လင့်စင်ပေါ်က လောကအမြင်

လင့်စင်ပေါ်က လောကအမြင်
December 13, 2016 Asian Fame
လင့်စင်ပေါ်က လောကအမြင်

saw-ba-yan

စောဘရန်ငြိမ်း

“ဟေ့..ငမည်းလေးဗျစ်ခါးဝမ်းလီတာနဲ့ သူတော်ကောင်း ကြော် တစ်ပွဲပါဆယ်”

ဒေါက်တာ ဗျံငြိမ်းဟာ သူ ချောင်းမြောင်းရာ လင့်စင်ပေါ်ကနေ ဆင်းလာပြီး လူသားဟင်းလျာရောင်း တဲ့ တောတွင်းစားသောက်ဆိုင် ကလေးမှာ သူ့အတွက် ညစာလာ ဝယ်တာဖြစ်ပါတယ်။ ဒေါက်တာ ဗျံငြိမ်းအတွက် ဒီနေ့ည ညစာမှာ ဗျစ်ခါးတစ်လီတာနဲ့ သူတော်ကောင်း   ကြော် တစ်ပွဲပါပဲ။

လူမည်းကောင်လေးက သူမှာ ထားတဲ့ စားသောက်ဖွယ်ကို ယူလာ ပေးတဲ့အခါ ဒေါက်တာ ဗျံငြိမ်း သူတော်ကောင်းကြော်ကိုကြည့်ပြီး မျက်နှာက ရှုံ့မဲ့သွားတယ်။

“ဟေ့ကောင် ငမည်း
မင်းသူတော်ကောင်းကြော်က လည်း အသားကိုမပါဘူး။
အရိုးချည်းပါလားဟ”

ဒီအခါ လူမည်းကောင်လေးက ဒေါက်တာ ဗျံငြိမ်းကို အခုလိုရှင်းပြ ပါတယ်။

“ဒေါက်တာကြီးကလည်းဗျာ
သူတော်ကောင်းကောင်တွေဆို တာ ‘ဘိုင်’ တွေချည်းပဲ။ ဘယ်မှာ အစားကောင်းအသောက်ကောင်း စားခဲ့ရမှာလဲဗျာ။ ဒီတော့ အရိုး ချည်း ပဲ ရတော့မှာပေါ့။ ဈေးကလည်း ကြည့်ဦး။ ခွေးသားဈေးထက် သက် သာတာကိုး..”

လူမည်းလေး ဒီလိုပြောလိုက် တော့ ဒေါက်တာ ဗျံငြိမ်း သဘောကျ သွားတယ်။ မှန်တယ်။ သူတော် ကောင်းဆိုတာ လုပ်ငန်းရှင်မဟုတ်၊ စီးပွားရေးသမားလည်းမဟုတ်။ ဒါကြောင့် ဘိုင်ဖြစ်တယ်။ ဘိုင်ဖြစ် တော့ အဆီ၊ အသားမရှိ။ ဒီလို ဆက် စပ်ဆင်ခြင်လိုက်တဲ့အခါ ဒေါက် တာ ဗျံငြိမ်းက လူမည်းစားပွဲထိုးကလေးကို ကျေးဇူးတင်သွားပါတယ်။ ဒေါက်တာ ဗျံငြိမ်းဆိုတာကလည်း ‘လူသားစား မနုဿများ၏ စီးပွားရေး အမြင်ကျမ်း’ ပြုစုနေဆဲ ပုဂ္ဂိုလ်ကြီးပါ။

ဒါနဲ့ ဒေါက်တာဗျံငြိမ်း ဆက် ပြီး စပ်စုတယ်။ ဒယ်အိုးထဲမှာ ဆီပူ ထိုးနေတဲ့ ဟင်းလျာကို စိတ်ဝင်စား ပြီး မေးကြည့်လိုက်တယ်။ အခု မင်းတို့ဆီပူထိုးနေတဲ့ အသားက ဘာသားလဲပေါ့။ ပြန်ဖြေတယ်..

“သြော်..ဒါက အာဖရိက လမ်းပြ ဆီပူထိုးလေ။ ငါးဒေါ်လာ ပါ”

အင်း..သူတော်ကောင်း ကြော်က နှစ်ဒေါ်လာ၊ အာဖရိကလမ်း ပြက ငါးဒေါ်လာဆိုတော့..

ဒေါက်တာဗျံငြိမ်းအမေးကို ဒီလို ဆက်ရှင်းပြတယ်။

“လမ်းပြဆိုတာ လူရည်လည် တဲ့ အကောင်တွေလေ။ ပိုက်ဆံရှိ၊ လက်ဖွာနဲ့တွေ့ရင် ဘောက်ဆူး ကောင်းကောင်းရတဲ့ကောင်တွေ။ ဒီတော့ သူတို့အသားက သူတော် ကောင်းကြော်တွေ အသားထက် ပိုတန်ဖိုးကြီးတာပေါ့”

ဒေါက်တာဗျံငြိမ်း ပြန်စဉ်းစား တယ်။

“အင်း..ဟိုနေ့က ဒီဆိုင်မှာ အမဲလိုက်မုဆိုး ရေလုံပြုတ်တောင် လေးဒေါ်လာပေးခဲ့ရတာဆိုတော့ အခု လမ်းပြဆီပူထိုးက ဈေးမဆိုး ဘူး”
ဒယ်အိုးအတွင်းမှာတော့ အာဖရိကလမ်းပြဟာ သူ့ဆီသူ အတော်အထိုးခံနေရပြီလေ။

