ဆရာဒဂုန်တာရာ နှင့် အဘိဓမ္မာ အရ၊ ဘဝအရ၊ ဖြတ်သန်းမှု အရ စာရေးဆရာ နိုင်ဝင်းဆွေ…

ဆရာဒဂုန်တာရာ နှင့် အဘိဓမ္မာ အရ၊ ဘဝအရ၊ ဖြတ်သန်းမှု အရ စာရေးဆရာ နိုင်ဝင်းဆွေ…
December 27, 2016 Asian Fame
ဆရာဒဂုန်တာရာ နှင့် အဘိဓမ္မာ အရ၊ ဘဝအရ၊ ဖြတ်သန်းမှု အရ စာရေးဆရာ နိုင်ဝင်းဆွေ…

dagontayarနေရာသည်ကား ကန်တော် ကလေး၊ မြန်မာ့ဂုဏ်ရည် လမ်းရှိ ပုဂံစာအုပ်တိုက်။

ပုဂံစာအုပ်တိုက်ရှိ စကားပြော ခွက်ဖြင့် လူငယ်စာရေးဆရာတစ်ဦး စကားပြောနေသည်။

သူ စကားလှမ်းဆက်ပြောကြား နေသူကား ဆရာ ဒဂုန်တာရာ။

“ကျွန်တော် အမှာစာလာယူရ တော့မလားဆရာ”

ဆရာဒဂုန်တာရာသည် တစ် ဖက်စကားပြောခွက်ရှေ့၌ အချိန်ယူ တွေးဆနေဟန်တူသည်။

 မဟူရာမေတ္တာ၌လည်း ပွဲဦး ထွက် မိတ်ဆက်အဖြစ် ဆရာသည် နိုင်ဝင်းဆွေအား အမှာစာရေးပေးခဲ့ ပြီးပြီ။ အခု တစ်ဖန်ရေးပြန်လျှင် လူပုဂ္ဂိုလ် ဘက်လိုက်မှုဟု တွေးစရာ ဖြစ်လာလေမလား။

ဆရာဒဂုန်တာရာ အတန်ကြာ မျှ ငေးရီနေပုံပေါ်၏။

“လိုအပ်လို့လား”
ဟု ဆရာ ခပ်တိုးတိုးမေး၏။ အဝေးမှဖြတ်ပြေးလာသည့်အသံမှာ တိုးလွန်းသဖြင့် မသဲကွဲချင်။
“လိုအပ်လို့လား၊ ဟုတ်လား ဆရာ။ လိုအပ်တယ်ဆရာ။ ဆရာ့ အမှာစာမပါရင် ကျွန်တော့်ဝတ္ထု မပြည့်စုံဘူးလို့ ထင်ပါတယ်”
ဆရာသည် ခဏမျှငြိမ်နေ၏။
“ခင်ဗျား ဒီဝတ္ထုမှာမှ အမှာစာ တောင်းဖို့ကောင်းတာ။ မနက်ဖြန် မနက်ဘက် လာယူလှည့်”
ဆရာ ဒဂုန်တာရာသည် နိုင်ဝင်းဆွေ၏ “မဟူရာမေတ္တာ” မှာ အမှာစာရေးခဲ့ရခြင်းကို ရည်ညွှန်း ပြောပုံရသည်။
‘ ‘ ‘

စာရေးဆရာ နိုင်ဝင်းဆွေ အား..

ကျွန်တော် ပထမဦးဆုံးနှင့် နောက်ဆုံး  ကျွန်တော့်ဖခင် စာရေးဆရာ သခင် မြသန်း၏ ကွယ်လွန်ခြင်း ၇ ရက်ပြည့် ဆွမ်းကျွေးမှာ။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၆ ရက်။

 ရသအရေး အဖွဲ့ခွန်အား ကောင်းသော စာရေးဆရာ နိုင်ဝင်း ဆွေ။ ပမာအားဖြင့်၊ မဟူရာမေတ္တာ၊ ည အသင်္ချေမှာ၊ နွေတစ်ည၊ အချစ် ည၊ မြစပယ်ရုံ၊ မသိန်းရှင်ဆီပို့ပေးပါ စသည့် ဘဝသရုပ်ဖော်များ ရေးရာ မှ..

