ဂျစ်ကားလေး

ဂျစ်ကားလေး
January 10, 2017 Asian Fame
ဂျစ်ကားလေး

soebar

သောကြာနေ့ဆိုတော့ နေ့လယ်ပိုင်း ကျောင်းတက်ချိန်တွင် နောက်ဆုံး နှစ်ချိန်သည် ကာယအချိန်ဖြစ်သည်။ ကာယအချိန်မှာ ကျောင်းသား၊ ကျောင်း သူတွေ ကိုယ်စိတ်ဝင်စားတာကို လုပ်ခွင့်ရ သည်။ မိန်းကလေးတွေက အချုပ်အလုပ် ပန်းထိုးတာကိုလုပ်ကြသည်။ ထုပ်ဆီးတိုး ကစားကြသည်။ ကြက်တောင်ရိုက်ကြသည်။ ဖန်ခုန်တမ်းကစားကြသည်။ ယောက်ျား လေးတွေကျတော့ ဘောလုံးကန်ကြသည်။ကြက်တောင်ရိုက်ကြသည်။ ဘော်လီ ဘော ကစားကြသည်။ ဘောလုံးကန်သည့် ကလေး တွေက ပိုများသည်။ ဘောလုံးကန်ရတာကို ယောက်ျားလေးအတော်များများက စိတ်ဝင်စားကြသည်။ ထိုယောက်ျားကလေးများ ထဲတွင် ထူးထူးခြားခြား ထူးချွန်သော ကလေးမှာ တင်မောင် ဖြစ်သည်။ တင် မောင်က ကျောင်းစာထက် ဘောလုံးကို ပိုစိတ်ဝင်စားသည်။ ကျောင်းအားချိန် တစ်ချိန်လုံး ဘောလုံးတစ်လုံးနှင့် လေ့ကျင့်နေ လေ့ရှိသည်။ ကျောင်းဆင်းလျှင် ဘယ် တော့မှ အိမ်ကိုတန်းပြန်လေ့ မရှိဘဲ ကျောင်းဘောလုံးကွင်းတွင် ဘောလုံးကန်နေတတ်သည်။ အတူတူကစားမည့်သူရှိလျှင် သူတို့နှင့် ကစားမည်။ အတူတူကစားမည့် သူ မရှိလျှင်လည်း သူတစ်ယောက်တည်း မမောနိုင်မပန်းနိုင် ကွင်းလုံးပြည့် ကစား နေမည်။ အိမ်ပြန်နောက်ကျ၍ ခဏခဏ အရိုက်ခံရလည်း တင်မောင်ကတော့ ဘော လုံးကစားတာကို လျှော့မည့်သူ မဟုတ်ပေ။

ကျောင်းဘောလုံးပွဲများတွင် တင်မောင့် ကို လိုချင်သည့်ဘက်တွေက ပိုများသည်။ အလွတ်တန်း ကစားသည့်ပွဲဆိုလျှင် တင်မောင်ကို တစ်ယောက်အလိုက်ပေးပြီးတောင် ကစားကြသည်။ တင်မောင်ကလည်း တတိယ တန်း ရောက်နေသည့်တိုင်အောင် လူကောင်က ထွားမလာဘဲ ပုပုကျစ်ကျစ် ကလေးဖြစ်နေသည်။ သို့သော်လည်း ထို ပုပုကျစ်ကျစ်ကလေးကို မီအောင်ပြေးနိုင် ဖို့မှာ တော်ရုံနှင့်မရနိုင်။ တင်မောင်က လေ့ ကျင့်အားကောင်းတော့ ဘယ်လောက်ပြေး ပြေး အမောခံနိုင်သည်။အခြားကလေး တွေကတော့ တင်မောင်နှင့်ယှဉ်ပြီး ခဏ သာ လိုက်ပြေးနိုင်ကာ နောက်ပိုင်းမပြေး နိုင်တော့ ဖြတ်ပြီးခြေထိုးဖို့ကိုပဲ လုပ်ကြ ရတော့သည်။ တင်မောင့်ကိုဖြတ်ပြီး ခြေ ထိုးဖို့ဆိုတာကလည်း တကယ်တမ်းကျတော့ လွယ်လွယ်နှင့်မရနိုင်ပေ။ တင်မောင်က အလိမ်အခေါက်ကောင်းသလို လိမ်ခေါက် ပြီး ထွက်သွားတိုင်း ဘောလုံးက သူ့ခြေ ထောက်ထဲတွင် ကော်နှင့်ကပ်ထားသလို ပါ ပါသွားလေရာ တင်မောင်နောက်ကိုလိုက် ရသည် မှာ ခွေးရူးနောက်ကိုလိုက်ရသလို ဖြစ်ကျန်နေရတတ်သည်။ တင်မောင်က သူ့ ပြေးလမ်းကြောင်းထဲတွင် လူဘယ်နှယောက် ပဲရှိရှိ လိမ်ခေါက် ရှောင်ထွက်သွားနိုင်သည်။ သို့ဖြစ်၍လည်း တင်မောင်ကို ဂျစ်ကားလေး ဟုခေါ်ကြသည်။

