ပိုင်ဖြိုးသု ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ အလှအပ ထိန်းသိမ်းစောင့်ရှောက်နည်း

ပိုင်ဖြိုးသု ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ အလှအပ ထိန်းသိမ်းစောင့်ရှောက်နည်း
December 27, 2016 Asian Fame
ပိုင်ဖြိုးသု ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ အလှအပ ထိန်းသိမ်းစောင့်ရှောက်နည်း

paiphyoethu1
လူတိုင်းအတွက် ကျန်းမာရေးက မရှိမဖြစ်အလိုအပ်ဆုံးအရာပဲ ဖြစ်သလို စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာ၊ အသက်ရှည်အနာမဲ့စွာ လူမှုဘဝ ရှင်သန် နေထိုင်နိုင်စေ မှာဖြစ်ပါတယ်။ ဒီလိုပဲ ကျန်းမာရေးကဏ္ဍဟာ အနုပညာရှင်များ အတွက်လည်း ပိုအလေးထားဆောင်ရွက်ရတဲ့ လူမှုတာဝန်တစ်ရပ်ဖြစ်နေသလို ကိုယ်ခန္ဓာ သန်စွမ်းလှပမှုရော၊ အသားအရေအလှအပ ထိန်းသိမ်းမှုပါ အပံ့အပိုးဖြစ် စေတဲ့ လူမှုကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆရာဝန်တစ်ဦးလည်းဖြစ်၊ အနု ပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ပုံနဲ့ ပတ်သက်လို့ အနေအထိုင်၊ အစားအစာ၊ စိတ်ဖိအားဖြေ လျှော့ပုံတို့အပါအဝင် ကိုယ်ခန္ဓာအလှအပ၊ အသားအရေအလှအပ ထိန်းသိမ်းပုံအပြင် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာဖို့အတွက် နေ့စဉ်ပြုမူလုပ်ဆောင်ပုံများအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အနုပညာသမားတစ်ယောက်ဖြစ်တဲ့အပြင် ဆရာဝန်တစ်ယောက်လည်းဖြစ်တော့ ညီမအနေနဲ့ ကျန်းမာရေးကိုကော ဘယ်လိုမျိုးဂရုစိုက်ဖြစ်လဲ

ညီမအနေနဲ့ အဓိကလုပ်ဖြစ်တာက ရေများများသောက်ဖြစ်တယ်။ အိပ်ချိန်၊ စားချိန်မှန်အောင်ထားတယ်။ အဲဒီလိုမျိုး ဂရုစိုက်ဖြစ်တယ်။ ညီမ အသားမစားဘူး။ အသီးအရွက်ပဲစားတယ်။ တအားချိုတဲ့ အစာတွေရှောင်တယ်။ အဆီ တအားများတာတွေရှောင်တယ်။ အစာလျှော့စားတာတို့ သိပ်မရှိဘူး။

လူတစ်ယောက်အတွက်ခန္ဓာကိုယ်ကျန်းမာဖို့တင်မကဘဲစိတ်ကျန်းမာဖို့လည်းအရေးကြီးပါတယ်။ ညီမအနေနဲ့ စိတ်ကျန်းမာအောင်ကော ဘယ်လိုနေထိုင်ဖြစ်လဲ။

အခုခေတ်ကြီးက ပိုဆိုးတယ်။ အလုပ်တွေ အပြိုင်အဆိုင်လည်း တအားများတယ်။ အချိန်တွေနဲ့ အလုပ်လုပ်ရတယ်။ ညီမကတော့ Stress တွေ တအားများလာပြီဆိုရင် ကြိုးစားပြီး ခရီးထွက်ဖြစ်အောင် လုပ်တယ်။ ကိုယ် ကျင်လည်နေကျ ပတ်ဝန်းကျင်ကနေ ထွက်ဖြစ်အောင် ကြိုးစားတယ်။ အဲဒါမှ အပြောင်းအလဲအသစ်၊ စိတ်သစ်လူသစ်နဲ့ အလုပ်တွေ ထပ်ပြီးလုပ်နိုင်မှာ။ အမြဲတမ်း အပြောင်းအလဲဖြစ်အောင် ကိုယ့်ကိုယ် ကိုယ်နေတယ်။ ခရီးထွက်ဖြစ်တယ်။