လက်ဝဲ အယူအဆ၊ မော်စီတုံး ၏ ယင်အန်းမိန့်ခွန်း အခြေခံကာ လက်ဝဲယိမ်း အတွေးအခေါ်ဖြင့် ရေဆန်လမ်း ဘဝ စာမျက်နှာ များ ရေးသား စပြုနေချိန်။

သူ တောမခိုမီ တောပြန် ကျွန်တော့် ဖခင် စာရေးဆရာ သခင် မြသန်း အား လေးစား အားကျသည့် တိမ်းညွတ်မှုကို ကျွန်တော် နိုင်ဝင်း ဆွေ ဆီမှာ တွေ့နေရသည်။

သူသည် တရုတ်ပြည် ကွန်မြူနစ် ပါတီ၏ ဂုဏ်ဆောင် စာအုပ် အိုယန် ဟိုင် တေးသံကို စာရေးဆရာ ထက်မြက်နှင့် ပူးတွဲဘာသာပြန် သည်။

ကျွန်တော်သည် အိုယန်ဟိုင် တေးသံ၊ စာအုပ် မူရင်း တရုတ်စာရေး ဆရာ ချင်ချင်းမိုင် ရေးခဲ့သည်ကို သတိရဖြစ်နေသည်။ ယင်းမှာ..

“လူတန်းစားနဲ့ ကင်းလွတ်တဲ့ စာပေအနုပညာ ဆိုတာ မရှိဘူး။ ကိုယ်ကျိုး စီးပွားဟာ သွေးစုပ်သူ လူတန်းစားရဲ့ အတွေးအခေါ် အဖြစ် နှစ်ပေါင်း များစွာ ကတည်းက အမြစ် တွယ်တည်ရှိခဲ့သလို အများ အကျိုး စီးပွားဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ အတွေးအခေါ် အဖြစ် တည်ရှိနေ တယ်။

ဒီအတွေး အခေါ်နှစ်ခုဟာ ရေနဲ့ မီးလို ဆန့်ကျင် ခြားနားတယ်။ အတူ ယှဉ်တွဲ မနေနိုင်ဘူး။ ကိုယ်ကျိုးနဲ့ အများ အကျိုး နှစ်ခုကြားက တိုက်ပွဲ ဟာ လူတန်းစားနှစ်ရပ်၊ လမ်းစဉ် နှစ်ရပ် တိုက်ပွဲဖြစ်တယ်။”

အခု ကျွန်တော် စာစု နိဒါန်းတွင် ရေးခဲ့သည့် “မနက်ဖြန် မနက်လာယူ လှည့်လေ” ဆိုသော ဆရာ ဒဂုန်တာရာ ရေး သည့် နိုင်ဝင်းဆွေ ၏စာအုပ် “မသိန်းရှင်ဆီ ပို့ပေးပါ” အမှာစာကို အကျဉ်းမျှ ကျွန်တော်ဖော်ပြချင် သည်။

