မေတ္တာစိတ်ပွားများနိုင်တယ်ဆိုတာ အတ္တစိတ်ကို လွှမ်းခြုံနိုင်တဲ့သဘောပဲ ဖြစ်ပါတယ်

မေတ္တာစိတ်ပွားများနိုင်တယ်ဆိုတာ အတ္တစိတ်ကို လွှမ်းခြုံနိုင်တဲ့သဘောပဲ ဖြစ်ပါတယ်
December 28, 2016 Asian Fame
မေတ္တာစိတ်ပွားများနိုင်တယ်ဆိုတာ အတ္တစိတ်ကို လွှမ်းခြုံနိုင်တဲ့သဘောပဲ ဖြစ်ပါတယ်

daw-su

အတ္တစိတ်ကို အနိုင်ယူလိုက်ခြင်း

ကင်းထောက်အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ အမြဲတမ်း အဆင်သင့် ဖြစ်နေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဘဝမှာ ဘာစိန်ခေါ်မှုတွေပဲ ပေါ်လာပေါ်လာ အဆင်သင့် ရင်ဆိုင်နိုင် ဖို့ ဖြစ်ပါတယ်။ ဘဝမှာ စိန်ခေါ်မှု တွေ ပေါ်လာတဲ့ အခါမှာ ရင်ဆိုင် နိုင်ဖို့နည်းအမျိုးမျိုးရှိပါတယ်။ နည်း မှန်လမ်းမှန် ရွေးနိုင်ဖို့ကလည်း အဓိက ကျပါတယ်။ ရင်ဆိုင်ရမယ့် ကိစ္စ တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ရင်ဆိုင်ခဲ့လို့ ရှိရင် ကျွန်မတို့ အကျိုး အတွက်လည်း ဖြစ်သလို ကျွန်မတို့ အသိုင်းအဝိုင်းအတွက် အကျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အစုအဖွဲ့နဲ့ လုပ်တယ်ဆိုတာက တစ်နည်းအားဖြင့် အတ္တစိတ်ကို အနိုင်ယူလိုက်ခြင်း ဖြစ်ပါတယ်။

လူသားဖြစ်လာမှ အတ္တဆိုတာ မကင်းနိုင်ပါဘူး။ ကျွန်မတို့ အားလုံး ရှိကြတာပါပဲ။ ဒါပေမဲ့ အတိုင်း အတာ တစ်ခုအထိတော့ ထိန်းထား နိုင်ဖို့ လိုပါတယ်။ တစ်ချို့ဒေါသရဲ့ ဆန့်ကျင် ဘက်က မေတ္တာလို့မြင်ကြပါတယ်။ ဒါပေမဲ့ ကျွန်မမြင်တာကတော့ မေတ္တာဆိုတာ အတ္တရဲ့ဆန့်ကျင် ဘက်ပါ။ မေတ္တာဆိုတာ အများ အတွက်တွေးပြီးကိုယ်လုပ်တဲ့ ကောင်းမှုတွေကို မျှချင်တဲ့ စိတ်ပါ။အဲဒီတော့ ကျွန်မတို့ ကင်းထောက် မောင်မယ်တွေက အတူတစ်ကွ ကင်း ထောက် လုပ်ငန်းတွေ လုပ်ရင်းနဲ့ မေတ္တာစိတ်ပွားများ နိုင်တယ်ဆိုတာ အတ္တစိတ်ကို လွှမ်းခြုံနိုင်တဲ့ သဘော ပဲဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး အတွက် လုပ်နေတယ် ဆိုတာအားလုံးသိပြီးသားပါ။

