တက္ကသိုလ် မြန်မာစိန်ရတုနှစ်မှ နောက်သို့ပြန်ကြည့်ခြင်း

တက္ကသိုလ် မြန်မာစိန်ရတုနှစ်မှ နောက်သို့ပြန်ကြည့်ခြင်း
December 26, 2016 Asian Fame
တက္ကသိုလ် မြန်မာစိန်ရတုနှစ်မှ နောက်သို့ပြန်ကြည့်ခြင်း

mkm

ရန်ကုန်တက္ကသိုလ် မြန် မာစာဌာနသည် မြန်မာ နိုင်ငံတွင် မြန်မာစာကို အဆင့်မြင့်တက္ကသိုလ် ပညာရပ်အဖြစ်ပထမဆုံး ပို့ချပေးရာ ဌာနဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသည် ၁၉၄၁ခုနှစ်တွင် ပေါ်ပေါက်ခြင်းဖြစ်သည့်အတွက် ယခု ၂ဝ၁၆ခုနှစ်တွင် ၇၅နှစ် တင်းတင်းပြည့်ပါပြီ။ စိန်ရတုသက် တမ်းသို့ ရောက်ပါပြီ။ တိတိကျကျဆိုရလျှင် ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် မြန်မာစာဌာနသည် အရှေ့တိုင်း ပညာဌာနအောက်မှ ခွဲထွက်ပြီး မြန် မာစာဌာနဟူ၍ သီးခြားရပ် တည်လာခဲ့သည်။

နောက်ကြောင်းပြန်ရလျှင် ရန်ကုန်တက္ကသိုလ်စတင် တည်ထောင်သည့် ၁၉၂ဝပြည့်နှစ်တွင် မြန်မာ စာဌာနဟူ၍ မရှိသေးပါ။ ရန်ကုန်တက္ကသိုလ်၏ဘာသာရပ် ဌာနများ တွင် တစ်ခုဖြစ်သော အရှေ့တိုင်းပညာဌာန (Depart-ment of Oriental Studies) က သင်ကြားသောဘာသာရပ်တစ်ခုအဖြစ်သာ ရှိနေပါသေးသည်။ အရှေ့တိုင်းပညာ ဌာနတွင်ပါဠိ၊မြန်မာစာနှင့် ပါရှန်ဘာသာ တို့သင်ကြားကြောင်း သိရပါသည်။ အရှေ့တိုင်းပညာ ဌာနမှူးမှာ ပါမောက္ခဆရာကြီး ဦးဖေမောင်တင် ဖြစ်သည်။ ဆရာကြီးမှာ ရန် ကုန်တက္ကသိုလ်မပေါ်ပေါက်မီ ရန် ကုန်ကောလိပ်မှာကတည်းက ပါဠိပါ မောက္ခဖြစ်သည်။ ထိုစဉ်က မြန်မာစာ၏ အခြေအနေကို ဆရာကြီးက …

