ရန်ကုန် စာကြမ်းပိုး

ရန်ကုန် စာကြမ်းပိုး
December 19, 2016 Asian Fame
ရန်ကုန် စာကြမ်းပိုး

kyunick

စာကြမ်းပိုးသည် မိမိနာမည် အတွက် ဂုဏ်ယူမဆုံးနိုင်အောင်၊ ဖရဏာပီတိ ဂွမ်းဆီထိလျက်ရှိသည်။ မြန်မာပြန်ကဝိအကျော် အမော်ကြီးများက အင်္ဂလိပ်ဘာသာ Book-worm ကို စာကြမ်းပိုးဟု အနက်လှယ်ခဲ့ကြခြင်းကို ရန်ကုန် စာကြမ်း ပိုးက နှစ်ခြိုက်ကျေနပ်ခြင်း မရှိပေ။

” Book-worm ကို စာကြမ်းပိုးလို့ ဘာသာပြန်ခဲ့တဲ့ မျက်မှန်ထူ ဗိုက်ရွှဲဆရာကြီးတွေဟာ ပညာရှိသတိဖြစ်ခဲ၊ မြင်းကောင်းခွာလိပ်၊ ချော်တောငေါ့ကုန်ကြတာပါကွ။ Worm ဆိုတာ သန်ကောင်၊ တုပ်ကောင်၊ တီကောင်၊ လောက် ကောင်လို ရွံစရာကပ်ပါးကောင်တွေကို ခေါ်တာ။ ငါက စာအုပ်တွေနဲ့နေ၊ စာအုပ်တွေကြားမှာ ကျက်စားတဲ့ စာကြမ်းပိုး။ ငါ့ကို Book-bug လို့ ခေါ်ကြပါ” ဟု ရန်ကုန်စာကြမ်းပိုးက မိတ်ဆွေများကို တောင်းဆိုသည်။

” ဒီမယ် ဆရာပိုးရဲ့.. Book-bug ဆိုတဲ့ရေးထုံး အင်္ဂလိပ်စာမှာမှ မရှိတာ။ Book-worm ဆိုသဟာပဲ ရှိတယ်” ဟု အင်္ဂလိပ်စာကျူရှင်ပြစားသော ကဗျာဆရာကလေးက ဆင်ခြေတက်သည်။

” ရေးထုံးရှိရှိ၊ မရှိရှိ င့ါကို Book-worm လို့မခေါ်ကြပါနဲ့။ ခေါ်သံကြားရတိုင်း င့ါမှာ ကြက်သီးထပြီး ဓာတ်ပဲသွားရတော့မလိုလို၊ ကျင်ငယ်ပဲစွန့်ရတော့မလိုလို မအီမလည်ကြီး ခံစားရလို့ပါကွာ”

” ဒါဖြင့် ကျွန်တော်တို့က ဆရာ ပိုးကို Book-bug လို့ပဲ ခေါ်ကြတော့မယ်နော်။ အတိုကောက် ဘီဘီလို့ပဲ ခေါ်ကြမယ်ဆရာပိုး”

ထိုအခါ ရန်ကုန်စာကြမ်းပိုး မျက်လုံးပြူးသွားသည်။ ” ဟ..ဟ..မလုပ်ကြပါနဲ့။ ဘီဘီလို့ မခေါ်ကြပါနဲ့။ ဘီဘီဆိုတာ မွတ်ဆလင်ကုလားမ နာမည်ကြီးကွ။ သာကီနွယ်မျိုး၊ ငါ့လိုဆရာပိုးကို ကုလားမလို့ ထင်သွားကြရင်အရပ်ရပ် နေပြည်တော်ကြားလို့မှ မကောင်းပါဘူးကွာ’ ဟု ရန်ကုန် စာကြမ်းပိုးက အကျောက်အကန်ငြင်းသည်။