“အမှန်အားဖြင့် နိုင်ဝင်းဆွေ အား မိတ်ဆက်ပေးစရာ မလိုတော့ ပါ။ သူသည် စာရေးသက် လည်း ၅ နှစ်ကျော် စပြုပြီ။ ဝတ္ထုများလည်း အသင့် အတင် ရေးခဲ့ပြီ။ သို့သော် သူသည် ယခု “မသိန်းရှင်ဆီပို့ပေးပါ”အတွက် အမှာရေးပေးပါရန် လာ ရောက်ပူဆာသည်။ ကျွန်တော် သည် လူငယ်များ၏ လှုပ်ရှားမှုကို စိတ်ဝင် စားသည်။ တိုးတက်နေသော အင်အားစုများကို ယုံကြည်သည်။ ရာဇဝင်ခေတ် တစ်ခေတ်၌ တိုးတက် လာသော အင်အားသစ် များသည် (ခေတ်ကိုပြောင်းလဲသောသူများ) ဖြစ်ကြသည်။ ချုံနွယ် ပိတ်ပေါင်းများ ကို ဖယ်ရှားကာ လမ်းထွင် သူများသည် လူငယ်များ ဖြစ်တတ်ကြသည်။ လူတိုင်းသည် မွေးစဉ်တုန်းက ရိုးသား ကြသည်။ ဖြူစင်ကြသည်။ လူမသတ် ချင်ကြပါ။ မရက်စက်ချင်ကြပါ။ သို့သော် ရုပ်ကမ္ဘာကြီး၏ ပတ်ဝန်း ကျင်က အတ္တ၏ သားကောင်များဖြစ် အောင် လုပ်ပေးတတ်သည်။ တရား စစ်နှင့် မတရားစစ်။ လူသတ်ကြရ သည်ချည်း။ သို့သော် တရားစစ်ကား ခုခံစစ်၊ ကာကွယ်စစ်။ မတရားစစ် ကား ဖိနှိပ်စစ်၊ ကျူးကျော် စစ်။ ထို့ ကြောင့် တရားစစ်ဘက်က နေကြရ သည်။ လူငယ်များ၏ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား လုပ်ပြီဆိုလျှင် ယင်းခေတ်၌ အတက် နှေးတတ်သည်။ မှန်၊ မမှန် ပြည်သူ များ၏ အတွေ့အကြုံက အဖြေပေး လိမ့်မည်။ စာပေမှာလည်း အင်အား သစ်များကို ကြိုဆိုချင်သည်။ ပန်း တိုင်း ပွင့်စေချင်သည်။ အလှအပမှာ ကြည်မောယစ် ရီစေချင်သည်။ သို့သော် အဆိပ်ပန်း ဖြစ်နေလျှင်ကား အဆိပ်ပန်း၏ အဆိပ်ပွင့်ကိုကား ပြည်သူများက ဖယ်ရှားကြပေမည်။”
‘ ‘ ‘

နိုင်ဝင်းဆွေသည် ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးတွင် ရှေ့ဆုံး  က ချီတက်ချင်သူ။ စနစ်တစ်ခုမှ စနစ်တစ်ခုသို့ အရွေ့ အပြောင်း ကို ဖော်ဆောင်လိုသူ။ ထို့ကြောင့်လည်း ဘီစီပီ လက်နက်ကိုင်တော်လှန်ရေး ထဲသို့ ရောက်ရှိသွားခဲ့သူ။

သို့သော် “ဝ” နယ် ဘီစီပီ၏ မြောက်ပိုင်းဗဟို ပန်ဆန်းကို “ဝ” တပ် များ အာဏာ သိမ်းစဉ်က သူရေးသော ကဗျာ တစ်ပုဒ်၏ အပိုဒ် တစ်ပိုဒ် တွင် ဤသို့ရေးခဲ့သည်။

“ဒါကဗျာ မဟုတ်ဘူး။ “ဝ”နယ်ရဲ့ အမှောင်ထုထဲမှာ ကွန်မြူနစ်ခန်းမ ကြီးထဲက စားပွဲပေါ်မှာ စီးကျနေတဲ့ ငါ့ရဲ့မျက်ရည်ပါ။ ကဗျာလို မလှဘူး၊ ကဗျာလို မဝင်းပဘူး။”

နိုင်ဝင်းဆွေနှင့် ကျွန်တော် ပထမဆုံးနှင့် နောက်ဆုံး ဆိုသလို တစ်ကြိမ်သာ တွေ့ခဲ့သော်လည်း သူ သည် ကျွန်တော့်ညီ များနှင့်ကား “ဝ” နယ်မြောက်ပိုင်း ပန်ဆန်းဘီစီပီ ဗဟိုမှာ တာရှေ့တာဖျားနေခဲ့ရသည်။

