မလျှော့သောဇွဲနဲ့ သံယောဇဉ်ခရီး Finding Dory

မလျှော့သောဇွဲနဲ့ သံယောဇဉ်ခရီး Finding Dory
December 9, 2016 Asian Fame
မလျှော့သောဇွဲနဲ့ သံယောဇဉ်ခရီး Finding Dory

finding_dory_poster3x2

ဒီဇာတ်ကားလေးက ကလေးကြိုက်ကာတွန်းရုပ်ရှင်ဇာတ်ကားသစ်လေးပါ။ တကယ်တမ်း ကလေးပရိသတ်အတွက် ရည်ရွယ်ထားတာဖြစ်ပေမယ့် လူကြီးပရိသတ်တွေလည်း သဘောကျတယ်ဆိုတာသိရတဲ့အတွက်ရယ်၊ ကြည့်ရှုသူအားလုံးသင်ခန်းစာယူစရာ အတွေးတွေပါနေတာရယ်ကြောင့် ဒီဇာတ် ကားလေးကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ဒါရိုက်တာ အန်ဒရူးစတန်တန် (Andrew Stanton) က ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ပြီး ၂ဝ၁၆ ခုနှစ် ရဲ့ ဇွန်လ ၁၇ ရက်နေ့က ရိုက်ကူး
ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ နောက်ခံစကားပြောအဖြစ် အသံပိုင်းဆိုင်ရာ သရုပ်ဆောင်ပံ့ပိုးသူတွေကတော့ ” အဲလန် ဒီဂျန်နာရာ့စ် (Ellen De Generes) နဲ့ သူ့ရဲ့ အပေါင်းအပါများဖြစ်ကြပါတယ်။ ဒီဇာတ်ကားလေးဟာ ရုံတင်နေဆဲကာလအတွင်းမှာ သန်း ၂ဝဝ ကုန်ကျခဲ့တာမှာသန်း ၉၃ဝ ကျော် ပြန်ဝင်လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

” မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ’ ဆိုတဲ့ စကားထဲကလိုမျိုး ပင်လယ်ကြီးရဲ့ ကျောက်ပန်း၊ ကျောက်ခက်တွေ ကြားမှာသာ ပျော်ရွှင်နေချင်တဲ့ “ဒိုရီ” ဆိုတဲ့ ငါးပြာလေးတစ်ကောင်ရဲ့ ချစ်စရာကောင်းပုံ၊ ပြီးတော့ သူ့ခမျာ တစ်မိနစ်အတွင်းမှာ ကြိမ်ဖန်များစွာ သတိမေ့လျော့တတ်တဲ့ ဝေဒနာက မွေးကတည်းက ပါလာပုံ။ အဲဒီ သတိမေ့လျော့ တဲ့ ရောဂါကြောင့်ပဲ သူ့ကိုအရမ်းချစ်တဲ့ မိဘတွေနဲ့ ကွဲသွားခဲ့ရပြီး မလျှော့သော ဇွဲ၊ လုံ့လကို အသုံးပြုကာ မိဘတွေကို စွန့်စွန့်စားစား လိုက်လံ ရှာဖွေပုံတွေအကြောင်း ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ မကြာခဏမေ့လျော့တတ်တဲ့ “ဒိုရီ” ဆိုတဲ့ ငါးပြာလေးရဲ့ ငယ်စဉ်ဘဝဟာ မိဘဖြစ် သူတွေက အထူးသတိနဲ့ စောင့်ကြပ်ကြည့်နေတဲ့ကြားက မမြင်သာတဲ့ကံကြမ္မာကြောင့် မမျှော်လင့်ဘဲ မိဘတွေနဲ့ ကွဲကွာသွားရရှာပါ တော့တယ်။ အဲဒီလိုနဲ့ အားကိုးရာမဲ့သွားပြီး “နိုမို” နဲ့ “မာလင်” ဆိုတဲ့ သားအဖနှစ်ယောက် ရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်နေရရှာတယ်။