ဤသို့ဖြင့် ရန်ကုန်စာကြမ်းပိုးကို မိတ်ဆွေသင်္ဂဟများ၊ တပည့် တပန်းများက “ဆရာပိုး”၊ “ဆရာပိုး” နှင့် ခေါ်နေကြရာ ဆေးဝါးအတု လုပ်ရောင်းနေသော လူလိမ်လူကောက်တစ်ယောက်က “ဆရာပိုး လေပုပ်ထုတ်ဆေး” ဟူ၍ ဆေးတစ်မျိုး ထုတ်လုပ်ကာ အရပ်တကာ လှည့်လည်အော်ဟစ်ရောင်းချသည်။ ထိုအခါ မအူမလည် အိမ်နီးချင်းတစ်ယောက်က ရန်ကုန်စာကြမ်းပိုးအား..” ဆရာပိုး၊ ဆရာပိုးနဲ့ နာမည်ကြီးနေလိုက်တာ။ လက်စသတ်တော့ မောင်ရင်က ဗိန္ဓောဆရာကိုး။ လမ်းကြုံတုန်း ကျွန်တော့်ကို ဆရာပိုး လေပုပ်ထုတ်ဆေးတစ်ဘူးလောက်ကူညီပါ” ဟု လက်ဖြန့်တောင်းလာ သဖြင့် ရန်ကုန်စာကြမ်းပိုး အတော်ကလေး စိတ်ကသိကအောက် ဖြစ် သွားရသည်။

အမှန်စင်စစ် ရန်ကုန်စာကြမ်းပိုးသည် အံ့ဖွယ်ရှားပါး ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ရန်ကုန်ရွှေမြို့တော်ကြီးတွင် သူမမွှေမနှောက်ဖူးသော စာကြည့်တိုက်ဟူ၍ မရှိ။ သူမရောက် ဖူးသော၊ မပေါက်ဖူးသော စာအုပ် ဆိုင်ဟူ၍လည်း မရှိ။ စာအုပ် အဟောင်းရောင်းသော လမ်းဘေး ပလက်ဖောင်းဆိုင်များအားလုံး သူ့ကို မသိသူမရှိ။ ပန်းဆိုးတန်းလမ်းရှိ စာအုပ်အဟောင်းရောင်းသူ တစ်ဦး ကတော့ ရန်ကုန်စာကြမ်းပိုးကို အဝေးက လှမ်းတွေ့သည်နှင့်.. “လာဘ်တိတ်တဲ့ငနဲတော့ လာပြီ။ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထိုင်မြည်းတော့တာပဲ။ စာအုပ်ရေ ငါးဆယ်လောက်လည်းပြည့်ပြီးရော တစ်အုပ်မှမဝယ်ဘဲ ထလစ်သွား ကရော။ အလကား အယားဘူး၊ အရူးပါးကြီး” ဟု ညည်းညူကျိန်ဆဲ တတ်သည်။

” သူ့ကိုနားလည်ပေးသင့်ပါသဗျာ။ သူမှ တကယ့်စာပေမြတ်နိုးသူဗျ။ စာအုပ်စာပေကို တကယ်စွဲလမ်းတွယ်တာတယ်။ စာအုပ်တွေ့တာနဲ့ ဘာစာအုပ်ဖြစ်ဖြစ် ကောက်မကိုင်ဘဲ မနေနိုင်ဘူး။ စာတစ်ပိုဒ်လောက် ကောက်မဖတ်ဘဲ မနေနိုင်ဘူး။ တကယ့် စာချစ်သူကြီးပါဗျာ” ဟု အခြားစာအုပ်သည်တစ်ယောက်က ရန်ကုန်စာကြမ်းပိုးဘက်မှ ရှေ့နေလိုက်သည်။

