ပြန်လွမ်းမိတဲ့ အော်သံ

ပြန်လွမ်းမိတဲ့ အော်သံ
December 27, 2016 Asian Fame
ပြန်လွမ်းမိတဲ့ အော်သံ

sawb

ဒီအဖြစ်အပျက်မတိုင်မီ ဇာတ်လမ်းအကျဉ်း

အိမ်ရှင် “ဘိုကေ” အသက် ၅ဝ၊ အိမ်ငှား “ဦးဘသင်” အသက် ၆ဝကျော်၊ ဦးဘသင်က ဘိုကေအိမ် အောက်ထပ် အိမ်ငှားပြီးကျူရှင်ဖွင့်။ ပြီးတော့ လူကိုယ်တိုင် ဘိုကေ့ အောက်ထပ်နေ၊ ဘိုကေ မိဘများ လက်ထက်ကတည်းက ဦးဘသင် ငှားပြီးနေခဲ့တာ။ အိမ်ငှားနေသက်က အနှစ်သုံးဆယ်ကျော် လေးဆယ် နီးပါးရှိပြီ။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ခေတ်ပြောင်းလာပေမယ့် ဦးဘသင်က အိမ်လခ တိုးမပေးခဲ့။ ဘိုကေတိုး တောင်းပေမယ့်မရ။ ဒါနဲ့ ရပ်ကွက် လူကြီးတိုင်လိုက်တယ်။ ရပ်ကွက် လူကြီးက ဦးဘသင်ရဲ့တပည့်။ ဦး ဘသင်ဘက်က ဘက်လိုက်။ ရပ်ကွက် လူကြီးအကြောင်းပြတာက ဦးဘသင် ဟာ ပညာရေးလုပ်နေသူ ဖြစ်တယ်။ ကုသိုလ်အလုပ်လည်းဖြစ်၊ ရိုးရိုးသား သား လုပ်ကိုင်စားတာမို့ အိမ်လခတိုး မယူသင့်ဘူး ပြောတယ်။ ဒါလောက်နဲ့ ရပ်ကွက်လူကြီးက အားမရသေးဘဲ ပညာရေးဖြန့်ဝေမှု အလုပ်ဟာ ဘိန်း ခန်းထောင်စားတာ မဟုတ်ဘူး။ ပြည့်တန်ဆာအလုပ် လုပ်ကိုင်တာ လည်း မဟုတ်၊ ဘာညာပေါ့။ ရပ် ကွက်လူကြီး သူ့ဘက်က အခိုင်အမာ ရပ်ပေးနေတော့ ဦးဘသင်က ဘိုကေ ကို ဂရုမစိုက်။ အပေါ်စီးရတဲ့ ဦး ဘသင်ကလည်း အပေါ်စီးရတာ တောင် အေးအေးမနေ။ စာသင်ရင်း ဘိုကေကို ကလိတယ်။ ကျောင်းသင် ရိုးထဲ မပါတော့တဲ့ ကုဋေရှစ်ဆယ် သူဌေးသားအကြောင်းနဲ့ ဘိုကေကို စောင်းတယ်။

