မြန်မာစာပါမောက္ခ ဦးဧမောင်နှင့်တပည့်များ

မြန်မာစာပါမောက္ခ ဦးဧမောင်နှင့်တပည့်များ
January 20, 2017 Asian Fame
မြန်မာစာပါမောက္ခ ဦးဧမောင်နှင့်တပည့်များ

PPL-MKM

ပါမောက္ခ ဦးဧမောင် (၁၉ဝ၅ – ၁၉၈၅) သည် ကျောင်းသား ဘဝကပင် ပညာထူးချွန်သော ပုဂ္ဂိုလ်ဖြစ်သည်။ ရန်ကုန်မြို့ အစိုးရ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်း (ရန်ကုန် ဟိုက်စကူး) တွင် ပညာဆည်းပူးစဉ် နဝမတန်းတွင် အင်္ဂလိပ်စာစီစာကုံးဆု၊ ဒသမတန်းတွင် ပြည်ထဲရေး ဝန်ကြီးဦးမေအောင်၏ဆု တို့ကို ချီးမြှင့်ခံရသည်။ ၁၉၂၅ ခုနှစ်တွင် ဒသမတန်းကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အပိုအင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာဆည်းပူးရာ ၁၉၂၉ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို ဒုတိယတန်း၊ ပထမအဆင့်မှ အောင် မြင်သည်။ ၁၉၂၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ချိန်ဝက် နည်းပြဆရာအဖြစ် အမှု ထမ်းရင်း မဟာဝိဇ္ဇာဂုဏ်ထူးတန်း တွင် ဆက်လက်ဆည်းပူးကာ ၁၉၃၁ ခုနှစ်တွင် ပထမတန်း ဂုဏ်ထူးဖြင့် အောင်မြင်သည်။ ၁၉၃၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှစ၍ ချိန်ပြည့် နည်းပြဆရာ၊ အထက်တန်း နည်း ပြဆရာ၊ လက်ထောက်ကထိကရာထူး များကို အဆင့်ဆင့်တိုးမြင့်ရရှိသည်။ ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလတွင် ရန် ကုန် တက္ကသိုလ် အရှေ့တိုင်း ပညာ ဌာနအောက်မှ မြန်မာစာဌာနကို သီးခြားခွဲလိုက်ရာတွင် ကထိကဌာန မှူး ဖြစ်လာသည်။ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာစာပါမောက္ခဖြစ်လာသည်။ ၁၉၆၂ ခု မေလ ၁ဝ ရက်နေ့တွင် မြန်မာစာ ပါမောက္ခအဖြစ်မှ အငြိမ်း စားယူသည်။ ဆရာကြီး ဦးဧမောင်၏ ပညာရေးနှင့် အမှုထမ်းပုံကို အကျဉ်းချုပ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆရာကြီးသည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် မွေ့နွန်းရကန်ကို တည်းဖြတ်သည်။ မြန်မာစာ ဌာနမှ ကထိကများအား ဆုတောင်း ခန်းပျို့၊ ပါရမီတော်ခန်းပျို့၊ နေမိဘုံ ခန်းပျို့၊ နေမိငရဲခန်းပျို့၊ စတုဓမ္မ သာရကိုးခန်းပျို့၊ ဘူရိဒတ်ဇာတ် ပေါင်းပျို့ဟူသော အင်းဝခေတ် ပျို့ ကြီးများကို တည်းဖြတ်ရန် တာဝန် ပေးပြီး အထွေထွေ တည်းဖြတ် အုပ်ချုပ်သူအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ကဗျာ့ပန်းကုံး၊ အနုစာပေကောက်နုတ်ချက်၊ အလယ်တန်း စကားပြေနှင့် ကဗျာ ကောက်နုတ်ချက်၊ အထက်တန်း စကားပြေနှင့် ကဗျာကောက်နုတ် ချက်၊ စစ်တက္ကသိုလ်သုံး စကားပြေ လက်ရွေးစင်တို့ကို ရွေးချယ် တည်းဖြတ်ခဲ့သည်။ စစ်တက္ကသိုလ်သုံး စကားပြေ လက်ရွေးစင်မှာ မူလက မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် တွင် သင်ကြားရန် ပြုစုပေးခဲ့ခြင်း ဖြစ်ပြီး နောင်အခါ တက္ကသိုလ်သုံး စကားပြေလက်ရွေးစင်အမည်ဖြင့် တက္ကသိုလ် ကောလိပ်များတွင်သင်ကြားရန် ပြဋ္ဌာန်းသည်။ ပုဂံ ကျောက်စာ လက်ရွေးစင်ကို ဖတ်ရှု စီစဉ်ထုတ်ဝေခဲ့သည်။