“ဝ” တပ်များ အာဏာသိမ်း သည့်အချိန်အထိ။

ထိုစဉ်က ကျွန်တော့်ညီငယ်ကား M16 သေနတ်တစ်လက် ကိုင်ကာ ဘယ်သူ့အမိန့် နာခံရမည်မသိ၊ ဘာ လုပ်ရမည်မသိနှင့် “ဝ” များထံ လက်နက်အပ် လိုက်ရသည်။ ထို အကြောင်းကို ကျွန်တော် “ထို့ကြောင့်၊ ဤသို့” စာအုပ်မှာ ဖတ်လိုက်ရသည်။ ကျွန်တော့် ညီငယ် အား အောင်ကျော် မိုး (ရဲဘော်မိုးထွန်း)၊ စာရေးဆရာ သခင်မြသန်း၏ သားငယ် (ယခု ပြည်ပရောက်) ဟု ဖော်ပြထားသည်။

နောက်ပိုင်း ရွှေလီ (တရုတ် ပြည်၊ နယ်စပ်မြို့) မှာ သောင်တင် ကျန်ရစ်သော ညီများနှင့် ဆုံစဉ်မှာ ကျွန်တော့်အား ပြောလာသည်မှာ

“၈ လေးလုံး လူထုတိုက်ပွဲဖြစ်၊ နောက် ဖြိုခွင်းခံရတော့ ကိုကြီး ပန်ဆန်းဗဟိုကို ရောက်လာလိမ့်မယ် လို့ထင်ပြီး ရဲဘော်ကျော်ဆိုင် (နိုင် ဝင်းဆွေ) က အထူးသဖြင့် မျှော် တယ်”

ကျွန်တော်ကား ဘီစီပီ၏ မြောက်ပိုင်းဗဟို ပန်ဆန်းကို ရောက် ရှိမသွားပါ။ အာဏာသိမ်း နဝတ စစ်အစိုးရ၏ ပါတီစုံ၊ နိုင်ငံရေးပါတီ များ ထူထောင် ခွင့်ပြုစဉ်မှာ နိုင်ငံရေး ပါတီနှစ်ခု၏ အမှုဆောင် ကော်မတီ မှာ “နှစ်နေရာ” တာဝန်ထမ်းဆောင် ခွင့်မရှိ။ ပါတီမူဘောင် စည်းမျဉ်း အရ ကျွန်တော် NLD ပါတီမှာ တာဝန်မယူဖြစ်တော့ဘဲ အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးလှရွှေ (ယခု စာရေး ဆရာ အောင်သာ) တာဝန် ယူခဲ့သည့် (ယခင်တစ်ချိန်က ဖခင် သခင်မြသန်း၊ ဆရာ မြသန်းတင့်) တို့ ပေါလစ်ဗျူရိုများအဖြစ် တာဝန်ယူခဲ့ သည့် ပြည်သူ့ တိုးတက်ရေး ပါတီမှာ သင်္ဃန်းကျွန်းမြို့နယ် တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်။

နောက် ပြည်သူ့ တိုးတက်ရေး ပါတီ၊ အမျိုးသားနိုင်ငံရေး တပ်ပေါင်း စု (မ.န.တ မန္တလေး)၊ မုံရွာ အမြဲ စိမ်း လူငယ်အဖွဲ့ (Ever Green) ပါတီတို့၊ န.ဝ.တ၏ မတရား အသင်း ပါတီများ အဖြစ် ဖျက်သိမ်းခံရသည်။

အဓိက အကြောင်းရင်း မှာ ထို စဉ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုက်ပွဲ အတူဝင်သော မိတ်ဆက် ပါတီများ ဖြစ် လာသော ကြောင့် ကျွန်တော်နှင့် ရဲဘော်အချို့ ထောင်ချခံ ရသည်။ ကျွန်တော်က ကျွန်တော့် အပေါ် စွဲဆို ထားသော ၅ (ည) အပါအဝင် အချို့ ပုဒ်မ များပြုတ် သွား၍ ၁၇ (၁) ပုဒ်မဖြင့် ထောင် ၃ နှစ်ကျခံခဲ့ရသည်။

