ရန်ကုန် အက်တီဗိတ်

ရန်ကုန် အက်တီဗိတ်
December 6, 2016 Asian Fame
ရန်ကုန် အက်တီဗိတ်

kyunick

ရန်ကုန် အက်တီဗိတ်သည် လူထဲကလူ၊ သူလိုငါလို သာမညောင်ညလူစားမျိုးမဟုတ်။ အလုပ်များ၊ အလုပ်ရှုပ်သည့်နေရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထက်ပင် ကိုးဆယ်ဆမက ပိုမိုသာလွန်သည်။ သူအလုပ်ရှုပ်ရာ တွင် ခြေကလည်းရှုပ်၊ လက်ကလည်း ရှုပ်ပါးစပ်ကလည်း ရှုပ်သဖြင့် ဆူးလေဘိုးဘိုးကြီးသည် ရန်ကုန် အက်တီဗိတ်ကို မျက်စိရှုပ်လာကာ မကြာခဏ သတိပေးတတ်သည်။

” ဟဲ့..ကောင်စုတ်ကလေး။ ငါ့မှာတစ်နေ့တစ်နေ့ မော်တော်ကားတွေကို မျက်စိနောက်ရတဲ့အထဲ ဆပ်ပြာသည်လင်ပျောက်၊ ကျီးကန်း တောင်းမှောက်သလို ဖြစ်နေတဲ့ နင့်ကိုမြင်ရပြန်တော့ ခေါင်းတောင် မူးလာသဟဲ့။ နင် ငြိမ်ငြိမ်နေရင် ကောင်းမယ်” ရန်ကုန်အက်တီဗိတ်သည် ခပ်ညံ့ညံ့ဗီဒီယိုသရုပ်ဆောင်လို မျက်နှာပြောင်ကလေးဖြင့် ဆူးလေ ဘိုးဘိုးကြီးကို မော့ကြည့်သည်။

” ဟာ..ဘိုးဘိုးကလည်း ကျွန်တော့်အလုပ်က ငြိမ်ငြိမ်နေလို့မှမရတာ။ ကျွန်တော့်နာမည်ကိုက ရန်ကုန်အက်တီဗိတ်ပါလို့ဆိုနေ။ Activist ဆိုတာ တက်ြ<ွကလှုပ်ရှားသူ မဟုတ်လား ဘိုးဘိုးရဲ့။ တက်ြ<ွကလှုပ်ရှားသူဆိုတာ နာမည်ဂုဏ်ဒြပ်နဲ့အညီ လှုပ်လှုပ်ရှားရှားတော့ ရှိရမပေါ့။ ထုံထိုင်းလေးကွေးပြီး စကား မပြော၊ တုံဏှိဘောကြီးလုပ်နေလို့ ဘယ်ရမလဲ။ အဲသလိုနေလိုက်ရင် မူးယစ်ထုံထိုင်းစိတ်ကို ပြောင်းလဲစေတဲ့ ဆေးသုံးစွဲသူလို့ သင်္ကာမကင်းဖြစ်ပြီး ရဲက ကျွန်တော့်ကိုလာဆွဲ တော့မှာပေါ့” “နင့်ကို ရဲဖမ်းသွားရင်လည်း ငါမျက်စိအရှုပ်သက်သာသပေါ့ဟာ”

ရန်ကုန်အက်တီဗိတ်သည် သူ၏သမိုင်းဝင်ကျေးဇူးရှင် ဆူးလေဘိုးဘိုးကြီးအပေါ် အစာမကျေချင်တော့။ ဘိုးဘိုးကြီးမှာ အချောင်သမား၊ သာကူးစိတ်ဓာတ်တွေဝင်လာပြီဟု သံသယရှိလာသည်။ “ဒီမယ် ဘိုးဘိုးကြီး၊ ကျွန်တော်တို့ အက်တီဗိတ်တွေကို လျှော့မတွက်ပါနဲ့။ ကျွန်တော်တို့ဟာ ဘိုးဘိုးကြီး အပိုင်စားရတဲ့ ဆူးလေစေတီကြီးမပေါ်ထွန်းခင် ရှေးနှစ်ပေါင်းများစွာကတည်းက ကမ္ဘာပေါ်မှာ ရှင်သန်လှုပ်ရှားလာခဲ့ကြတဲ့ တက်ြ<ွကလှုပ်ရှားသူတွေပါ”” အံမယ်..အံမယ်..အဖေ့ ထက် သားတစ်လကြီးချင်တဲ့ အတိဇာတ လူမိုက်ကလေးပါလား” ဟု ဆူးလေဘိုးဘိုးကြီးက မျက်လုံးပြူး မျက်ဆံပြူးအော်သောအခါ ရန်ကုန်အက်တီဗိတ်က ဘိုးဘိုးကြီးကို မျက်နှာချိုသွေး၍ တောင်းပန်သည်။ မျက်နှာချိုမသွေး၍မဖြစ်။ ရန်ကုန်အက်တီဗိတ်နှင့် အပေါင်း အသင်းများမှာ ရန်ကုန်မြို့တော်၏ အကွက်အကွင်းအကျဆုံး အထင်ကရ နေရာ ဆူးလေစေတီတစ်ဝိုက်မှာ လူလုံးပြလှုပ်ရှားကြရသည်မဟုတ်လား။ ထိုနေရာမှာ လူလုံးပြလျှင် အင်တာနက်မှတစ်ဆင့် လူသိများကာ ကမ္ဘာကျော်ပုဂ္ဂိုလ်ပင် ဖြစ်သွားနိုင်သည်။