တစ်နေ့မှာတော့ မကြာခင် နယ်မြေ ပြောင်းရတော့မယ့် မစ္စတာရေးဆိုတဲ့ ငါးက “ဒိုရီ” ကို သူ့ရဲ့သင်ကြားရေးလက်ထောက်အဖြစ် လုပ်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီလိုနဲ့ မစ္စတာ ရေးရဲ့ တပည့်တွေကို စာသင်ပေးနေရင်း “ငါ့အဖေနဲ့ အမေကို ရှာရဦးမှာပါလား” ဆိုပြီး အသိပြန်ဝင်လာတယ်။ ဒီအချိန်မှာပဲ သူအရင် က မိုရိုပင်လယ်အော်ရဲ့ ရတနာဆိုတဲ့ နေရာတစ်ခုမှာ နေခဲ့ဖူးတယ်ဆိုတာကို အသိစိတ်ထဲမှာ ထင်ဟပ်ပြီး ပေါ်လာတယ်။ ဒါကြောင့် မစ္စတာရေး ဆီကနေ ထွက်ခဲ့ ပြီး မိဘတွေကိုရှာဖွေတဲ့ခရီး စတင်ခဲ့ပါတယ်။ သူ့ရဲ့ မိတ်ဆွေ ရင်းချာဖြစ်တဲ့ နီမိုနဲ့ မာလင်တို့ သားအဖကလည်း ဒိုရီနဲ့အတူ အဖော်လိုက်ပြီး စောင့်ရှောက်ကြပါတယ်။ လမ်းခရီးမှာ လိပ်ကြီး “ခရပ်ရှ်” နဲ့ တွေ့တယ်။ လိပ်ကြီးခရပ်ရှ်ရဲ့ အကူအညီနဲ့ ကယ်လီဖိုးနီးယား ရေကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ကြတယ်။ အဲဒီမှာ ကိုယ်ချင်း မစာတတ်တဲ့ ကင်းမွန်ငါးကြီးတစ် ကောင်ရဲ့လိုက်လံကိုက်ဖြတ် စားသောက်မယ် လုပ်လို့ အသက်လုပြီး ပြေးကြရပြန်တယ်။

ရေပြင်ပေါ်အတက်မှာ အဏ္ဏဝါ သတ္တဝါ ကျောင်းက စေတနာ့ဝန်ထမ်းဆိုသူတွေနဲ့တွေ့ ပြီး ဒိုရီ အဖမ်းခံရတယ်။ အဲဒီကျောင်းက ကူ ကယ်ရာမဲ့ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ် ကုသပြီး စိတ်ချရတဲ့အနေအထား ရောက်ရင် မူလနေရပ်ကိုပြန်ပို့ပေးလေ့ရှိတယ်။ ဒါပေမဲ့ ပြန်ပို့ပေးမယ့် အစီအစဉ်ထဲ ဒိုရီပါမသွားဘဲ တံဆိပ်ကပ်ပြီး ကန့်သတ်အခန်းဆီ ပို့လိုက်တာကို ခံလိုက်ရပါတယ်။