ကျွန်တော်ကား မြန်မာပြည် စာပေလောက၏ စာရေးကောင်း သော ကိုနိုင်ဝင်းဆွေ နှင့် အတူ တော်လှန်ရေး တာဝန် ထမ်းဆောင် ခွင့် မရတော့။ အတူ တိုက်ပွဲဝင်ခွင့် မရတော့။
‘ ‘ ‘
နိဂုံးအားဖြင့် ကျွန်တော်သည် အနုအလှ စာပေသမား၊ နိုင်ငံရေး သမား၊ တော်လှန်ရေးသမား ရဲဘော် ကျော်ဆိုင် (ခေါ်) စာရေး ဆရာ နိုင်ဝင်းဆွေ၏ “အချစ်ညနေရီ” ကဗျာ အချို့သောအပိုဒ်များဖြင့် ကျွန်တော့် စာစုအားနိဂုံးချုပ်လိုသည်။ ယင်းမှာ..

ဟုတ်ပါတယ်၊ အချစ်ကိုချစ် တယ်။ အမှန်တရား ကိုချစ်တယ်။ အလှတရားကို ချစ်တယ်။ အနုပညာ ကိုချစ်တယ်။ တိုက်ပွဲမီးပြင်းကို ချစ်၊ သူရသတ္တိ ရဲ့အလင်းရောင်ကိုချစ်၊ ယုံကြည်ချက် ပြင်းပြသူတွေကို ချစ်။ ဓားတစ်စင်း၊ မြင်းတစ်စီးနဲ့ တစ်ကိုယ် တော် ခရီးသည် ကိုချစ် တယ်။ သူဟာ မုန်တိုင်းကိုဖောက်ထွက်လို့ သူက လောကအတွက် ခွန်အားတွေပေး ဆပ်သွားတယ်။ ဟုတ်တာပေါ့ “ဝေဝေ” ဆိုတဲ့ ကောင်မလေးကို ကျွန်တော်ချစ်ခဲ့တာပေါ့။

အနာဂတ်မဲ့ အနုပညာ သမား။ တစ်နေ့မှာ သေဒဏ် အပေးခံရမယ့် အတိုက်အခံ သမား။ ခြောက်ခြားစရာ လူ၊ အပစ်ပယ်ခံလူ။ မှန်ပါတယ်လေ။ အချစ်ရဲ့ချစ်သူ။ အလှတရား ရဲ့ ချစ်သူ။ အနုပညာရဲ့ချစ်သူ။ လူမိုက် များရဲ့ချစ်သူ၊ ချစ်တဲ့လူ။

ကျွန်တော့်ရှေ့ က နေခြည် အလင်းကွက် ကလေးထဲမှာ ခွေး သူငယ်လေး တစ်ကောင်ဟာ ခုန် ပေါက် ရောက်လာ “က” နေတယ်။ ကျွန်တော့်ကို တိုးလိုက်၊ ဝှေ့လိုက်၊ မြူးလို့။ ကျွန်တော်လေ ဒီခွေးသူငယ် လေးကိုလည်း ချစ်တယ်။

အချစ်ကိုချစ်၊ အမှန်တရားကို ချစ်။ အလှတရားကိုချစ်၊ အနုပညာ ကိုချစ်။ ခွေးကလေးရဲ့ မြူးထူးကနေ တဲ့၊ သန့်ရှင်း တဲ့ ပျော်ရွှင်မှု ကလေးကို လည်းချစ်။

အချစ်ကြောင့်ပဲ..

ကျွန်တော် ကွန်မြူနစ်ဖြစ်လာ တယ်။

(ကွယ်လွန်သူ ရဲဘော်ကျော်ဆိုင် (ခေါ်) စာရေးဆရာ နိုင်ဝင်းဆွေအား ရည်ညွှန်းရေးသားသည်။)

စည်သူမြသန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*