” ၁၉၁၂ခုနှစ်မှ ၁၉၂ဝ ခုနှစ် အထိ ရန်ကုန်ကောလိပ်တွင် ဆရာ သည် ပါဠိပါမောက္ခအဖြစ်အမှုထမ်းနေသည့် အတောအတွင်း ကောလိပ်တွင် မြန်မာစာကထိကဟူ ၍ မရှိ ချေ။ နောက်ပိုင်းကျမှသာ မြန်မာစာ စီစာကုံးအတွက်လက် ထောက်မြန် မာစာဆရာ တစ်ဦးကို ပါဠိဌာနတွင်ခန့်အပ်သည်” ဟု ရေးသားခဲ့သည်။၁၉၂ဝပြည့်နှစ်၊ ရန်ကုန်တက္က သိုလ်တည်ထောင်သောအခါတွင် ဆရာကြီး ဦးဖေမောင်တင်သည် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ တက္ကသိုလ်သို့ ပညာတော်သင်သွား ရသည်။ လေးနှစ်ပညာသင်ပြီး နောက်ဘီလစ် (B Litt)ဘွဲ့ရသည်။ ၁၉၂၄ခုနှစ်တွင် ဆရာကြီး အင်္ဂလန်နိုင်ငံမှပြန်လာသောအခါ အရှေ့တိုင်းပညာဌာန ပါမောက္ခအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာပေသင်ကြားမှုမရှိသေးပါ။ မြန်မာ စာစီစာကုံးသင်သည့် အဆင့် သာရှိ သည်။ ဥပစာတန်းတွင် မြန်မာစာစီ စာကုံးပြဋ္ဌာန်းထားသော်လည်း အိန္ဒိယကျောင်းသားများကို ၎င်းတို့ ဘာသာဖြင့် စာစီစာကုံးဖြေရန် ခွင့်ပြုထားသည်။ ဟိန္ဒူလူမျိုးက ဟိန္ဒီစာ၊ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီစာ၊ ပန်ဂျပ်လူမျိုးက “ဆစ်” စာတို့ဖြင့် စာစီစာကုံး သင်ယူနေကြသည်။ မြန်မာစာ ကျောင်းသားများသည်ပင် အချို့သာ မြန်မာစာစီစာကုံး သင်ယူပြီး အချို့က Alternative English ကို ယူကြသည်။ မြန်မာစာအခြေ အနေ မှာ ထိုမျှဆိုးဝါးနိမ့်ကျနေချိန်ဖြစ်သည်။

မြန်မာစာစီစာကုံး သင်ကြား ခြင်းသည် အမည်ခံသာသာမျှဖြစ်နေသည့်အတွက် ဆရာကြီး ဦးဖေမောင်တင်က ထိုအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းသည်။ ပါမောက္ခအဖွဲ့ သည် အကြိမ်ကြိမ်စဉ်းစားပြီး ဥပစာတန်းတွင် မြန်မာစာကို အင်္ဂလိပ်စာကဲ့သို့ပင် မယူမနေရဘာသာအဖြစ်သတ်မှတ်သည်။ မြန် မာစာကို ရိုးရိုးတန်းမြန်မာစာနှင့် တန်းနိမ့်မြန်မာစာဟုခွဲသည်။ မြန်မာ တို့သည် ရိုးရိုးတန်းမြန်မာစာကိုယူရသည်။ တန်းနိမ့်မြန်မာစာကို (က) (ခ)ခွဲထားပြီး အင်္ဂလိပ်တန်း မြင့်ကျောင်းတွင် မြန်မာစာသင် ခဲ့သော မြန်မာမဟုတ်သူများမှာ တန်းနိမ့်(က)ကိုယူရပြီး မြန်မာစာမသင်ဖူးသော မြန်မာမဟုတ်သူများမှာ တန်းနိမ့်(ခ) ကို ယူရသည်။ တန်းနိမ့်ကျောင်းသားများကို ဆရာကြီး ဦးဖေမောင်တင် ကိုယ်တိုင်သင်ကြား ပေးသည်။ နောက်ဆုံးတွင် မြန်မာ ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ အင်္ဂလိပ်မြန်မာတန်း ကျောင်း၌ မြန်မာစာယူခဲ့ရသူအား ဥပစာတန်း တွင် ရိုးရိုးတန်း မြန်မာစာကို ယူရမည်ဟုဆုံးဖြတ်လိုက်သည်။

” မြန်မာစာပေသည် ပေစာ၌သာ တည်ရှိနေသောကြောင့် တက္ကသိုလ်၌ မြန်မာစာပေသင်ကြားမှုကို ရေးကြီးခွင်ကျယ် ဆောင်ရွက်လိမ့်မည်မဟုတ်” ဟု တက္ကသိုလ်ဆရာ ကြီး မစ္စတာစလော့က ဆရာကြီး ဦးဖေမောင်တင်ကို ပြောသည်။ ဆရာကြီးသည် မြန်မာစာစီစာကုံး ထက်မြင့်သော မြန်မာစာပေကျမ်း များကို ထုတ်ဝေမှတက္ကသိုလ် မြန်မာ စာသင်ကြားရေး အဆင့်မြင့်လာမည် ဟုခံယူပြီး မြန်မာကျမ်းများ ပုံနှိပ်ထုတ်ဝေရန် ကြိုးပမ်းသည်။