မြန်မာသတ်ပုံသမိုင်း အကျဉ်းချုပ်နှင့် စိန္တကျော်သူဦးသြ ၏ ကဝိလက္ခဏာ သတ်ပုံစာတမ်းA Short Survey of History of Burmese Literature စာတမ်း Some Place Name’s in Burma စာတမ်းတို့ကို ရေးသားပြုစုခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါးများရေးသားခဲ့ သည်။ စာပေရေးရာများကိုလည်း ဟောပြောခဲ့သည်။ ခေတ်စမ်းစာပေ လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ တက္ကသိုလ် မောင်သန့်စင်ဟူသော ကလောင်အမည် ထင်ရှားသည်။တစ်ချိန်က တက္ကသိုလ်ဝင်တန်းတွင် မြန်မာစာပြဋ္ဌာန်းစာအုပ်ဖြစ်သော “ကဗျာပန်းကုံး’ ကို ပြုစုသူ ဆရာကြီးက “ကဗျာမြိုင်တွင် ပေါ်လာဆန်းတယ်လို့၊ ညှာအခိုင် ယဉ်လျော်ရာပန်းကို၊ ကြော်ငြာကမ်းချင်လို့ ဆွတ်ခြွေသီ” အစချီ လေးချိုးကို စာအုပ်အမှာအဖြစ် ရေးဖွဲ့ခဲ့သည်။ စာရှုသူတို့အတွက် အသင့်ပေးဆက်သော ဤ “ကဗျာမာလာကုံး” ကို အမြတ်တနိုး ဆင်မြန်းကြရန် တိုက်တွန်းထားသည်။

ဆရာကြီးဦးဧမောင် ပါမောက္ခအဖြစ် ဆောင်ရွက်သည့် ကာလတွင် မြန်မာစာမဟာဝိဇ္ဇာတန်း၊ ဝိဇ္ဇာဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဇာ အရည်အချင်းစစ်၊ ဝိဇ္ဇာ အထွေထွေဂုဏ်ထူး တန်း အောင်မြင်သူစာရင်းကို ဆရာ ကြီးက စုစည်းမှတ်တမ်းတင်ထားရာ မြန်မာစာဌာန သမိုင်းအတွက်တန်ဖိုးရှိသော အထောက်အထားများ ဖြစ်ပါသည်။ (ဆရာကြီး၏ မှတ်တမ်း တွင် ထိုပုဂ္ဂိုလ်များ၏ နာမည်ရှေ့က “မောင်”၊ “မ” တပ်ကာ ဖော်ပြထားသော်လည်း ယခုဖော်ပြရာတွင် ဦး၊ ဒေါ်တပ်၍ ဖော်ပြပါသည်။)

မဟာဝိဇ္ဇာဘွဲ့ရသူများမှာ ၁၉၄၂ ခုတွင် ဦးမောင်မောင်ကြီး၊ ၁၉၄၉ ခုတွင် ဒေါ်သန်းဆွေ၊ ၁၉၅ဝ တွင် ဦးကျော်ရင်နှင့် ဦးလှမောင်၊ ၁၉၅၁ ခုတွင် ဒေါ်မြင့်သန်း၊ ၁၉၅၃ ခုတွင် ဒေါ်ခင်စော (၁) နှင့် ဦးတင်လှ၊ ၁၉၅၇ ခုတွင် ဦးဘသောင်းနှင့် ဦးတင်ဦး၊ ၁၉၆ဝ ခုတွင် ဦးတင်မောင်ဌေး၊ ဦးမြင့်ကြည်၊ ဦးဖိုးကျော်မြင့်၊ ဦးလှရွှေ၊ ဦးရွှေသွင်၊ ဒေါ်မြမြသန်း နှင့် ဦးစံတင်၊ ၁၉၆၁ ခုတွင် ဦးမြိုင်သန့်တို့ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များတွင် ဦးလှမောင်မှာ သာသနာ ရေးဌာနသို့ ပြောင်းရွှေ့ အမှုထမ်းပြီး ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီးနောက် နိုင်ငံတော်ကောင်စီဝင် ဖြစ်လာသည်။ ဦးတင်လှနှင့် ဦးတင်ဦးတို့မှာ တက္ကသိုလ်ဘာသာ ပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် စာတည်းများ ဖြစ်လာသည်။ ဦးဘသောင်းမှာ မောင်သုတ ကလောင်အမည်ရှင် ဗိုလ်မှူး ဘသောင်းဖြစ်သည်။ ကျန်ပုဂ္ဂိုလ် များမှာ မြန်မာစာဌာနများတွင် ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများ ဖြစ်လာပါသည်။ ဆရာ ဦးကျော်ရင်မှာ မန္တလေး ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သည်။ ဦးဖိုးကျော်မြင့်မှာ “မြန်စာဂုဏ်ကျော်မြင့်” ကလောင် အမည်ဖြင့် ထင်ရှားသည်။

