အသံဆု အသုံးအနှုန်း

အသံဆု အသုံးအနှုန်း
December 13, 2016 Asian Fame
အသံဆု အသုံးအနှုန်း

mgbayd

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် အသံဆုပေးတာ မှန်လား၊ မှားလားဆိုတာကိုလေ့လာ ကြပါစို့။ ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် ကတည်းက စပေးခဲ့တာ ၆၄ နှစ်ရှိပါ ပြီ။ မပေးဖြစ်ခဲ့တဲ့နှစ်က ၁၉၈၆၊ ၈၇၊ ၈၈ သုံးနှစ်ပါ။ ၁၉၉၄ ခုနှစ်မှာ အသံဆု စတင်ပေးပါတယ်။ ၂ဝ၁၄ ခုနှစ် ဖလင်ခေတ်ကုန်ဆုံးသွားတဲ့ အထိပါပဲ။၂ဝ၁၄ ခုနှစ်မှာ ဖလင်ခေတ် ကုန်သွားပြီ။ Digital အစားထိုးဝင် လာတယ်။ Digital ခေတ်မှာ ရုပ်ရှင် ရိုက်ကူးရေး၊ ထုတ်လုပ်ရေးစနစ်တွေ ပြောင်းသွားပြီ။

ကင်မရာ၊ အသံဖမ်းစနစ်၊ တည်းဖြတ်၊ နောက်ခံတေးဂီတ၊ Sound Design 5.1, 7.1, 11.1 Surounding ပြီးတော့ Final Mixing ဆွဲခြင်းအဆင့်ဆင့်ကိုလုပ်ရတယ်။ အသံပိုင်းဆိုင်ရာပြီးရင် DCP လုပ်တဲ့ ပညာရှင်ဆီပို့ရတယ်။ Color Correction လုပ်ပြီး ရုပ်သံကို DCP လုပ်ရတယ်။ ရုပ်ရှင်ရုံတွေမှာလည်း Digital နည်းပညာနဲ့ ပြသရေးစနစ်ကို မြှင့်တင်ထားပါပြီ။ ရုပ်သံအလွန် ကောင်းအောင် ပြသနေသော အပြိုင်အဆိုင်ခေတ်သို့ ရောက်နေပါပြီ။ Digital နဲ့ပတ်သက်လို့ ရုပ်သံစနစ်က လိုက်မမီအောင်ကို ပြောင်း လဲနေတာပါ။ နည်းပညာက Up to Date ဖြစ်နေလို့ပါ။

ရုပ်ရှင်ရိုက်ကူးတဲ့အခါ စကားလုံး Dialogue အသံကို သီးခြားဖမ်းယူရတယ်။ ပြီးရင်တည်းဖြတ်ခန်းကို ပို့ရတယ်။ အသံတွေ စစ်ထုတ်ပြီး အရုပ်နဲ့ကိုက်ညီအောင် ဆက်ပါတယ်။ ဒါဇာတ်ကားဆက်ခြင်းပါ။ ပြီးတော့ Audio Post Production လုပ်တဲ့ဆီပို့ရတယ်။ အဲဒီမှာ Sound Mixing လုပ်တဲ့ဆရာက အသံ File ကို OMF Project File နဲ့ ပို့ပေးပါလို့ ကားဆက်ဆရာကို ပြောတော့တချို့က OMF ကို မသိသေးတဲ့အတွက် အသံကိုရှိတဲ့ အတိုင်းအတောင့်လိုက်ပို့လိုက် တယ်။ OMF သည် Open Media Framework ကို ဆိုလိုတာပါ။