တကယ်တော့ ရန်ကုန်စာကြမ်းပိုး၏ အဖြစ်မှန်ကို မသိသူတွေ များ သည်။ ရန်ကုန်စာကြမ်းပိုးမှာ စာအုပ် နှင့် မျက်နှာမခွာဘဲ နေခဲ့ရာ အလုပ်တာဝန် လစ်ဟင်းပေါင်းများသဖြင့် အလုပ်ပြုတ်သွားသည်။ စာဖတ်ရင်း အိပ်ပျော်သွားတတ်သဖြင့် သူ၏ ကြင်ရာ ဇနီးကလည်း စိတ်ပျက်လာ ပြီး “ရှင့်စာအုပ်တွေနဲ့ပဲပေါင်းတော့။ ကျွန်မနဲ့ မပေါင်းနဲ့တော့” ဟု ဆိုကာ အိမ်ပေါ်မှဆင်းသွားသည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ရန်ကုန်စာကြမ်းပိုးကို နားမလည်နိုင် ကြတော့ဘဲ သူ့အနီးမှ ဖြည်းဖြည်းချင်း ခွာကုန်ကြသည်။

” ဒီငနဲကို ဘယ်တော့တွေ့တွေ့ စာအုပ်နဲ့မျက်နှာနဲ့မခွာဘူး။ တစ်နေ့က ငါ့အနားလာထိုင်တော့ သူ့ဆီက အနံ့ဆိုးကြီးထွက်လာတယ်။ ဒါနဲ့ ငါက (ဟေ့လူ..ခင်ဗျားကိုယ်က ချံစော်နီးတယ်) လို့ ပြောလိုက်မှ ငနဲက စာအုပ်ကိုပိတ်ပြီး (ဟုတ်ပါရဲ့.. ကျွန်တော် အိမ်သာတက်ရင်း စာဖတ်နေတာ။ သန့်ရှင်းရေးမလုပ် မိဘဲ ပြန်ဆင်းလာမိတယ်။ ဆောရီး ဗျာ) လို့ တောင်းပန်တယ်။ ပြီးတော့လစ်ကရော”

ရန်ကုန်စာကြမ်းပိုး၏ အသိ တစ်ယောက်က အထက်ပါအတိုင်း သတင်းပေးသဖြင့် ကျန်အသိမိတ် ဆွေများမှာ ရန်ကုန်စာကြမ်းပိုးထံမှ “ချံစော်နီး” မှာကြောက်ပြီး ဝေးဝေးက ရှောင်ကြလေတော့သည်။ ရန်ကုန်စာကြမ်းပိုးကတော့ သူ့ကိုတစ်ကမ္ဘာလုံးကရှောင်သွားလည်း အရေးစိုက်နေမည်မဟုတ်ပေ။ သူ့ လက်ထဲမှာ စာအုပ်တစ်အုပ်ရှိနေပါက တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်နေရသလို ကျေနပ်နေမှာဖြစ်သည်။ စိတ်ကောင်းရှိရှာသော အိမ်နီးချင်း ပင်စင်စားအဘိုးကြီးတစ်ဦးကတော့ ရန်ကုန်စာကြမ်းပိုးကို ရိုးရိုး သားသား စပ်စုသည်။ ” မောင်ဟိုဒင်းရယ်..မင်းကိုဘယ်တော့ကြည့်လိုက်၊ ကြည့်လိုက် စာအုပ်နဲ့မျက်နှာ ခွာတယ်မရှိဘူး။ စာကိုဘိန်းစွဲသလိုစွဲနေတာတော့ မဟုတ်ပါဘူးနော်”