ဆရာကြီး ဦးဧမောင်သည် ထိုပုဂ္ဂိုလ်များ မဟာဝိဇ္ဇာဘွဲ့အတွက် ပြုစုတင်သွင်းသော ကျမ်းအမည် များကိုလည်း မှတ်တမ်းတင်ထား သည်။ ဒေါ်သန်းဆွေက စိန္တကျော်သူ ဦးသြနှင့် သူ့စာပေ၊ ဦးကျော်ရင်က မြန်မာစကားပုံများ၊ ဦးလှမောင်က ရကန်သမိုင်း၊ ဒေါ်မြင့်သန်းက ရှင်မဟာရဋ္ဌသာရ ကဗျာများ၊ ဦးတင်လှက ရှေးဟောင်းပုဂံဝေါဟာရ များအကြောင်း၊ ဦးဘသောင်းက စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ဦးတင်ဦး က မြန်မာဧချင်း ကဗျာများ အကြောင်း၊ ဦးတင်မောင်ဌေးက ရခိုင်ယဉ်ကျေးမှုရေးရာများ၊ ဦးမြင့် ကြည်က မြန်မာ့တေးဂီတ အနုစာပေ သမိုင်း၊ ဦးဖိုးကျော်မြင့်က မေတ္တာစာ သမိုင်း၊ ဦးလှရွှေက စစ်သမိုင်းဝင် မြန်မာကဗျာများ၊ ဦးရွှေသွင်က အဲချင်းနှင့် အိုင်ချင်းသမိုင်း၊ ဒေါ်မြမြသန်းက မော်ကွန်းသမိုင်း၊ ဦးစံတင်က မြန်မာနန်းတွင်းဇာတ် တော်ကြီးသမိုင်း၊ ဦးမြိုင်သန့်က ရခိုင်ဘာသာသမိုင်းနှင့် ရခိုင်ဘာသာ စကားအဖွင့်တို့ ဖြစ်ကြောင်း သိရပါ သည်။ ဦးမောင်မောင်ကြီးနှင့် ဒေါ်ခင်စော (၁) မှာ ကျမ်းမပြုဘဲ စာမေးပွဲမေးခွန်းလွှာချည်း ဖြေသည့် စနစ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ယူခဲ့ကြောင်း ဆရာဦးလှရွှေက ပြောပြဖူးပါသည်။

ဆရာကြီး ဦးဧမောင် လက်ထက်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူး (B.A. Hons) နှင့် မဟာဝိဇ္ဇာ အရည်အချင်းစစ်စာမေးပွဲ (M.A. Qualifying) အောင်သူများ စာရင်း ကိုလည်း ပြုစုထားပါသည်။ ထိုစနစ်အရ ဥပစာတန်း (Intermediate) အပိုင်း (က) နှင့် (ခ) ကို ၂ နှစ်တက် ပြီး ဥပစာတန်းအောင်မြင်၍ သက်ဆိုင်ရာဘာသာတွင် အမှတ် အဆင့်မီလျှင် ပါမောက္ခ၏ခွင့်ပြုချက်ဖြင့် ဂုဏ်ထူးတန်းကို ၃ နှစ် ဆက်တက်ရသည်။ ဂုဏ်ထူးတန်းကို အနိမ့်ဆုံး ဒုတိယတန်း၊ ဒုတိယဆင့် (Second Class, Second Division) မှ အောင်လျှင် မဟာဝိဇ္ဇာတန်း ဆက်တက်ရန် အဆင့်မီသည်။ တတိယတန်း (Third Class) က အောင်လျှင် မဟာဝိဇ္ဇာတန်းတက်ရန် အဆင့်မမီပါ။ ဂုဏ်ထူးတန်းမတက် ခဲ့ရသော်လည်း ၄ နှစ်တက်၍ ရိုးရိုး ဘွဲ့ရသူများသည် အဆင့်မီလျှင် မဟာဝိဇ္ဇာ အရည်အချင်းစစ်တန်း ဆက်တက်ခွင့်ရှိသည်။ ၂ နှစ်တက်ရ သည်။ အောင်စာရင်းတွင် ထိုပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးတန်း အောင်သူများနှင့်အတူ ကြေညာသည်။