ဘာပဲဖြစ်ဖြစ် ဒေါက်တာဗျံငြိမ်း ရဲ့ တစ်ရက်အဖို့ အချက်အလက် စုဆောင်းမှုဟာ လုံလောက်ပြီမို့ သူ့ရဲ့ လင့်စင်ဆီ ပြန်အနားယူပါ တယ်။ ဗျစ်ခါးလေးမြုံ့လိုက်၊ သူတော် ကောင်းအရိုးလေးကိုက်လိုက်နဲ့ အနားယူရဦးမယ်လေ။ မနက်ဖြန်ကျ တော့ ဒီနေ့ လူသားဟင်းလျာ ဆိုင် ထက်ပိုပြီး နာမည်ကြီးတဲ့၊ ဈေးလည်း ပိုကြီးတဲ့ ‘အထူးလူ သားဟင်းလျာ ဆိုင်’ကို ဆက်လေ့လာဖို့ ပြင်ဆင်နေ တော့တယ်။

(၂)

ဒေါက်တာ ဗျံငြိမ်း လင့်စင်ပေါ် က ဆင်းလိုက်တယ်။ အထူးလူသား ဟင်းလျာအရောင်းဆိုင်ကို တန်း သွားတယ်။ ရောက်ပြီ။

ဆိုင်သစ်ရဲ့ စားဖိုချောင်ဒယ်အိုး ကြီးထဲမှာ လူသားစွပ်ပြုတ်ကို တွေ့ လိုက်ရတယ်။ ဒါနဲ့ စွပ်ပြုတ်ကို စိတ် ဝင်စားပြီး ဘာစွပ်ပြုတ် လဲ မေးတော့

“ဒါ..ရော်ဘင်ဆင်ကရူးဆိုး စွပ်ပြုတ်”

အင်း..ရော်ဘင်ဆင်ကရူးဆိုး တော့ စာအုပ်ထဲမနေဘဲ အပြင်ထွက် လာလို့ သူ့ခမျာတော့ စွပ်ပြုတ်ဖြစ် သွားပြီ။ ဘယ်တတ်နိုင်မလဲ။ စွပ်ပြုတ်ဈေးမေးတော့ တစ်ဆယ် ဒေါ်လာတဲ့။ ဈေးကြီးလှချည်လား ပြောတော့ သူတို့က ရှားပါးဟင်းလျာ မျိုးစိတ်ဖြစ်ကြောင်း၊ ရော်ဘင်ဆင် ကရူးဆိုး ဆိုတာ ကမ္ဘာပေါ်မှာ တစ် ယောက်တည်းသာရှိလို့ ဆယ် ဒေါ်လာ ရောင်းကြောင်း ပြောတာ ဖြစ်တယ်..တဲ့။ ဒေါက်တာ ဗျံငြိမ်း လည်း သူအလိုချင်ဆုံး ရှားပါး ဟင်းလျာအကြောင်းသိရလို့ အသေး စိတ် ရေးမှတ်ယူနေတယ်။ ဒီလို ရေးမှတ်ယူအပြီး ဗလကောင်းကောင်း လူကြီးတစ်ဦးက ငရုတ်ဆုံကြီးတစ်လုံး နဲ့ လူသားအသားတချို့ကို အားရ ပါးရ ထောင်းနေတာကို ဒေါက်တာ ဗျံငြိမ်း တွေ့ရပြန်တယ်။ ငါးပိနံ့လေး လည်း ရနေလို့ လူသားနဲ့ငါးပိရော ထောင်းနေမှန်း ဒေါက်တာဗျံငြိမ်း သိလိုက်ပြီး ပိုစိတ်ဝင်စားသွားတယ်။ အထောင်းခံနေရတဲ့ လူသားရဲ့ အသားကလည်း အလွန်မာပုံရ တယ်။ အဆီပြင်လုံးဝမပါဘူး။ အရိုး ရော၊ အကြောရော၊ အသားရောက ကျစ်ပြီးမာနေလို့   ထောင်းသူမှာ အတော်အားစိုက်ထောင်းနေရတာ တွေ့ရတယ်။ ဒါနဲ့ မေးကြည့်တယ်။ “ဒါကဘာငါးပိထောင်းလဲ”ပေါ့။ သူတို့ပြန်ဖြေတာ..

“ဒါ မြိုင်ယံဖွား ငါးပိထောင်း လေ..” ။ ဒေါက်တာဗျံငြိမ်းက ဒီ ငါးပိထောင်းနာမည်ကို တယ်ကဗျာ ဆန်ပါလားလို့ တွေးရင်း ဒီငါးပိ ထောင်းက ဘာနဲ့ထောင်းတာလဲ မေး တော့..

“တာဇံကို ငါးပိနဲ့ထောင်းတာပါ”

ဒီတစ်ခါ လန့်သွားသူက ဒေါက်တာ ဗျံငြိမ်းပေါ့။ ဒီလူတွေ မြို့ပေါ်ကလူတွေကိုသာ ထောင်းတာ၊ ပြုတ်တာ၊ ဆီပူထိုးတာမဟုတ်ဘဲ သူတို့ တောတွင်းသားအချင်းချင်း လည်း ချမ်းသာမပေးကြပါလားပေါ့။ ဒီအခါ စားဖိုမှူးက..

“ဒေါက်တာကြီး..အစာသွပ် အထွေထွေဝန်ဆောင်မှု အမျိုးသမီး လုပ်ငန်းရှင်ဖုတ်ကလေး မြည်းဦး မလား..”

အမလေး..အမျိုးသမီးလုပ် ငန်းရှင်ကို မီးဖုတ်ထားတာ.. တဲ့။

ဒေါက်တာဗျံငြိမ်း လင့်စင်ပေါ် ပြေးတက်သွားပါတယ်။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*