ထိုအချိန်တွင် အမျိုးသား ကျောင်းများ၌ မြန်မာစာကို အဆင့်မြင့်မြင့်သင်ကြားသော်လည်း အခြားကျောင်းများတွင် မြန်မာစာ ကောင်းကောင်းမသင်သည်ကို ဆရာကြီး တွေ့ရ၍ စိတ်ပျက်မိ ကြောင်းပြောဖူးသည်။ အင်္ဂလိပ် ကျောင်းအချို့တွင် မြန်မာစာပေ အတွက် သတ်မှတ်ထားသောအချိန်များ၌ အခြားဘာသာရပ်များ သင်ကြားနေသည်ကို တွေ့ရသည်။ ဆရာကြီးသည် မြန်မာနိုင်ငံ သုတေ သနအသင်းက ပုံနှိပ်ထုတ် ဝေသော စာစဉ်များတွင် တည်းဖြတ် အုပ်ချုပ်သူအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီးပညာရှင်များကို မေတ္တာရပ်ခံရာ ပညာရှင်များက ရှေးမြန်မာစာပေများ ကို တည်းဖြတ် ပေးကြသည်။ တည်း ဖြတ်ရာတွင် မူကွဲများ၊ နိဒါန်း၊ အက္ခရာဝလိတို့ကို စနစ်တကျ စီစဉ်ထည့်သွင်းလျက် ပုံနှိပ်ထုတ်ဝေသည်။ ဤသို့ဖြင့် မြန်မာစာပေသည် ပေစာထဲတွင် ရှိသည်ဟူသော ဗြိတိသျှအာ ဏာပိုင် တို့၏စကားကို ကောင်းစွာ ချေဖျက်၍ မြန်မာစာပေ၏ အခန်း ကဏ္ဍကို ဖော်ထုတ်ပြန်သည်။ ထိုစာ အုပ်များကိုလည်း တက္ကသိုလ် အတန်း အသီးသီးတွင် ပြဋ္ဌာန်းသည်။ ဆရာ ကြီးသည် ဥပစာတန်းတွင် စိတ်ကြိုက် မြန်မာ စာဘာသာရပ် တီထွင်ခြင်း၊ မြန်မာ ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာ တန်းများ ဖွင့်လှစ်ခြင်းတို့ ဖြင့် မြန်မာစာသင် ကြားမှုကို အဆင့်မြှင့် ပေးသည်။ မူလက မြန်မာဆရာအဖြစ် ဆရာကြီးတစ်ဦးသာ ရှိခဲ့ရာမှ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဦးလင်း၊ ပုဂံဝန်ထောက်မင်းဦးတင်တို့ကို မေတ္တာရပ်ခံပြီး မြန်မာစာ ဌာနတွင် ဆရာများအဖြစ် ခန့်ထားကာ သင် ကြားရေးအစီအစဉ်ကို အားဖြည့် သည်။ မြန်မာစာယူသူများကို “ဘုန်းကြီးလုပ်မလို့လား” ဟု နောက်ပြောင် နေကြသည့် ထိုအချိန်တွင် မြန်မာစာဂုဏ်ထူးတန်းကို ပထမဆုံး ဝံ့ဝံ့စား စားယူသူမှာ ဦးစိန်တင်ဖြစ်သည်။ ဦးစိန်တင်သည် ပထမတန်း ဂုဏ်ထူးဖြင့် ထူးထူး ချွန်ချွန်အောင်မြင်သည့်အတွက် မြန်မာစာယူမည့်သူများ အားကျဖွယ်ဖြစ်ရသည်။ ဦးစိန်တင်သည် သိပ္ပံမောင်ဝဟူ၍ ထင်ရှားသော စာရေး ဆရာကြီးဖြစ်လာသည်။ မြန်မာစာဌာနတွင် နည်းပြအဖြစ် ဆောင်ရွက်စဉ် စာတော်သော ကျောင်းသားအဖြစ် အင်္ဂလိပ်အစိုးရ က မျက်စိကျသည့်အတွက် ပညာ တော်သင် စေလွှတ်သည်။ အောက် စဖို့တက္ကသိုလ်တွင် “အိုင်စီအက်စ်”အုပ်ချုပ်ရေး ပညာသင်ယူပြီး ရာထူးအဆင့်ဆင့် ထမ်းဆောင်သည်။ ကလောင်အမည်အမျိုးမျိုးဖြင့် စာများစွာ ရေးသားသည်။