အဲဒီရောက်တော့ ရေဘဝဲကြီး ဟန့်ခ် နဲ့ဆုံတယ်။ ” မင်းရဲ့တံဆိပ်က ထာဝရငါးပြခန်းကို ပို့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ လွတ်လမ်းမရှိဘူး” လို့ ရှင်းပြပြီး ဒိုရီရဲ့မိဘတွေကို ကူရှာပေးဖို့ ရေဘဝဲကြီးပါ အဖော်လိုက်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းဖြစ်ဖူးတဲ့ “ကံတရား” ဆိုတဲ့ ဝေလငါးမလေးနဲ့ ပြန်ဆုံတယ်။ သူတို့ကြောင့် ငယ်ငယ်တုန်းကအဖြစ်အပျက်တစ်ခုကို သတိရမိပြီး မိဘတွေဘယ်မှာရှိနိုင်တယ်ဆိုတာကို သိခွင့်ကြုံသွားတယ်။ကင်းမွန်ငါးကြီးရဲ့ တိုက်ခိုက်မှုတွေ ကြောင့် ထိတ်လန့်ပြီး လမ်းမှာ ပြတ်ကျန်ရစ်ခဲ့ကြရတဲ့ နီမိုနဲ့ မာလင်တို့ သားအဖတို့ကလည်း ပင်လယ်ငှက်တွေရဲ့ အကူအညီနဲ့ ဒိုရီကို လိုက်ရှာကြတာမှာ လမ်းတစ်ဝက် အရောက် မထင်မှတ်ဘဲ မှန်လုံအိမ်ထဲကို ရောက်သွားကြရရှာတယ်။

ဒိုရီနဲ့ ရေဘဝဲကြီး ဟန့်ခ်တို့ဟာ နေရာအနှံ့ တော့ ရောက်ခဲ့ကြပေမယ့် မိဘတွေရဲ့သတင်း အစအနကို မရသေးဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ဒိုရီဟာ သူငယ်ငယ်က နေခဲ့ဖူးတယ်လို့ထင်ရ တဲ့ နေရာတစ်ခုကို တွေ့လိုက်ရတယ်။ ပြခန်း အဝမှာ နိုမို တို့ကလည်း ဒိုရီကို တွေ့အောင်ရှာ ပြီး ကူညီကယ်တင်ဖို့အတွက် အတော်ခေါင်းစား နေ ပါတယ်။ ဒါနဲ့ လမ်းပေါ်က ရေပန်းတွေနဲ့ အတူ ရေကန်ထဲကို ရောက်သွားကြပြန် ရော။ ဒိုရီကလည်း မိဘတွေရှိလိမ့်မယ်လို့ ယူဆ ရတဲ့ကန်ထဲကို ရောက်ရပေမယ့် သူထင်ထား သလို မိဘတွေကို မတွေ့ရပြန်ဘူး။ ခရုခွံလေး တွေကို လမ်းခင်းပြီး သူငယ်ငယ်တုန်းက သူ့ မိခင် လမ်းပြပေးတာကို အတွေးထဲမှာ ပြန် အမှတ်ရလိုက်ပြန်ပါတယ်။ ကန်ထဲမှာတွေ့ရတဲ့ ဂဏန်းတွေရဲ့ ပြောစကားအရ ဒိုရီရဲ့ မိဘတွေနဲ့ ငါးပြာတွေအားလုံးဟာ အပြင်ကို ကားနဲ့သယ် သွားဖို့ ပြင်ဆင်ခြင်းခံနေရတယ်ဆိုတာပါပဲ။