ဒီတော့ Sound Post Production ကုမ္ပဏီက ရောက်လာတဲ့ အသံတွေကို အရင်ဆုံးသန့်စင်ရတယ်။ Noise ဆိုတဲ့ ဆူညံသံတွေကို ဖယ်ထုတ်၊ ရှင်းထုတ်ရတယ်။ ပြီးတော့ အသံအနိမ့်အမြင့်၊ အနီးအဝေး Level တွေချိန်ရတယ်။ ပျက်စီးတဲ့အသံတွေကို ပြန်ပြုပြင်ရတယ်။ ဒီကြားထဲ အသံဖမ်းစဉ်က ပါမလာတဲ့အသံတွေ ပြန်သွင်းဖို့ လုပ်ရတယ်။ စကားလုံးအသံတွေ ရှင်းအောင်၊ ပီသအောင်လုပ်ရတယ်။ အားလုံးပြီးမှ Sound Design လုပ်ရတယ်။ ဇာတ်ကားရဲ့ ပတ်ဝန်းကျင် အသံပေါ့။ ဥပမာ- ဖိနပ်သံ၊ ကားသံ၊ တံခါးပိတ်သံ စတာတွေပေါ့။ အဲဒီမှာ ထုတ်လုပ်သူအပ်ထားတဲ့ 5.1, 7.1, 11.1 Suroundingလုပ်ပေးရတယ်။ အဲဒီအတွက် နောက်ခံတီးလုံးတီးသူကို တီးလုံးတွေ Track ခွဲပေးပါလို့ ပြောရတယ်။ ဒါမှ တီးလုံးအသံကိုလိုအပ်သလိုလုပ်ပေး နိုင်မယ်။ အဲဒါတွေအားလုံးပြည့်စုံပြီဆိုခါမှ Sound Engineer က Final Sound Mixing ဆွဲပါတယ်။ တချို့ Studio မှာတော့ နိုင်ငံခြား ပညာရှင်တွေ လာလုပ်ကြတယ်။ အသံပိုင်းဆိုင်ရာ ပြည့်စုံ ကောင်းမွန်စွာလုပ်ပြီးရင် DCP လုပ်တဲ့ဆီပို့လိုက်ရတယ်။ ဒါကရုပ်ရှင် လုပ်ငန်းအဆင့်ဆင့်ပါ။

အခုပြောနေတဲ့ Sound Design ဆိုတဲ့နေရာမှာ Foley ဆိုတာ ရှိပါသေးတယ်။ ဒါက ဟိုးဖလင်ခေတ်ကတည်းက ရှိတာပါ။ လက်သီးသံ၊ မြင်းခွာသံ၊ ငှက်သံ၊ ဥသြသံ အစရှိတာတွေပေါ့။ တချို့ အသံကိုတော့ အသံတုဆရာကလုပ်ပေးတယ်။ အဲဒီတုန်းက ကြယ်တစ်လုံး၊ ချန်ပီယံတင်ညွန့်၊ ဦးရဲမြင့်လေးတို့က ရုပ်ရှင်မှာ အသံတုသွင်းပေးသူတွေပေါ့။ အဲဒီအသံတုတွေကို Foley လို့ပြောတာပါ။

ဟိုတုန်းက ဒါရိုက်တာ ရှုမဝ ဦးကျော်က “အပယ်ရတနာ” ဇာတ်ကားကို ပုဂံမှာ သွားရိုက်ခဲ့တယ်။ အဲဒီမှာလှည်းဝင်ရိုးသံတစ်ညံညံပေါ့။ ဇာတ်ကားဆက်ပြီးတော့ ဒါရိုက်တာက ဘုရားတွေကြားမှာ ခေါင်းလောင်းသံတွေထည့်ချင်တယ်ဆိုတော့ Sound Engineer ဆရာ ဦးကျော် (ဂီတမှူး ကိုသက် Oasis ရဲ့ဖခင်)က ရွှေတိဂုံဘုရားသွားပြီး ခေါင်းလောင်း သေး၊ ငယ်၊ ကြီးတွေဝယ်လာခဲ့တယ်။ ခေါင်းလောင်းသံတွေကို 16 Speed နဲ့ဖမ်းတယ်။ ပြီးတော့ ၃၁-၄(၃ ကွာတာ) နဲ့ ပြန်ချ လိုက်တော့ အသံလေးသွားတယ်) ခေါင်းလောင်းသံကြီးရသွားတယ်။ အဲဒါ Foley ပဲ။