မြန်မာစာဌာနတွင် ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာတန်း တက်သူများ တစ်နှစ်ပြီးတစ်နှစ် တိုးပွားလာသည်။ ၁၉၂၇ခုနှစ်တွင် ဝိဇ္ဇာဂုဏ် ထူးတန်း အောင်မြင်သူ ဦးစိန်တင်သည် ပထမဆုံး ဂုဏ်ထူးတန်းဘွဲ့ ရသူဖြစ် သည်။ ၁၉၃ဝပြည့် နှစ်တွင် မဟာဝိဇ္ဇာတန်းဖွင့်၍ ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ရသူ ၂ဦးမှာ ဦးဖုန်းနှင့် ဦးဧမောင်တို့ ဖြစ်သည်။ မြန်မာစာဌာနသည် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ရကန်၊ ရာဇဝင်၊ အရေးတော်ပုံ၊ ဖြတ်ထုံး၊ လျှောက်ထုံးစသော မြန်မာစာပေ များကို သင်ကြားပို့ချပေးသည်။ မြန်မာကျောက်စာ၊ ရှေးဟောင်းမွန် ကျောက်စာ၊ ပျူစာ စသော ရှေးဟောင်းဘာသာစကား ဆိုင်ရာ စာပေများကိုလည်း သင်ကြားပို့ချ ပေးသည်။ မြန်မာနိုင်ငံ သုတေသန အသင်းက ၁၉၂၁ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ စာအုပ်ပေါင်း ၄၆မျိုးကို တည်းဖြတ် ထုတ်ဝေခဲ့ရာ ထိုစာအုပ် များကို မြန်မာစာ အတန်းအသီးသီး အတွက် ပြဋ္ဌာန်းနိုင်ခဲ့သည်။

၁၉၃၇ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ဆောင်ရွက်ရရာ အရှေ့တိုင်းပညာဌာနတွင် မြန်မာစာ ဘာသာရပ်ကို ဆရာကြီး ဦးဧမောင် က တာဝန်ယူကြီးကြပ်ရသည်။ ဆရာကြီးသည် ထိုအချိန်က လက်ထောက်ကထိကဖြစ်သည်။ ဆရာကြီးသည် ၁၉၄၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ကထိက အဖြစ် ရာထူးတိုးမြင့်ပြီး မြန်မာစာ ဌာနမှူးအဖြစ် ဆောင်ရွက်ရသည်။ ဆရာကြီးဦးဧမောင် ကိုယ်တိုင်ရေး သားဖြည့်စွက်ထားသော ကိုယ်ရေး မှတ်တမ်းပုံစံတွင် ဆရာကြီးသည် ၁၉၄ဝပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ အရှေ့တိုင်းပညာဌာန လက်ထောက်ကထိကဖြစ်ပြီး ၁၉၄၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စ၍ မြန်မာစာဌာနကထိကဌာနမှူး ဖြစ်ကြောင်း ဖော်ပြထားသည်ကို ထောက်၍ ၁၉၄၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန စတင်ပေါ်ပေါက်သော နေ့ဖြစ်ကြောင်း ထင်ရှားပါသည်။ ၁၉၄၁ခုနှစ်မှ စတင်ရေတွက် လျှင် ၇၅နှစ်ပြည့်မြောက်သော ၂ဝ၁၆ ခုနှစ်၏ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလအတွင်းတွင် မြန်မာစာဌာန စိန်ရတုအထိမ်းအမှတ်ပွဲကို အမှတ်တရ ကျင်းပကြခြင်းဖြစ်ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*