ညီမကိုကြည့်လိုက်ရင် အမြဲတမ်းဝိတ်တက်နေတာမတွေ့ရဘူး။ ခန္ဓာကိုယ်ပိုင်းကိုကော ဘယ်လိုမျိုးထိန်းသိမ်းလဲ။

ဝိတ်မတက်တာက အစားတွေ လျှော့စားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ညီမက အသားမစား၊ အချို၊ အဆီအဆိမ့်တွေ မစားဘူး။ အဲဒါ တွေက မကြိုက်လို့မစားတာ။ အဲဒါကြောင့် ဝိတ်သိပ်မတက်တာ ထင်တယ်။ ဝိတ်တက်တဲ့အရာတွေ သိပ်မလုပ်ဖြစ်ဘူး။ နောက်တစ်ခုက ဝိတ်ပုံမှန်ချိန်ဖြစ်တယ်။ ဝိတ် ၂ ပေါင်၊ ၃ ပေါင်လောက်တက်လာ ပြီဆိုရင် ပြန်ပြီးချတယ်။ ညီမတို့က ကင်မရာရှေ့ရောက်ရင် အပြင်က ခန္ဓာကိုယ်ထက် ပိုကြီးသွားတယ်။ အဲဒါကြောင့် ကိုယ့် ဝိတ်ကိုကိုယ် အမြဲတမ်း ဂရုစိုက်ဖြစ်တယ်။ ဝိတ်တက်လာပြီဆိုရင် ညစာလျှော့စားလိုက်တယ်။ ညစာကို ပုံမှန်လျှော့တာတော့ မဟုတ်ဘူး။ ဝလာပြီဆိုမှ ညစာကိုရှောင်လိုက်တယ်။

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အသားအရေကိုကော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

အသားအရေကို အဓိက Lotion ကို ပုံမှန်လိမ်းတယ်။ Body Spa တွေလုပ်တယ်။ Skin Care တွေပုံမှန်သုံးတယ်။ ရေများများ သောက်ဖြစ်တယ်။ အသီးအနှံများများ စားဖြစ်တယ်။ ဗီတာမင်စီက အမျိုးသမီးတွေမှမဟုတ်ဘူး။ ဗီတာမင်စီ ပြည့်ပြည့်ဝဝ ခန္ဓာကိုယ်ထဲမှာရှိရင် တော်ရုံတန်ရုံဖျားတာတို့၊ တုပ်ကွေးတို့ အဲဒါမျိုးမရှိတော့ဘူး။ ဖြစ်နိုင်ရင် ဗီတာမင်စီပါတဲ့ အစားအစာ၊ ဆေးတို့ ပုံမှန်စားသောက်သင့်ပါတယ်။ ဗီတာမင်စီက ကိုယ်ခန္ဓာစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် ညီမတို့ မိန်းကလေးတွေအတွက် အသားအရေလည်း လှစေတယ်။ ဗီတာမင် စီကနေတစ်ဆင့် မျက်နှာပေါ်က ဆဲလ်တွေကိုလည်း အားပေးတယ်။ အဓိကက ဗီတာမင်စီက အသားအရေကို လှစေတယ်။

နောက်ဆုံးအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို မျိုးနေထိုင်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦး။

အခုအချိန်မှာ ရာသီဥတုက ပြောင်းနေတော့ တုပ်ကွေးဖြစ်တဲ့သူတွေလည်း တအားများနေတယ်။ ညီမကိုယ်တိုင်လည်း ခဏခဏဖျားတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးကောင်းဖို့ အိပ်ချိန်၊ စားချိန်မှန်ဖို့လည်း အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

တွယ်တာ ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*