ဒိုရီဟာ အဲဒီလိုသိလိုက်ရတာနဲ့ တစ်ပြိုင်နက်ပိုက်ကနေတစ်ဆင့် မိဘတွေရှိလောက်မယ်ထင်ရတဲ့ ကန့်သတ်အခန်းထဲကိုသွားဖို့ ပြင် ဆင်ပါတော့တယ်။ ဒိုရီဟာ ပိုက် ထဲကနေသွား နေတုန်း မေ့လျော့တဲ့ ရောဂါက ဝင်ဖောက်လို့ လမ်းမှားပြီး ပိတ်မိသွားပြန်ပါတယ်။ အဲဒီအချိန် မှာ သူငယ်ငယ်တုန်းက သူငယ်ချင်း ဖြစ်ခဲ့ဖူးတဲ့ “ကံတရား” ဆိုတဲ့ ဝေလငါးမလေးနဲ့ ဘေလီလို့ ခေါ်တဲ့ ဝေလငါးထီးတစ်ကောင်တို့ရဲ့ အကူ အညီကြေင့် ဒိုရီဟာ နီမိုနဲ့ မာလင်တို့ သားအဖနှစ်ယောက်နဲ့ ပြန်ဆုံကြရတယ်။ ဒီလိုနဲ့ ပိုက်လမ်းကြောင်းတစ်လျှောက်လုံး လိုက်လာရင်း ကန့်သတ်အခန်းထဲကို ရောက်ခဲ့ ကြပါတော့တယ်။ ပြန်လွှတ်ပေးတော့မယ့် ငါး ကန်ထဲမှာ ဒိုရီရဲ့ မိဘတွေမရှိ တော့ဘူးလို့ ပြောတာကြောင့် လမ်းစပျောက်သလိုဖြစ်ကာ ဝမ်းနည်းရပြန်ပါတယ်။ အဲဒီလိုခံစားနေရချိန်မှာ ရေဘဝဲကြီး ဟန့်ခ်က ဒိုရီကို ငါးကန်ထဲကနေ ပြန်ကယ်ထုတ်နိုင်ပေမယ့် နီမိုနဲ့ မာလင်တို့သား အဖကတော့ ငါးကန်ထဲမှာ ကျန်ရစ်ခဲ့ကြရပါ တယ်။

လိုက်ရှာနေတဲ့ ဝန်ထမ်းတွေက ရေဘဝဲကြီး ဟန့်ခ်ကို ဖမ်းမိတဲ့ အချိန်မှာ ဒိုရီပါလာတဲ့ ရေဖန်ခွက်ကြီး ကျကွဲပြီး ရေစီးကြောင်းနဲ့အတူ ပင်လယ်ထဲရောက်သွားပါတယ်။ အဲဒီမှာ တစ်လျှောက်လုံး အကူအညီတောင်းရင်းနဲ့ ငယ်ငယ်က မိခင် ခရုခွံလေးတွေနဲ့ လမ်းပြတဲ့နေရာကို ရှာတွေ့လိုက်ပါတယ်။ အမှန်တော့ အဲဒီနေရာ ဟာ ဒိုရီကို မိဘတွေက စောင့်နေခဲ့တဲ့ နေရာ ပါ။ ဒီလိုနဲ့ ဒိုရီဟာ မိဘတွေကို ပြန်တွေ့ခွင့်ရသွားပါတယ်။ သူကတော့ မိဘတွေနဲ့ ပြန်ဆုံ ရပြီး သူ့ကို တစ်ချိန်လုံး ကူညီစောင့် ရှောက်ခဲ့တဲ့ ကျေးဇူးရှင် နီမိုနဲ့ မာလင်တို့ သားအဖခမျာမှာတော့ တခြားအရပ်ကိုပို့မယ့် ကားကြီးထဲပါသွားတယ် လို့ ချက်ချင်းသိလိုက်ရပါတယ်။ အဲဒီတော့ နီမိုနဲ့ မာလင် တို့နှစ်ယောက်ကို ပြန်ကယ်ယူဖို့ ကြိုးစားရပြန်ပါတယ်။

ကံကောင်းချင်တော့ နီမိုတို့နဲ့ အတူ ရေဘဝဲကြီးဟန့်ခ် ပါသွားတယ်။ ဒါကြောင့် ဒိုရီက သူငယ်ချင်း ဖြစ်သူ “ကံတရား’ ဆိုတဲ့ ဝေလငါးမလေးရဲ့ အကူအညီကိုယူပြီး နီမိုတို့ကို ကယ် တင်ဖို့ ကြိုးစားပါတယ်။ နီမိုတို့ ပါလာတဲ့ကားကို လမ်းတစ်ဝက်ကနေ ရပ်တန့်အောင်လုပ်ပြီး ဒိုရီ ဟာ အသက်တမျှရင်းကာ စွန့်စားရပါတယ်။ အဲဒီမှာ ပင်လယ်ပျော် ဖျံကလေးတွေရဲ့ အကူ အညီကိုလည်း ယူရပြန်ပါတယ်။