ဟိုတုန်းက ရုပ်ရှင်ဖလင်ခေတ်မှာ အသံပညာရှင် Engineer က Mr. Singh ဆရာ ဦးကျော်၊ ဆရာ ဦးရွှေဝင်း၊ ကိုရွှေမောင်၊ ကိုစိန်မြင့်၊ ကိုအေးမြင့်၊ ဦးဖိုးထောင်တို့ပေါ့။ ကိုစိန်မြင့်၊ ကိုအေးမြင့်၊ ဦးဖိုးထောင်တို့က အသံဆုရကြတယ်။ သူတို့ခေတ်က Ampex Recorder တွေ သုံးကြတယ်။ တချို့ က သယ်ရလွယ်အောင်သေးတဲ့ UHER ကို အသုံးပြုကြတယ်။ ဂျာမနီမိတ်ပေါ့။ အေဝမ်း၊ မဟာဝိဇ္ဇာ ဓိုရ်၊ ရန်ကုန်၊ စိန်မောင် Studio တွေမှာ Ampex Recorder ကိုပဲ သုံးကြတယ်။ တလောက နိုင်ငံခြားက အသံပညာရှင်တစ်ဦး ရောက်လာတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရုပ်သံတွေ ကြည့်ပြီး အားမရဖြစ်သွားတယ်။ အမှန်တော့ နည်းပညာအားနည်းတာ။ စက်အကောင်းစား၊ အမြင့်စားတွေ မသုံးနိုင်ဘူး။ Software အသုံးပြုပုံကိုကြည့်ပြီး License Version မဟုတ်ဘူးလို့ မှတ်ချက်ပြုသွားတယ်။

နိုင်ငံတကာမှာ အသံဆုပေးတာမရှိဘဲ Sound Mixing လုပ်တဲ့ဆုပဲပေးတယ်။ အသံဆုလို့ မသုံးနှုန်းဘူး။ အသံဆုဆိုတဲ့ အခေါ်အဝေါ်တော့ ပြင်သင့်ပါပြီ။ အခုအချိန်မှာ နိုင်ငံ တကာအဆင့် ပြသနိုင်ရေးကို ကြိုးစားနေတဲ့အချိန်၊ ပြည်တွင်းမှာ ပြုလုပ်နေတဲ့ အသံပိုင်းဆိုင်ရာ နည်းပညာတွေဟာ အလွန်အားနည်းနေလို့ပါ။ Studio ကောင်းကောင်း မရှိကြဘူး။ နေအိမ်မှာပဲ လုပ်နေကြတဲ့အတွက် အသံစနစ် မအောင်မြင်နိုင်သေးဘူး။Online မှာ အသံဆုအကြောင်းတက်လာတာကို အသေအချာ ဖတ်လိုက်ရတယ်။ BALANCING AND MIXING စတာတွေကို လုပ်ကိုင်တဲ့ အသံပညာရှင်များကို ဦးစားပေးရ မယ်လို့ဆိုထားတယ်။ သို့ဆိုသော်လည်း မနှစ်ကထိ အသံဆုများမှာ စလယ်ဆုံးလုပ်ကိုင်သူ Sound Mixing ပညာရှင်ဟူ၍ ရှိခဲ့ပေသည်။မည်သို့ပင်ဖြစ်စေ၊ အခုနှစ်အတွက် ဖော်ပြထားတဲ့အတိုင်းအသံဆုကို Final Sound Mixing ပြုလုပ်သူကိုသာ ပေးမည်ဆိုပါက အသံဆုနေရာမှန်သွားနိုင်ပါတယ်။ မြန်မာ့ရုပ်ရှင်တိုးတက်ဖို့ ကျွန် တော်တို့များစွာကြိုးစားကြရပါဦး မယ်။

ဒါရိုက်တာ မောင်ဗေဒါ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*