” ဂျစ်ကားလေးနောက်ကို လိုက်ဖို့ မစဉ်းစားနဲ့၊ ဂျစ်ကားလေးကို ကိုယ့်အသင်းထဲရအောင်ခေါ်ဖို့သာ စဉ်းစား။ ဒီကောင်ပါရင် ငါတို့နိုင်ပြီကွ” ကစား ဖော်ကစားဖက်တွေသာမက ဆရာတွေက လည်း ဂျစ်ကားလေးကို အားထားရသည်။ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများတွင် ဂျစ်ကားလေးမှာ အမြဲတမ်း တိုက်စစ်မှူးဖြစ်သည်။ ” ဂျစ်ကားလေးကတော့ ပထမဦးစားပေးတိုက်စစ်မှူးပဲ။ သူနဲ့တွဲ ကစားမယ့်ကောင်ကိုပဲ ရွေးရမှာ။ ဂျစ်ကားလေးက ငါတို့ရဲ့ ဂိုးသွင်းစက်ပဲကွ” မူလတန်းကျောင်းပေါင်းစုံ ဘောလုံးပွဲများတွင် ဂျစ်ကားလေးတို့ ကျောင်းက အမြဲတမ်းဖလားရသည်။ ဂိုးအများဆုံးသွင်းသည့်ဆုကလည်း ဂျစ်ကားလေးအတွက်သာ ဖြစ်နေ တော့သည်။ ” ခက်တာက ဂျစ်ကားလေးက ကျောင်းစာညံ့နေတာပဲ။ သူ့ကို စာလုပ်ဖို့ ဘယ်လောက်ပြောပြော ခေါင်း သာညိတ်ပြီး ဒုံရင်းကဒုံရင်းပဲ။ ဒီကောင့်ကို ဘယ်လိုသင်ပေး ရမှန်းမသိဘူး။ စာမေးပွဲရှုံးရှုံးနေ တာကလည်း မကောင်းဘူး။ ကျောင်း သားက စာတော့ရမှ၊ တတ်မှဖြစ်မှာပဲ” “အဲဒါပြဿနာပဲဗျ။ သူ့အဖေနဲ့ အမေ ကလည်း စာမေးပွဲရှုံးရင် ကျောင်းထုတ်ပြီး လယ်ထဲထည့်မယ် ချည်းပြောနေတာ။ သူ့ကို ကျောင်းထားဖို့ကို သူ့မိဘတွေကို မနည်းစည်းရုံးထားရတာ”ဂျစ်ကားလေးကို စာကျက်ဖို့ ပြောမရတော့ စာမေးပွဲမှာ မေးမှာတွေကို ဆရာမတွေက ကြိုပြောထား ကြသည်။ ကြိုပြောထားတာ လောက်ကို တောင်ဂျစ်ကားလေးက ကျက်ရမှာပျင်းနေတော့ ဘောလုံးနှင့် သူ့ကိုပြန်ကိုင်ထားရသည်။