ကားပေါ်က နီမိုတို့ကို ငှက်ကလေး “ဘက်တီ” ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက် စေခဲ့ပါတယ်။ ဒါပေမဲ့ ကားထဲမှာ ဒိုရီနဲ့ ရေဘဝဲကြီး ဟန့်ခ်တို့ ကျန်ခဲ့ပြန်ပါတယ်။ နီမိုတို့ က တစ်ခါပြန်ပြီး ငှက်ကလေး ဘက်တီကိုလွှတ် ကာ ကျန်ခဲ့တဲ့ ဒိုရီကို အကယ်ခိုင်းလို့ ကယ် ဆယ်ရပြန်တော့ ရေဘဝဲကြီးဟန့်ခ် ကိုပါ တစ်ခါတည်း လိုက်နိုင်အောင် ကြိုးစားရပြန်ပါတယ်။ သူတို့ အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ ကားရဲ့နောက်ဖုံး တံခါးပိတ်လိုက်တော့ သူတို့ ထွက်မရတော့ဘူး။ အဲဒီအခါ ဒိုရီတို့ဟာ ကားအပေါ်ခေါင် မိုးကနေ ထွက်ဖို့ကြိုးစားကြတယ်။ ဒီလိုနဲ့ ကြိုးစားကြရင်း ကားခေါင်းခန်းထဲရောက်သွားပြီး ကားကို ကိုယ်တိုင်မောင်းယူခဲ့ကြတာကို ကား ပြန်ပေးဆွဲတယ်ထင်ပြီး ရဲတွေက လမ်းကြောင်းကိုပိတ်လိုက်ကြတယ်။ ဒါနဲ့ ကားကိုမောင်းနှင်နေတဲ့ ရေဘဝဲကြီးဟန့်ခ်နဲ့ ဒိုရီတို့ဟာ ပင်လယ်ထဲ ကိုထိုးချပြီး လွတ်မြောက်လာခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်နေရာကိုယ် ပြန် ရောက်ကြတော့ ရေဘဝဲကြီးဟန့်ခ်က သင်ကြားရေး တာဝန်ခံ မစ္စတာ ရေးရဲ့နေရာမှာဝင်ယူပြီး အဏ္ဏဝါထဲက ရေသတ္တဝါလေးတွေကို သင်ကြား ပြသမှုတွေ ဆက်လက်လုပ်ဆောင်ပါတယ်။ ငါးပြာလေး ဒိုရီကလည်း သူခံစားနေရတဲ့ မကြာခဏ မေ့တတ်တဲ့ရောဂါ ပျောက်ကင်း ချမ်းသာခွင့်ရပြီး အရင်ကထက်ပိုပြီး ဥာဏ်ရည်ဥာဏ်သွေးတွေ တောက်ပြောင်လာခဲ့ပါတယ်။

ဒီဇာတ်ကားလေးက ဖျော်ဖြေရေးအတွက် ဆိုပေမယ့် တစ်ဦးအခက်အခဲကိုတစ်ဦးက မွန်မြတ်သန့်ရှင်းတဲ့ စိတ်တွေနဲ့ ကူညီရိုင်းပင်း ရင်း လောကကြီးမှာ ပျော်ရွှင်အောင်နေကြဖို့ အတွက် ရည်ရွယ်ထားတာ တွေ့ရသလို မိသားစုသံယောဇဉ်အတွက် အလေးအနက်ထားသင့် တယ်ဆိုတာရယ်၊ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေး မလဲဆိုတဲ့ စကားလို လုံ့လ၊ ဝီရိယနဲ့ မလျှော့ သောဇွဲကြောင့် နောက်ဆုံးမှာ ကိုယ်အလို ရှိတဲ့နေရာကို ရရှိနိုင်တယ်ဆိုတာတွေကိုပါ ပြောပြသွားတယ်လို့ ယူဆမိပါတယ်။

ဝင်းကိုမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*