အားလုံးကခေါင်းဆောင်တွေချည်းပဲဆို
ဘယ်သူက နောက်လိုက်မှာလဲ

ကျွန်မတို့ နိုင်ငံမှာရောတစ် ကမ္ဘာလုံးမှာရော လူငယ်တွေအတွက် သင်တန်းတွေရှိတဲ့ အထဲမှာ တော်တော်များများက ခေါင်းဆောင် ဖြစ်မြောက်ရေးသင်တန်းကိုပဲ ဦးတည် တယ်။ ခေါင်းဆောင် အရည်အချင်း မြှင့်သင်တန်း၊ ခေါင်းဆောင် ဘယ်လို လုပ်ရလဲ သင်တန်း၊ အဲဒီတော့ နောက်လိုက်တွေ အတွက်ကကော ဘယ်လိုလဲ၊ အားလုံးက ခေါင်းဆောင် တွေချည်းပဲဆို ဘယ်သူက နောက်လိုက်မှာလဲ၊ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ မဟုတ်ဘဲနဲ့ ပူးတွဲ ပေါင်းစည်းပြီး လုပ်ဆောင်ဖို့ ဆိုတဲ့ စိတ်ဓာတ်ကို အားပေးတယ်။

မှန်ကန်တဲ့ ရဲဘော်ရဲဘက် စိတ်မွေးကြပါ

အေးအတူပူအမျှ ခံစရာရှိရင်လည်း တူတူခံမယ်။ ကူစရာရှိရင် လည်း အားလုံးဝိုင်းကူမယ်။ ပံ့ပိုးမယ် ဒါဟာ ရဲဘော်ရဲဘက်စိတ်ပါ။ ရဲဘော်ရဲဘက် စိတ်နဲ့ သွေးရင်းသား ရင်း အပေါ်မှာ နီးစပ်တဲ့စိတ် ဘာ ကွာလဲဆိုတော့ အတ္တနည်းတာ ကွာတယ်။ ငါ့မိသားစု၊ ငါ့မောင်နှမ၊ ငါ့သား ငါ့သမီးဆိုတဲ့ ငါကအမြဲပါနေ တယ်။ အဲဒါက အတ္တ။ ကျွန်မတို့ ရဲဘော်ရဲဘက်စိတ်မှာ ငါတို့အတူ၊ ငါ တို့ရဲဘော်ရဲဘက်တွေဆိုတဲ့ စိတ် ဓာတ်ဖြစ်တဲ့အတွက် ငါတို့ဆိုတဲ့ အဖွဲ့အစည်းစိတ်ဓာတ် ပါပါတယ်။ ဒါကြောင့်ကျွန်မတို့ ကင်းထောက် မောင်မယ်များဟာ အဖွဲ့အစည်း စိတ် ဓာတ်လေ့ကျင့်ပိုင်ခွင့်ရှိတာကို အခွင့်အရေးယူပြီးတော့ ကိုယ့် ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ နိုင်ငံ အတွက် မှန်ကန်တဲ့ ရဲဘော်ရဲဘက် စိတ်မွေး ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

ကင်းထောက်များဟာ အရည်အချင်း ပြည့်ဝတယ်

အနာဂတ်ကို ရှေးရှုပြီး သွားစေချင်တယ်ဆိုတဲ့နေရာမှာ ကျွန်မ ပေါ့ပေါ့တန်တန်ပြောတာမဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ကင်းထောက် အဖွဲ့ကမိတ်ဆွေတွေ ဟာ အရင်တုန်းက ကျွန်မတို့ထဲက ကင်း ထောက်မောင်မယ် တစ် ယောက် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့ စည်းစည်းလုံးလုံးနေခဲ့တဲ့ စိတ်ဓာတ် တွေဟာ အခုထိရှင်သန် နေဆဲလို့ ကျွန်မမြင်ရပါတယ်။ ကင်းထောက်များဟာ အရည်အချင်း ပြည့်ဝတယ်။ ကင်းထောက်များဟာ ကိုယ့်ရဲ့ကင်း ထောက်ကျင့်ဝတ်တွေကိုလိုက်နာ
ရတယ်။

ဒေါ်အောင်ဆန်းစုကြည်
(မြန်မာကင်းထောက် ရာပြည့်ပွဲတွင် ပြောကြားခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်းမှ ကောက် နုတ်ချက်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*