” ချစ်ခင်ရိုသေ လေးစားအပ်ပါသော ဘိုးဘိုးရယ်.. ကျွန်တော်ပြောတာ တစ်ဆိတ်လောက်နားဆင်ပေး တော်မူပါဦး။ ရှေးတုန်းကဆိုရင်လေ ဘုရင့်နန်းတော်အနီးမှာ (ဟစ်တိုင်) ဆိုတဲ့ ရင်ပြင်တစ်ခုရှိသတဲ့” ‘ပေါက်ကရတွေပါကွယ်။ ဒီမိုကရေစီမှ မပေါ်သေးတာ ဘယ့်နှယ်လုပ်ပြီး ဟစ်တိုင်ရှိမှာလဲ။ ငါသိတဲ့ ဟစ်တိုင်ဆိုတာကတော့ ဖတ်စရာမှတ်စရာတွေပါတဲ့ (ဟစ်တိုင်) ဂျာနယ်ပဲလကွယ့်” ရန်ကုန်အက်တီဗိတ်က ပြော စရာရှိတာကို ဆက်ပြောသည်။

” အဲသည်ဟစ်တိုင်မှာ ပြည်သူ တွေရဲ့ကိုယ်စားကျွန်တော်တို့ အက်တီဗိတ်တွေဟာ ပြည်သူတွေရဲ့ လိုလားချက်တွေ၊ ဆန္ဒတွေ၊ မကျေနပ်မှုတွေ၊ ရှင်ဘုရင်ရဲ့ ချို့ယွင်းချက်တွေကို ရှင်ဘုရင်ကြား အောင် ဝိုင်းပြီး အသံကုန်အော်ဟစ် တောင်းဆိုကြရတယ်။ အဲသည်တုန်းက ပုဒ်မ (၁၈) ငြိမ်းစုစီ ဥပဒေ မပေါ်သေးလို့ အေးအေးပဲ ဘိုးဘိုးရဲ့”

” အဲသည်ခေတ်က လိပ်ခေါင်းအထူးကုဆရာတွေတော့ အတော် အလုပ်ဖြစ်မှာပဲ ငါ့လူ” ဟု ဘိုးဘိုးကြီးက ခနဲ့လိုက်သည်။ ရန်ကုန်အက်တီဗိတ်က အခနဲ့ခံရခြင်းကို ဂရုမစိုက်။ တက်ြ<ွကသံဖြင့် အသံမြှင့်ပြီး ဆက်ပြောသည်။ “ကျွန်တော်တို့ တက်ြ<ွကလှုပ်ရှားသူတွေဆိုတာ ရဲတင်းစူးရှတဲ့ နိုင်ငံ ရေး အမြင်ရှိကြတဲ့အတွက် ပါတီ ခေါင်းဆောင်ပိုင်းတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေထက်တောင် သြဇာကြီးမားကြတယ်လို့ နိုင်ငံရေး သုတေသီအချို့က မှတ်တမ်းတင်ကြပါတယ် ဘိုးဘိုး” “မင်းအနားနေရတာ ငါလိပ်ပြာမသန့်ဘူး။ လေထဲမှာ လက်ထိပ်နံ့ရသလိုပဲ။ ငါ့ဘာသာငါ ဘုရားသွားပြီးအလှူခံ (အဲလေ) ပုတီးစိပ်နေတာပဲ ကောင်းသကွယ်” ဟုဆိုကာ ဆူးလေ ဘိုးဘိုးကြီးသည် ကမ္မဇိဒ္ဓိတန်ခိုးဖြင့် လှစ်ခနဲပျောက်ကွယ်သွားလေသည်။