” တင်မောင် ၊ မင်းကို မင်းမိဘတွေက ကျောင်းပြန်ထုတ်သွားမှာစိုးလို့ ငါတို့က စာမေးပွဲအောင်အောင် လုပ်ပေးနေတာ။ ဒါလေးတောင် မင်းမကျက်ချင်ရင် မင်း ကျောင်းက ထွက်ရလိမ့်မယ်” ” ကျွန်တော် ဘောလုံးပဲကန်ချင်တာ။ စာမသင်ချင်ဘူး။ ကျောင်းမနေချင်ဘူး။ ကျောင်းနုတ်လည်း ထွက်လိုက်မှာပဲ။ စာကျက်ရတာ စိတ်မပါဘူးဆရာမ” “သားစာမကျက်လို့ ဘယ်ရမလဲသားရဲ့။ သားစာကျက်မှ၊ စာရမှ၊ စာမေးပွဲ အောင်မှ ကျောင်းဆက်တက်လို့ရမှာပေါ့ သားရဲ့။ ကျောင်းဆက်မတက်နိုင်ရင် သား ဘယ်မှာ ဘောလုံးကန်မှာလဲ။ လမ်းဘေး မှာပဲ ကန်နေရမှာပေါ့။ ကျောင်းတက်နေမှ ကျောင်းပေါင်းစုံပြိုင်ပွဲတွေမှာ သားဝင် ကန်လို့ရမယ်။ သားရဲ့အရည်အချင်းကို ပြလို့ရမှာပေါ့။ သားဘယ်လောက်တော်တော် ပြိုင်ပွဲမှာ မကန်ရရင်ဘာလုပ်မှာလဲ”

တင်မောင်မှာ ဆရာမက အကျိုး အကြောင်းပြပြောတာကို စိတ်ဝင်စားသွား ပြီး စာကျက်လာသည်။ ဘောလုံးကန်လေ့ ကျင့်တာကိုတော့ သူကမလျှော့ပေ။ ညည ဆိုလျှင် အိမ်စာလုပ်၊ မလုပ်ကို အဖေနှင့် အမေက စောင့်ကြည့်နေသော်လည်း သူတို့ ကိုယ်တိုင် စာမတတ်ကြလေတော့ စာ တကယ် လုပ်၊ မလုပ်၊ ကျက်၊ မကျက်ကို သူတို့မသိကြပေ။ တင်မောင်က စာတွေကို အော်ဟစ်ကျက်နေသော်လည်း ခေါင်းထဲ ရောက်မလာတာက များသည်။ အဖေ၊ အမေတို့ ကြားအောင်သာ အော်ကျက်နေခြင်း ဖြစ်သည်။ ဆရာမ၏စည်းရုံးမှု အောင်မြင် သည်ဟု ဆိုရပေမည်။ တင်မောင်မှာ စာမေး ပွဲအတွက် သူတစ်ယောက်တည်းကိုပေးထား သည့် စာတွေကိုတော့ရအောင် ကျက်လာ သည်။ စာမေးပွဲလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင် သည်။ စာကျက်တာကို အလေ့အကျင့်ရလာတော့ တင်မောင်မှာ စာကျက်ရတာကို အရင်ကလောက် မကြောက်တော့ဘဲ အောင်မှတ်ရအောင် ကျက်တတ်လာသည်။ တင်မောင်သည် မူလတန်းကို အောင် ပြီး အလယ်တန်းကို ရောက်လာတော့ အလယ်တန်းရှိရာ ကျောင်းကိုသွားတက်ရဖို့ ဖြစ်လာသည်။ အလယ်တန်းတက်ရမည်ဆို တော့ သကျက်တောရွာ အလယ်တန်း ကျောင်းဖြစ်ဖြစ်၊ ရေဖြူရွာ အလယ်တန်း ကျောင်းဖြစ်ဖြစ် တက်ရပေတော့မည်။ မိဘ တွေကတော့ တစ်ရွာတစ်ကျေးမှာ ကျောင်း သွားတက်ရမည့် သူတို့၏သားကို ကျောင်း ဆက်မထားချင်တော့ပေ။ မိဘတွေက ကျောင်းမထားချင်တော့မှ တင်မောင်က ကျောင်းဆက်တက်ချင်လာသည်။ ကျောင်း ဆက်တက်မှပဲ သူဘောလုံးကစားချင်တာ လည်း အဆင်ပြေမည်။ မူလတန်း လက် ရွေးစင်ကနေ အလယ်တန်း လက်ရွေးစင်၊ အထက်တန်းလက်ရွေးစင်ဖြစ်ချင်လာသည်။