ဆရာကြီးလက်ထက် ဂုဏ်ထူးတန်း အောင်သူများမှာ ၁၉၄၂ ခုတွင် ဦးတင်လှ၊ ဦးသိန်းမြင့်၊ ဦးမောင်မောင်ခင်၊ ၁၉၄၇ ခုတွင် ဒေါ်သန်းဆွေ၊ ဦးတင်ဦး၊ ၁၉၄၉ ခုတွင် ဒေါ်မြင့်သန်း၊ ဒေါ်နုနု၊ ဦးÓဏ်စိုး၊ ဒေါ်တင်တင်မြင့်၊ ၁၉၅ဝ တွင် ဦးတင်အုံး၊ ၁၉၅၃ ခုတွင် ဦးမြင့်ကြည်၊ ဒေါ်ညွန့်ရီ၊ ၁၉၅၄ ခုတွင် ဦးတင်မောင်ဌေး၊ ဦးစိန် လွင်လေး၊ ၁၉၅၆ ခုတွင် ဦးရွှေသွင်၊ ၁၉၅၇ ခုတွင် ဦးဖိုး ကျော်မြင့်၊ ဦးစံတင်၊ ၁၉၅၈ ခုတွင် ဦးထွန်းတင့်၊ ဒေါ်လှ မြတ်၊ ဦးမျိုးဆွေ၊ ဒေါ်ခင်မေနွဲ့၊ ၁၉၅၉ ခုတွင် ဒေါ်ခင်စော (၂)၊ ၁၉၆ဝ ခုတွင် ဒေါ်ပို၊ ဒေါ်ခင်မြ၊ ဦးအောင်သိန်း၊ ဒေါ်တင်တင်မြင့်၊ ဦးနန္ဒ တို့ဖြစ်သည်။

မဟာဝိဇ္ဇာ အရည်အချင်းစစ်တန်း အောင်မြင် သူများမှာ ၁၉၄၈ ခုတွင် ဦးဘသောင်း၊ ၁၉၄၉ ခုတွင် ဦးကျော်ရင်၊ ၁၉၅၁ ခုတွင် ဒေါ်ခင်စော (၁)၊ ၁၉၅၇ ခုတွင် ဦးမြိုင်သန့်၊ ဒေါ်မြမြသန်း၊ ၁၉၅၈ ခုတွင် ဦးလှရွှေ၊ ၁၉၆ဝ ခုတွင် ဒေါ်သီသီထွတ်တို့ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဂုဏ်ထူးတန်း စနစ်ပြောင်းပြီး ၃ နှစ်မှ ၂ နှစ်သို့ လျှော့လိုက်သည်။ အထွေထွေ ဂုဏ်ထူး (General Hons) ဟုခေါ်သည်။ ထိုနှစ်က အထွေထွေ ဂုဏ်ထူးတန်း အောင်သူများမှာ ဦးဝင်းမွန်၊ ဒေါ်ယဉ်ယဉ် မြင့်၊ ဒေါ်ခင်ခင်အေး၊ ဦးတင်ခ၊ ဒေါ်မြဆွေ၊ ဒေါ်ခင် ချောချော၊ ဦးတိမ်ကြည်တို့ဖြစ်သည်။ ၁၉၆၁ ခုတွင် အောင်မြင်သူများမှာ ဦးဇော်မြင့်နှင့် ဒေါ်ခင်သောင်းယဉ် တို့ဖြစ်သည်။ ဦးဝင်းမွန်၊ ဦးတင်ခနှင့် ဦးဇော်မြင့်တို့ကို တက္ကသိုလ် ဝင်းမွန်၊ တက္ကသိုလ်တင်ခနှင့် ဇော်ဇော်အောင် ဟူ၍ စာပေလောကတွင် အများသိကြပါသည်။ ထိုပုဂ္ဂိုလ် အများစုမှာ ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများ ဖြစ်လာကြပါသည်။ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဧမောင် အနှစ် ၂ဝ အတွင်းမွေးထုတ်ပေးလိုက်သော မြန်မာစာ ပညာရှင်များသည် တက္ကသိုလ်မြန်မာစာ သင်ကြား ရေးတာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ကြပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*