ကလေးတွေကို စာ သင်ရင်း စောင်းတာ။ ဘိုကေက လည်း ကုဋေရှစ်ဆယ် သူဌေးသား လို မိဘအမွေကို ထိုင်စားနေသူ။ ဘာစီးပွားရေးမှမလုပ်ဘူး။ အပေါင်း အသင်းကလည်း နည်းတယ်။ ဘိုကေ့ မှာ အပေါင်းအသင်းဆိုလို့ အောင် စည်တော်ဆိုတဲ့ အကောင်ပဲရှိတယ်။ အောင်စည်တော်ကလည်း လူပျင်း။ တယောလေးတအီအီနဲ့ ဘာအလုပ်မှ မလုပ်ဘူး။ ဒါပေမဲ့ အောင်စည်တော် က စာအတော်ဖတ်တဲ့ကောင်။ ဘိုကေ အောင်စည်တော်နဲ့ တိုင်ပင် တယ်။ ကူညီဖို့ပေါ့။ ပြီးတော့ ရပ် ကွက်လူကြီး ပြောတာတွေလည်း အောင်စည်တော်ကို ပြောပြတယ်။ ဘာတွေလဲဆိုတော့ ပညာရေးဆို တာ ကုသိုလ်လုပ်ငန်း၊ ရိုးသားစွာ လုပ်စားတဲ့ သမ္မာအာဇီဝ၊ ဘိန်းခန်း ဖွင့်တာမဟုတ်ဘူး၊ ဖာခန်းဖွင့်တာ မဟုတ်ဘူး ဘာညာပေါ့။ ဒါလောက် ပြောရုံနဲ့ အောင်စည်တော်က ပြော တယ်။ “ရပြီ..ဘိုကေ..”လို့။ ဒီ တော့ ချက်ချင်းပဲ သူတို့အစီအစဉ် ဆွဲကြတယ်။ အိမ်လခ တိုးတောင်းလို့ မရရင် သူတို့ နှစ်ယောက်ပေါင်းပြီး ဘိုကေ့ အိမ်အပေါ်မှာ ရပ်ကွက်လူ ကြီး ပြောတဲ့ သမ္မာအာဇီဝ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်ကြဖို့ ဆုံးဖြတ် တယ်။ သူတို့လုပ်ငန်းက သံပုံး လုပ် ငန်းပေါ့။ သံပုံးရိုက်စားတယ် ဆိုတာ လည်း သမ္မာအာဇီဝထဲ ပါနေတာပဲ လေ။ ဒီလိုနဲ့ အောက်ထပ်မှာ ဦးဘသင်ရဲ့ ကျူရှင်၊ အပေါ်ထပ်မှာ ဘိုကေရဲ့ သံပုံးလုပ်ငန်း လုပ်မယ်ဆို တော့ လုပ်ငန်းနာမည်လိုလာပြီ။ ဒီ တော့ အောင်စည်တော်ပဲ လုပ်ငန်း နာမည်ပေးလိုက်တယ်။ “ဆွဲခန့် သံပုံးလုပ်ငန်း” တဲ့။ ဆွဲခန့်ဆိုတာ ဦးဘသင်ကို တိုက်ရိုက် “ဖိုက်” တာပါ။ ဦးဘသင်က ဆွဲခန့် မူလတန်း ကျောင်းအုပ်ဟောင်း။ ရပ်ကွက်ထဲက လူတွေကလည်း ဦးဘသင်ကို ကွယ် ရာမှာ “ဆွဲခန့်ကြီး … ဆွဲခန့်ကြီး” နဲ့ ခေါ်ကြတာ သူတို့ နှစ်ယောက် ဒီ လိုကြိတ်ကြံနေတာကိုလည်း ဦးဘသင် မသိရှာဘူး။

အော်သံ သို့မဟုတ် သေနင်္ဂ အော်သံ

ဒီနေ့ ဦးဘသင် အောင်စည် တော်ကို အတော်မျက်စိ နောက် နေပြီ။ အောင်စည်တော်ကလည်း ဦးဘသင်ရဲ့ စာသင်ခန်းထဲဖြတ်ဖြတ် ပြီး အပေါ်တက်လိုက်၊ အောက်ဆင်း လိုက် လုပ်နေတာ အကြိမ်ကြိမ်။ ပြီးတော့ သံထည်ပစ္စည်းတွေ တစ် ပွေ့တစ်ပိုက်နဲ့ ဦးဘသင် မနေနိုင်တော့မေးရော။

“ဟဲ့..မောင် အောင်စည် တော် မင်းတို့က ဘာလုပ်မလို့လဲ” မေးတော့ အောင် စည် တော်က ခပ် အေးအေး ပြန်ဖြေတယ်။

” ကျွန်တော်တို့ အပျော်တမ်း တူရိယာအဖွဲ့ ထောင် မလို့ပါဆရာကြီး”