” ဆရာ၊ ကျွန်တော်အလယ်တန်းလက်ရွေးစင်ဖြစ်ချင်တယ်။ကျောင်းလက်ရွေးစင်ကနေ မြို့နယ် လက်ရွေးစင်ဖြစ်ချင်တယ်။ မြို့နယ် လက်ရွေးစင်ကနေ တိုင်း လက်ရွေးစင်ဖြစ်ချင်တယ် ” ” မင်းအလယ်တန်းတက်ရင် ဒီမှာထက်ပိုကြိုးစားရမှာနော်။ ဒီမှာလို မင်းကို မေးခွန်းပေးမယ့်လူ ရှိမှာမဟုတ်ဘူး။ တကယ်ကျက်ပြီး တကယ်တတ်မှရမှာနော်”

ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် တင်မောင်၏မိဘတွေကို သွားပြောပေးရ သည်။ ဘုန်းကြီးကျောင်းမှာနေဖို့ကို လည်း စီစဉ်ပေးရသည်။ ဂျစ်ကားလေး မှာ သကျက်တော အလယ်တန်းကျောင်း ဘောလုံးအသင်းမှာလည်း နာမည်ရ လာသည်။ ကျောင်းလက်ရွေးစင် ထဲတွင် ၅ တန်းကနေ ဝင်ကစားသည့် ကျောင်းသားဟူ၍ တင်မောင် တစ်ယောက်သာ ရှိလေသည်။ အလယ်တန်း ကျောင်းမှာ လည်း သူ့ကို ဂျစ်ကားလေးဟု ပင် ခေါ်ကြလေသည်။ သို့ သော် ပြဿနာက တင်မောင် စာမလိုက်နိုင်တာပဲ ဖြစ် သည်။ အလယ်တန်းကျောင်း မှာကျတော့ သူ့ဘောလုံးစွမ်း ရည်ကို လိုချင်၍ စာမေးပွဲအောင် အောင် စီစဉ်ပေးတာမျိုး မရှိပေ။ စာမေးပွဲရှုံးသည်နှင့် သူ့မိဘတွေက ကျောင်းနုတ်သွားတော့သည်။ ကျောင်းက ထွက်လိုက်ရတော့ တင်မောင် ငိုလေသည်။ မိဘတွေကလည်း ဆရာ၊ ဆရာမတွေ ဝင်ရောက်ထောက်ခံတာကိုပင် မရပေ။ တင်မောင်မှာ ကျောင်းက ထွက်လိုက်ရ သော်လည်း ဘောလုံးကန်ခွင့်တော့ ရနေ သည်။ ရွာက ကလေးတွေနှင့် ကစားနေ ရတာကြာလာတော့ သူလည်း ပျင်းလာ သည်။ သူကသာ ခြေတက်လာသော်လည်း ရွာက ကလေးတွေက ခြေတက်မလာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရတာမျိုးမဟုတ် တော့ ကစားရတာ သူ့အတွက် အရသာ မရှိတော့ပေ။