ရန်ကုန်အက်တီဗိတ်သည် ဆူးလေဘိုးဘိုးကြီး၏ ခနိုးခနဲ့စကား ကို ပြန်သတိရလာပြီး “အမလေး.. ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ” ဟု ရေရွတ်ကာ သူ့ကိုယ်သူ ပြန်စမ်းကြည့်သည်။ သူ့ဆုတောင်းမပြည့်ပါ။ “အောင်မယ်လေးလေး..လိပ်ခေါင်းဆရာဝန်ဆီ ပြေးရဦးမှာပါလား” ဟု မြည်တမ်းကာ ရန်ကုန်အက်တီဗိတ်သည် တက္ကစီတစ်စီးကို ခေါ်လိုက်၏။ တက္ကစီကားထွက်ပြီဆိုသည်နှင့် ဒရိုင်ဘာသည် ဘယ်သူကမှ စကားမစရပါဘဲနှင့် ဆီမန်းမန်းသလို၊ ပေါက်ပေါက်ဖောက်သလို ဗျစ်တီး ဗျစ်တောက်စကားတွေ ပွစိပွစိလုပ် လာတော့သည်။

” ကားတွေအရမ်းပိတ်တယ်။ ဘတ်စ်ကားသမားတွေ လူပါးဝတယ်”
” ဒီမိုကရေစီအပြောင်းအလဲ ကာလရဲ့သဘာဝပါ ကားဆရာ” ဟု ရန်ကုန်အက်တီဗိတ်က လေချိုသွေးသည်။
” ငွေကြေးဖောင်းပွတယ်၊ ကုန်ဈေးနှုန်း မတရားတက်တယ်”
” ဒီမိုကရေစီအပြောင်းအလဲ ကာလရဲ့ သဘာဝပါ ကားဆရာ” ရန်ကုန်အက်တီဗိတ်က အပျော့ ဆွဲ ဆွဲသည်။
” လူငယ် ဆေးသမား၊ အရက်သမားတွေ များလာတယ်”
” ဒီမိုကရေစီအပြောင်းအလဲ ကာလရဲ့သဘာဝပါ ကားဆရာ” ရန်ကုန်အက်တီဗိတ်က ချော့ မော့ဖျောင်းဖျသည်။

“ရာဇဝတ်မှု ထူပြောလာတယ်။ သက်ငယ်မုဒိမ်းမှုက အဆိုးဆုံး”
“ဒီမိုကရေစီအပြောင်းအလဲ ကာလရဲ့ သဘာဝပါကားဆရာ”
” ဘာကွ..မင်းအမေ့လင် သဘာဝလား။ ကာယကံရှင် မိန်းကလေး က ငါ့သမီးကွ..ငါ့သမီး။ ဆင်းတော့ကွာ..မင်းကားပေါ်က မဆင်းရင်
ငါအစိမ်းလိုက်ဝါးစားမိလိမ့်မယ်” တက္ကစီက ရုတ်ခြည်းထိုးရပ်လိုက်သည်။ ကျွန်ုပ်တို့၏ ရန်ကုန် အက်တီဗိတ်သည် ကားထဲကမထွက်မီ စကားတစ်ခွန်းတော့ ပြောဖြစ် အောင် ပြောလိုက်ပါသေးသည်။ ” တက္ကစီဒရိုင်ဘာတွေ စိတ်ကသိကအောင့်နဲ့ ရူးကြောင်ကြောင် ဖြစ်ကုန်ကြတာလည်း ဒီမိုကရေစီ အပြောင်းအလဲရဲ့သဘာဝပါ ကျောင်းဒကာရေ” ရန်ကုန်အက်တီဗိတ်သည် လမ်းဘေးပလက်ဖောင်းပေါ်တွင် မတ်တတ်ရပ်ရင်း မည်သည့်တက်ြ<ွကလှုပ်ရှားမှုမျိုး ဆောင်ရွက်ရန် သင့် တော်မည်နည်းဟု စဉ်းစားနေစဉ် အခြား ရန်ကုန်အက်တီဗိတ်တစ်ဦးက အူရားဖားရားပြေးလာသည်။ ” ငေါင်မနေပါနဲ့ကိုယ့်လူ၊ ရပ်ကြည့်လို့အဖြစ်မရှိဘူး။ ကျုပ်တို့ အလုပ်နဲ့လက်နဲ့မပြတ်ရအောင် နတ်သိကြားတွေက ဖန်တီးပေးလိုက်ပါပြီဗျ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တဲ့။ တရားတာ၊ မတရားတာ နောက်မှရှင်း။ လောလောဆယ်တော့ အက်တီဗိတ်တွေပီပီ အော်လိုက်၊ ဟစ်လိုက်ကြဦးစို့” ဟုဆိုကာ ရန်ကုန်အက်တီဗိတ်ကြီး၏ လက်ကိုဆွဲသည်။Carry on…carry on..okey.. okey.. ရန်ကုန်အက်တီဗိတ် အူမြူးသွားကာ ဘိုလိုကြွေးကြော်လိုက်တော့သည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*