” ဘိန်းစွဲတာထက်ပိုတယ်ခင်ဗျ။ ယာဘဆေးပြားစွဲတာထက်လည်း ပိုဆိုးတယ်။ အမ်ဖက်တမင်း စိတ်ြ<ွက ရူးသွပ်ဆေးစွဲတာထက်တောင် အပုံကြီးပိုသေး။ စာအုပ်တွေနဲ့နေပြီး စာအုပ်တွေထဲမှာ အာရုံစူးစိုက်ထား တာဟာ ကျွန်တော့်ဘဝ အဓိပ္ပာယ်ပါပဲခင်ဗျာ” ဟု ရန်ကုန်စာကြမ်းပိုးက လေကြီးလေကျယ်ဖြင့် ဖြီးလုံး ထုတ်လိုက်ရာ စိတ်ကောင်းရှိရှာသော အဘိုးကြီးမှာ.. “အေး..အေး ကံနာ၊ ဝဋ်နာဆိုတာ ဒါမျိုးပေါ့” ဟုသာ ညည်းတွား ရေရွတ်နိုင်ရှာလေသည်။ တစ်နေ့တွင် ပန်းဆိုးတန်းဇော်ကြီးဟု နာမည်ကြီးသော ပန်းဆိုးတန်းလမ်းမှ စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာ ရန်ကုန်စာကြမ်းပိုး စာထိုင်ဖတ်နေသည်။ ပန်းဆိုးတန်း ဇော်ကြီးဟု နာမည်ကြီးရခြင်းမှာ ဇော်ကြီးသည် ဈေးရောင်းမကောင်း၊ စာအုပ်အရောင်းပါးလျှင် စိတ်တိုပြီး စိတ်နောက်ကိုယ်ပါ လုပ်တတ်သော ကြောင့် ဖြစ်သည်။

“ဒီမှာ ဆရာပိုး..” ဟု ဇော်ကြီးက မိုက်ကြည့် ကြည့်ပြီး ခါးထောက်ရပ်ရင်း ခေါ်လိုက်သည်။ ရန်ကုန်စာကြမ်းပိုးမှာစာထဲတွင် အာရုံနှစ်ထားသဖြင့် ဇော်ကြီးခေါ်သံ ကို မကြား။ ဇော်ကြီးသည် မျက်နှာကြီး နီလာပြီး အသံကိုမြှင့်လိုက်သည်။ ” ကျုပ်ကညစ်နေတာနော်။ စာအုပ်ဈေးကွက်ပျက်နေလို့ စာပေပွဲတော်တွေလုပ်ပြီး အဲဒီမှာ စာအုပ်သွားရောင်းတော့လည်း မဟန်ဘူး။ လျှော့ဈေးနဲ့ချရောင်းတော့လည်း မဝယ်ကြဘူး။ အလကားပေးတာ တောင် အိမ်မှာ စာအုပ်ထားရတာ ရှုပ်သလေး၊ ဘာလေးနဲ့။ လမ်းသွားလမ်းလာတွေက စာအုပ်ထိုင်ရောင်းနေတဲ့ ကျုပ်ကို သနားတဲ့မျက်လုံးတွေ နဲ့ ကြည့်သွားကြတယ်။ တချို့ကဆို ပါးစပ်ကသာထုတ်မပြောတာ။ ကျုပ်ကို အရူးလို့ထင်နေကြတယ်။ တစ်ယောက်ကလည်း သူ့မိုဘိုင်းဖုန်း ကလေးထုတ်ပြပြီး (ဟောဒီထဲမှာ အကုန်ဖတ်လို့ရသကွ) လို့တောင် ရိသွားသေးတယ်။ ကျုပ် ညစ်နေပြီဗျာ။ ခင်ဗျား ဂိုးတော့..မဂိုးရင်” ပန်းဆိုးတန်းဇော်ကြီးက လက်သီးဆုပ်လိုက်သည့်အခိုက်မှာပဲ ရန်ကုန်စာကြမ်းပိုးသည် ဖျတ်ခနဲ ထရပ်လိုက်သည်။ ဇော်ကြီးကို အသနားခံသည့် မျက်နှာကလေးဖြင့် မော့ကြည့်သည်။ “ခွင့်လွှတ်ပါကွာ..ငါ့ကို ခွင့်လွှတ်ပါ။ စာအုပ်လောကကြီး နိဂုံး မချုပ်ခင် ငါအငမ်းမရ တဝတပြဲ စာဖတ်သွားပါရစေ..နော်..နော်” စကားဆုံးသည်နှင့် ရန်ကုန် စာကြမ်းပိုးသည် စာအုပ်ဆိုင်ရှေ့က နေ မျက်ရည်စက်လက်နှင့် ထွက်ခွာ သွားရှာလေသတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*