ဦးဘသင် ဒေါသဖြစ် သွားတယ်။ ဘယ်နှယ့် အပျော်တမ်း တူရိယာက ပီပါဟောင်းတွေ၊ သံပြားလိပ်တွေ၊ သံတန်းတွေနဲ့ သံတို သံစတွေအပြည့်ပါတဲ့ သွပ်ပုံးကြီး တွေ။ ဒါတွေက တူရိယာအဖွဲ့နဲ့ ဘာ ဆိုင်လို့တုံး။ ဒါသက်သက်မဲ့ အကြံ အစည်တစ်ခုခုရှိလို့နေမှာ။ပြော နေတုန်း အောင်စည်တော်အပေါ် ထပ်က ပြေးဆင်းလာပြီး အပြင်ထွက် လာတော့ နှစ်ပေလောက်ရှိတဲ့ မီး ရထားသံလမ်းပြတ်ကြီး ပခုံးနဲ့ထမ်း ပြီး စာသင်ခန်းထဲ ဖြတ်ပြေးဝင် လာပြန်ရော။ ပါးစပ်ကလည်း ” ဖယ် .. ဖယ်” နဲ့အော်ရင်း၊ ဒီလိုနဲ့ အောင်စည်တော် အပေါ်ထပ် တက် သွားလိုက်တာ ညထိပြန်ဆင်းမလာ ဘူး။ ဦးဘသင်ကလည်း အောင်စည် တော်ပြန်မှ တိုက်တံခါးပိတ်လို့ရမှာမို့ ထိုင်စောင့်နေရတယ်။ ကြာတော့ စောင့်ရတာ ပျင်းလာတယ်။ ခါတိုင်း လို တစ်ခွက်တစ်ဖလားချပြီး စောင့် တော့မယ်ဆိုပြီး ဦးဘသင် “ချ”ပါတယ်။ အောင်စည်တော် ၁ဝနာရီလည်း ဆင်းမလာ။ ၁၁ နာရီလည်း ဆင်းမလာဆိုတော့ ဦးဘသင်လည်း စောင့်ရင်းချရင်း “များ” လာတယ်။ အဲ ၁၂ နာရီကျော်ကျော်မှာ အပေါ် ထပ်က တယောသံလေး ပျံ့လွင့်လာတယ်။ တယောသံကလည်း အတော်ညက်တာ။ ဦးဘသင် တွေးတယ်။ ဒါဘိုကေ့ လက်သံမဖြစ်နိုင်ဘူး။ အောင်စည်တော်နေမှာ ဦးဘသင် တယောသံထဲ မျော .. မျော.. မျော..

” ဝုန်း “

ဗုံးခွဲလိုက်သလောက် အသံကျယ်တယ်။ ဦးဘသင် လန့်ပြီးထခုန်။ ဝုန်းဆိုတဲ့ အသံကြီးထွက်ပြီး နောက်ဘာအသံမှ ထပ်မကြား ရဘူး။ ငြိမ်သွားတယ်။ လုံးဝ ငြိမ် သွားတယ်။ ခဏကြာတော့ တယော သံချွဲချွဲက ပြန်ချွဲပြန်ရော။ ဦးဘသင်လည်း ခုနက ဝုန်းဆိုတဲ့ အသံက မတော်တဆဖြစ်မှာဆိုပြီး တယောသံထဲ ပြန်ပါသွားတယ်။ ငြိမ်သက်ပြီး နာရီဝက်လောက် အကြာမှာ

” ဝုန်း “

ဦးဘသင် သဘောပေါက်သွားပြီ ဒီကောင်တွေ စနစ်တကျလုပ်နေတာကို။ အောင်စည်တော်က တယော နဲ့ချွဲလိုက် ဘိုကေခုတင်ပေါ်တင် ထားတဲ့ မီးရထား သံလမ်းပြတ် ကန်ချလိုက်လုပ်နေတာ ဖြစ်ရမယ်လို့ ဦးဘသင် တွေးလို့ရပါတယ်။ ဦးဘသင် အိပ်ပျော်ဖို့လည်း မလွယ်တော့။ ခြင်တွေကလည်း အုပ် လှပြီ။ နောက်ဆုံးတော့ ဦးဘသင် လက်လျှော့ပြီး ဘိုကေ အိမ်လခကို ခေတ်အညီတိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲသလို ဆုံးဖြတ်အပြီးမှာပဲ အပေါ်ထပ်က တယောသံလေး နွဲ့ပြီး အောက်ထပ်ဆီကို ဆင်းလာတယ်။ ဒီအခါ အကြောင်းမှန်ကို ရိပ်မိ သွားတဲ့ ဦးဘသင်က တစ်ယောက်တည်း ဒီလိုပြောမိသွားတယ် “ဟွန်း.. ဟွန်း.. တယော သံကတော့ လာပြန်ပြီ။ ဘိုကေဆိုတဲ့ အကောင်ကတော့ သူ့ခုတင်ပေါ် တင်ထားတဲ့ သံလမ်းပြတ်ကို ဘယ်အချိန် ကန်ချမလဲမသိတော့ဘူး”

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*