တင်မောင်ကျောင်းကို အသည်း အသန် တက်ချင်လာသည်။မိဘကတော့ သူဘာပြောပြော သူ့ကို လယ်ထဲထည့်ပြီး သူလုပ်နိုင်တာကို ခိုင်းဖို့ကိုပဲ အာရုံထား တော့သည်။ တင်မောင်အကြီးအကျယ် နောင်တရနေသည်။ သူစာကြိုးစားခဲ့လျှင် စာလည်းတတ်မည်။ သူကစားချင်သည့် ဘောလုံးကိုလည်း ကစားရမည်။ အဆင့် တက်ပြီးကန်ရမည့် ဘောလုံးပွဲတွေကို ယှဉ် ပြိုင်ခွင့်ရမည်။ ဆရာ၊ ဆရာမတွေကလည်း ဂျစ်ကားလေးကို နှမြောကြသည်။ သူ့မိဘ တွေကို ဖျောင်းဖျပေးကြသော်လည်း သူ့ မိဘတွေက သူတို့သားကို ပညာတတ်အဖြစ် မျှော်လင့်ထားကြတာမဟုတ်ဘဲ တခြား မိဘတွေက သူတို့ကလေးတွေကို ကျောင်း ထားကြ၍သာ သူတို့လည်း ထားကြတာမျိုး ဖြစ်နေသည်။ ယင်းသို့ဖြင့် ဂျစ်ကားလေးသည် ဘောလုံးသမားလည်း ဖြစ်မလာတော့သလို ပညာတတ်လည်း ဖြစ်မလာတော့ဘဲ လယ် ထဲဆင်းကာ ကိုယ်နိုင်ရာ လုပ်ရင်းကနေ လယ်သမားကြီး ဖြစ်သွားရတော့သည်။ ဂျစ် ကားလေးမှာ လယ်သမားဖြစ်သွားတာကို လည်း ဝမ်းမနည်းပေ။ပညာတတ်ကြီး မဖြစ် ရတာကိုလည်း စိတ်မကောင်းမဖြစ်ပေ။ သူအမြဲ ပြောတတ်တာကတော့ နိုင်ငံ လက်ရွေးစင် ဘောလုံးသမားဖြစ် မလာရတာကိုပဲ ဖြစ်သည်။

” ငါကျောင်းဆက်တက်နေမယ် ဆိုရင် တိုင်းလက်ရွေးစင်သေချာ ဖြစ်မယ်ကွ။ နိုင်ငံ့လက်ရွေးစင်တောင် ဖြစ်အောင် ငါကြိုးစားလို့ရမှာကွ။စာတအားမတတ်လို့ ငါဘာမှမဖြစ်ဘူး။ ကျောင်းမတက်ရလည်း ဘာမှ မဖြစ်ဘူးကွာ” ထိုစကားကို အကြာကြီး လက်ကိုင် ထားသော တင်မောင်သည် သူ့သားကလေး မူလတန်း တက်လာရချိန် သူ့လိုပဲ ဘောလုံး ကန်တာ ဝါသနာပါလာချိန်မှာတော့ သူ့ အယူ အဆကို ပြောင်းလဲလိုက်သည်။

” သားလေး..အခု သားကို ဂျစ်ကား လေးလို့ခေါ်သလို ဟိုတုန်းက အဖေ့ကို လည်း ခေါ်ခဲ့ကြတာပဲ သား။ အဖေက ဘောလုံးကိုပဲကြိုးစားကစားခဲ့တော့ နောက် ဆုံး အဖေသိပ်ဖြစ်ချင်တဲ့ တိုင်းလက်ရွေးစင် လည်း ဖြစ်မလာဘူး။ အဖေတို့ခေတ်တုန်း က လက်ရွေးစင်တွေကို ကျောင်းတွေကပဲ မွေးထုတ်ပေးခဲ့ကြတာ။ သားကို အဖေပြော ချင်တာက တော်တဲ့လူဆိုတာ ဘာလုပ်လုပ် တော်အောင်လုပ်နိုင်ကြတယ်။ ဘောလုံး ကစားရင်လည်း ဘောလုံးမှာ တော်ရမယ်။ ပညာသင်ရင်လည်း ပညာမှာတော်ရမယ်သား” စီနီယာဂျစ်ကားလေးက ဂျူနီယာဂျစ် ကားလေးကို သူ့ဘဝနှင့်ရင်းကာ ရယူခဲ့ သော သင်ခန်းစာကို ပို့ချနေသည်။ ယခု အခါမှာတော့ စီနီယာဂျစ်ကားလေးမှာ ဂျူနီယာဂျစ်ကားလေးကို တော်ချင်သူသည် တော်အောင်ကြိုးစားဖို့လိုတာကို လက်ထပ် မကွာ သင်ကြားမွေးထုတ်ဖို့ ဆုံးဖြတ်ချက်ချ လိုက်ပြီဖြစ်သည်။

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*