ဖုန်းခေါ်သံ

ဖုန်းခေါ်သံ
December 12, 2016 Asian Fame
ဖုန်းခေါ်သံ

mhkyit

တစ်ယောက်ယောက်ဆီက ဖုန်းခေါ်သံကြားရလိမ့်မည်ဟု ထင်ထားပေမယ့် ယခုအချိန်အထိ ဖုန်းခေါ်သံ မကြားရပါ။ စာရေး စားပွဲပေါ်မှာ ရုတ်တရက် ကြည့်လိုက်လျှင် ဆရာဇော် ဇော်အောင်၏ ရိုမန့်တစ်အလွမ်း၊ ဆည်းဆာဖြူ၊ သရဖူဆောင်းပါးများလွမ်းလို့ရေးတဲ့ ကဗျာအစရှိသည့် စာအုပ်များကို တွေ့ရမှာဖြစ်ပြီး ထပ်မံ ကြည့်လိုက်ရင်တော့ ဆရာပါရဂူ၏ ဓမ္မဘဝတစ်လျှောက် နေသွားနည်း၊ အတတ်ပညာဆရာကြီး ဂိုအင်ကာ၏ ဓမ္မရေအလျဉ်မြိုင်(ဖေမြိုင် ဘာသာ ပြန်)၊ ဆန်းလွင်၏ ရွှေတောင်တက် ဒဿန စာအုပ်တို့ကို တွေ့ရမှာဖြစ်သည်။ နောက်ပြီး ဆရာသုခမိန်လှိုင်၏ ဘဏ်ဓားပြနှင့် မြန်မာကဗျာ ၂ဝ၁၅ တို့ကို တွေ့ရပြန်ပါသည်။ စာ အုပ်စင်ပေါ်မှာတော့ ကဗျာစာအုပ်များ၊ ဘာသာရေး စာအုပ်များ၊ မဂ္ဂဇင်းအဟောင်းများရှိနေကြပါသည်။

အခန်းထဲမှာတော့ ကျွန်တော် တစ်ယောက်တည်းစာအုပ်တွေနှင့် တိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေ သော အသံကို ကြားရတတ်သတဲ့။ ယခုအချိန်အထိ စာဖတ်ချင်သည်။ စာရေးချင်သည်၊ ရသမြောက် အက် ဆေး တစ်ခုခုရေးချင်သည်။ ဓမ္မရေ အလျဉ်ကို နားလည်ချင်သည်။ အသံ မမြည်သော အသံများကို ကြားနိုင် စွမ်း ရှိပါသလား။ အလေ့အကျင့် အပြင် အဆင်အကျင့်အကြံနှင့် အများကြီးဆိုင်သည်ဟု ယူဆချင်ပါ သည်။ တစ်ယောက်ယောက်ဆီက ဖုန်းခေါ်သံကြားရလိမ့်မည်ဟု ထင်ထားပေမယ့် ဖုန်းခေါ်သံမကြားရပါ။

ကျွန်တော်တို့ ရွှေစွန်မင်း စကား ဝိုင်းအဖွဲ့သားများသည် အလွန်အလုပ်ရှုပ်၏။ မောင်သစ်ဦး (မြစ်ခြေ) သည် စာသင်ခြင်း၊ မဂ္ဂဇင်း ထုတ်ခြင်း နှင့် အလုပ်ရှုပ်၏။ ရဲရင့် ပိုင်အောင် သည် သွေးအလှူဖြင့် အလုပ်ရှုပ်၏။ ဆရာစိုးနိုင် (မန္တလေး) တက္ကသိုလ် သည် သုတေသနလုပ်ခြင်း၊ ကဗျာရေး ခြင်း၊ ဆောင်းပါးရေးခြင်းများဖြင့် အလုပ်ရှုပ်၏။ တစ်ခါတစ်ခါ မဖိတ် ခေါ်ဘဲ ရောက်လာတတ်သော ပြဿနာများကိုလည်း ပညာရှိကြီး နေရာက ဖြေရှင်းပေးရတတ်သေး၏။ ဆရာတော် တက္ကသိုလ်တေဇာလင်း သည် တရားဟော၏။ စာအုပ်တွေ ဟောတစ်အုပ်ဟောတစ်အုပ်ထုတ်၏။ မောင်စိုးသစ် (မန္တလေး)နှင့် မင်းနဒီခ တို့သည် သူတို့၏ သက်ဆိုင်ရာ အလုပ်များဖြင့် အမြဲ ရှုပ်နေ၏။ နေသည် အရှေ့က ထွက်၏။ အနောက်ကို ဝင်၏။ ကြည့် မနေအားပေမယ့် ဤသို့ပင် လည်ပတ် နေလိမ့်မည်။ တစ်ယောက် ယောက်ဆီက ဖုန်းခေါ်သံကြားရ လိမ့်မည်ဟု ထင်ထားပေမယ့် ယခု အချိန်အထိ ဖုန်းခေါ်သံ မကြားရပါ။

ပြတင်းပေါက်က ကြည့်တော့ အုန်းပင်၏ အုန်းလက်များကို မြင်ရ သည်။ ပိန်ရှည်ရှည် ဒန့်သလွန်ပင်လည်း လေထဲမှာ လူးလူးလွန့်လွန့်၊ မန်ကျည်းပင်ကတော့ အုံ့အုံ့ဆိုင်း ဆိုင်း၊ မြောက်ဘက် ပြတင်းပေါက်မဟုတ် ဘဲ အရှေ့ဘက်ပြတင်းပေါက်က ကြည့်ရင်တော့ ရှမ်းရိုးမကို ရေးတေး တေးမြင်ရသည်။ အမှောင်ထုအနည်း ငယ်ရှိနေလို့ ဘုရားစေတီ ထုံးဖြူဖြူ ကြောင့်သာ နည်းနည်းထင်နေသည်။ လမ်းထဲမှာ ဆိုင်ကယ်သံများသွား လာနေသံကြားရသည်။ ကလေးများ ပြေးလွှားဆော့ကစားနေသေးသည်။ စက်ဘီးကို ထောင်ပြီး စီးသူစီး၊ စက်ဘီးကို အပြေးစီးသူစီးနှင့်သူတို့၏ အပူ အပင်ကင်းမဲ့မှုကို အားကျမိ သည်။ အတော်ကြာ စာကျက်မည်။ အိပ်မည်။ မနက်စောစောထမည်။ ကျောင်းသွားမည်။ ဟိုတုန်းက မိဘ ရင်ခွင် ကျောင်းနေစဉ်ကို သတိရမိ သည်။ ရည်ရွယ်ချက်နှင့် ရုန်းကန်လှုပ် ရှားခဲ့သော ဘဝကို သတိရမိသည်။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ကြ ပေမယ့် ပင်စင်အပေးခံခဲ့ရသည့် (ကုန်တိုက်ကော်ပိုရေးရှင်း ဝန်ထမ်း ဘဝ)ကို သတိရသည်။ အခန်းမီးကို ဖွင့်လိုက်သည်။ ရုတ်တရက် လန့်သွားသည်။ မီးရောင်အောက်မှာ မိမိလက် ၏ အရေပြားများ တွန့်ရှုံ့နေသည်ကို မြင်ရသည်။ ဇရာ၏အရိပ်အရောင် ပေများလား။ တစ်ယောက်ယောက် ဆီက ဖုန်းခေါ်သံ ကြားရလိမ့်မည်ဟု ထင်ထားပေမယ့် ယခုအချိန်အထိ ဖုန်းခေါ်သံ မကြားရပါ။

မောင်ကြည်သာ (တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*