတန်းပြေးထူသည်။

” ဆောရီး အဘ..ဆောရီး။ အဘကကော အိုပယ်ပဲလား” ” ဘာအဘလဲ။ မင့်အဘွား ယောက်ျား အဘလား။ ငါ့ကို ဘယ် တော့မှ အဘလို့မခေါ်နဲ့။ အိုပယ် လို့လည်း မထင်နဲ့။ မအိုခင်ကတည်း က အပယ်ခံနေရတဲ့ အပယ်ခံစာရေးဆရာကွ မှတ်ထား” စာရေးဆရာတို့သည် ပစ္စည်းမဲ့ ဒေါသပေါက်ကွဲတတ်ကြမှန်းသိသော ရန်ကုန်အိုပယ်သည် အပယ်ခံ စာ ရေးဆရာကြီးအနီးမှ တစ်ချိုးတည်း သုတ်ခြေတင်လေတော့သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*