
Immortal Band က စီစဉ်တဲ့ “ဒိုင်ယာရီ” အတွဲ စီးရီးမှာ အဆိုတော် ယုဇနက သီချင်းတစ်ပုဒ်ပါဝင်သီဆိုထားပါတယ်။ ဒီထဲမှာ သူမပါဝင်သီဆိုထားတဲ့ သီချင်းသစ်ကတော့ သူမအနေနဲ့ ဒီဘက်နှစ်ပိုင်းထဲမှာ ပထမဆုံး ပြန်လည်သီဆိုပါဝင်ဖြစ်တဲ့ သီချင်းလည်း ဖြစ်ပါတယ်။
” လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ ကိုကောင်းဆက်စီစဉ်တဲ့ အတွဲစီးရီးတစ်ခွေမှာ စုံတွဲတစ်ပုဒ်ဆိုထားတာရှိတယ်။ အဲဒါပြီးရင်တော့ ဒါပထမဆုံးပဲ။ ၃ နှစ်အတွင်းမှာ ဒါပထမဆုံး ပြန်ပါဖြစ်တဲ့ စီးရီးပေါ့။ ဒီသီချင်း လေးကတော့ ကိုညီမင်းခိုင်ရေးပေးတာ။ အဆိုတော်တိုင်းကတော့ ကိုယ့်သီချင်း လေးတွေကို ပရိသတ်ကြားထဲမှာ အောင်မြင်စေချင်တာပေါ့။ ကိုယ့်ဘက်ကလည်း အကောင်းဆုံး သီဆိုထားပါတယ်။အောင်မြင် ခြင်း၊ မအောင်မြင်ခြင်းကတော့ ပရိသတ် အားပေးမှုအပေါ်မှာ မူတည်ပါတယ်” လို့ ယုဇနက ပြောပါတယ်။ လတ်တလောမှာတော့ ယုဇနက သင်္ကြန်စီးရီးတစ်ခွေကို သူငယ်ချင်းတွေနဲ့အတူ စီစဉ် နေပြီး ဖေဖော်ဝါရီလအတွင်း မှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေ တယ်လို့ သိရပါတယ်။ ဒီ သင်္ကြန်စီးရီးအပြီးမှာတော့ သူမရဲ့ တစ်ကိုယ်တော် စီးရီးကို စတင်ပြင်ဆင်တော့မယ်လို့ သိရပါတယ်။
” သင်္ကြန်အပြီးမှာ တော့ တစ်ကိုယ်တော် စီးရီး ပြန်လုပ်တော့မယ်။ အစကတော့ ကိုယ့်ဘာသာ အစအဆုံး လုပ်မယ်လို့ တွေးထားတာပေါ့။ အခုတော့ တခြား တေးရေးတွေရဲ့ သီချင်းလေးတွေလည်း ယူထားတာရှိတယ်။ အဲဒါလေး တွေ သီချင်းကို သေချာပြန်ရွေးပြီး လုပ်တော့မှာပါ” လို့ ယုဇနက ပြောပါတယ်။ ယုဇနက Splendid ဆိုတဲ့ ဇာဆိုင်ကိုလည်း ဖွင့်လှစ်ထား ပြီး လတ်တလောမှာတော့ အွန်လိုင်း ရှော့ပင်းအနေနဲ့ပဲ ပြုလုပ်ထားပြီး မကြာခင် မှာတော့ ဆိုင်အနေနဲ့ ဖွင့်လှစ်သွားဖို့ရှိ တယ်လို့လည်း သိရပါတယ်။
ရဲရဲ ၊ ဓာတ်ပုံ – အောင်ဇော်မင်း