မလေး သို့ တစ်ခေါက်လေ (၂)

မလေး သို့ တစ်ခေါက်လေ (၂)
December 5, 2016 Asian Fame
မလေး သို့ တစ်ခေါက်လေ (၂)

malay

လေဆိပ်မှာ ညဆယ်နာရီကျော် မှ ရဲကျော်တို့အဖွဲ့တွေ လ.ဝ.က ကနေ ဖြတ်ခွင့်ရပြီး ပွဲစားအိမ်ရောက်ပါတယ်။ နှစ်ရက်တိတိ ရဲကျော်တို့အဖွဲ့ အပြင်လုံးဝ မထွက်ရဘဲ အိမ်ထဲမှာ တံခါးပိတ် နေရတယ်။ လုံးဝတင်းကျပ်ထားတဲ့ အပြင် အိမ်ထဲမှာပဲ သူတို့ကျွေးတဲ့ ထမင်း၊ ဟင်းကို စားရတယ်။ ပါမစ် ရပြီဆိုမှ ဆေးစစ်ဖို့ သူတို့လာပြော တယ်။ ရဲကျော်တို့ အုပ်စုထဲမှာ တစ် ယောက်က ပထမတစ်ခေါက်မလေး ကို လေးလလောက် ရောက်ဖူးတော့ သူ့ကိုပဲ ဆရာတင်တော့တာပေါ့။ မလေးစကားတတ်တယ်ဆိုသူက လည်း သူ့တစ်ယောက်ပဲရှိတာလေ။ အဲဒီမှာ လွဲတော့တာပါပဲ။ လွဲပုံလွဲ နည်းက သူ့ကိုယ်သူ မလေးစကားတတ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ပဲပေါ့လေ။ ခေါ်သွားမယ့်ပုဂ္ဂိုလ်က ဆေးရုံသွားမယ်၊ ဆီးစစ်ရမယ်၊ ဆီးကိုကြိုမသွားနဲ့၊ အောင့်ထားလို့ အဓိပ္ပာယ်ရတဲ့ မလေးစကားကို လာပြောတယ်။ ဒါကို မလေးမှာ လေးလ နေဖူးတဲ့ပုဂ္ဂိုလ်က ဆရာလုပ်ပြီး ပြောင်းပြန်ပြောပါတော့တယ်။

” ကဲ..အားလုံး ဆေးရုံသွားမယ်။ ဟိုရောက်ရင် ဆီးစစ်ကြရမှာမို့လို့ အားလုံး ဆီးတွေ တစ်စက်မှ မကျန်အောင် ပေါက်ထားကြပါ”လို့ ပြောင်းပြန်ပြောထည့်လိုက်တာ အားလုံး ဒုက္ခရောက်ကုန်ကြတာပေါ့။ ဆေးရုံလည်းရောက်ရော ရဲကျော်တို့ အဖွဲ့သန့်စင်ခန်းတွေပြေးပြီး ဆီးတွေ ပြောင်အောင်စွန့်လိုက်ကြတာပေါ့။ အားလုံးလည်းပြီးရော သူတို့ဆေးရုံ ဝန်ထမ်းရောက်လာပြီး ဆီးပုလင်းထဲ ပေါက်ဖို့ ပြောပါလေရော။ အဓိပ္ပာယ်လည်းသိရော ခုနက ဆီးတွေစွန့်ဖို့ ပြောင်းပြန်ပြောတဲ့ ဆရာကြီးကို ဝိုင်းမေတ္တာပို့ကြရပါတယ်။ ပြီးမှ ရဲကျော်တို့တွေ ရေသန့်တစ်ဘူးစီနဲ့ ဗိုက်တင်းအောင် ပြန်သောက်ကြရတယ်။ ဒါပေမဲ့လည်း နေရာသစ်၊ ရေ မြေသစ်ကိုရောက်စဆိုတော့ ရဲကျော်တို့ ပျော်ပါတယ်။ ရဲကျော်တို့ ဆေးစစ်တာ အောင်ပါတယ်။
‘ ‘ ‘
ဒါနဲ့ပဲ ရဲကျော်တို့ကို ရုံးပိုင်းဆိုင်ရာ ကိစ္စတွေ လုပ်ပေး၊ ပါမစ်ထုတဲ့ ကိစ္စတွေ သူတို့လုပ်ပေးကြပါတယ်။ ပါမစ်ကတော့ တစ်လလောက်နေမှ ရကြပါတယ်။ မလေးရောက်ပြီး အိမ်တွင်းအောင်းလို့ နှစ်ရက်လောက် ကြာတော့ ရဲကျော်တို့တွေ လူစုကွဲပြီး ပွဲစားပို့တဲ့နေရာတွေကို သွားရပါ တော့တယ်။ ရဲကျော်က မလေးမှာ ဖွင့်တဲ့ မလေးတရုတ်မညီအစ်မ ဆိုင် ကို သွားလုပ်ရပါတယ်။ ကော်ဖီရှော့ ဆိုင်လို့ပဲ ခေါ်ကြတယ်။ ရန်ကုန်က Feel လို စားသောက်ဆိုင်မျိုးပေါ့။ ရန်ကုန်မှာလိုတော့ တစ်ဦးတည်း မပိုင်ကြပါဘူး။ သူဌေးဆယ်ယောက် လောက်က တစ်ယောက်က လက်ဖက်ရည်၊ မုန့်မျိုးစုံဆိုရင် နောက်တစ်ယောက်က ထမင်း၊ ဟင်းဆိုင်။ နောက်တစ်ယောက်က နောက်တစ်မျိုး။ ဒီလိုစုံအောင်တစ်နေရာတည်း စုရောင်းကြတဲ့ဆိုင်ကြီးပါ။

ခုနက စာရေးတာပြတ်သွားတာက ရဲကျော်တို့ တစ်လလောက်နေတော့ အလုပ်လုပ်ခွင့်ပါမစ် သက်သေခံကတ်လေးတွေရကြတယ်။ ပန်း ရောင်ကတ်တွေလိုမျိုး စမတ်ကတ် လေးတွေမှာ ကွန်ပျူတာ ကုတ်နံပါတ် တစ်ခါတည်းရိုက်ထား ပြီးသားပါ။ ရဲကားတွေမှာ ဒီကတ်တွေကို စစ် ဆေးတဲ့စက်တွေတစ်ခါတည်း ကား တိုင်းမှာပါပါတယ်။ ကွန်ပျူတာ ကုတ်နံပါတ်တွေက တစ်ခါတည်းစာရင်းထဲမှာ ရှိပြီးသားပါ။ ဒါရမှ စိတ်အေးရပါတယ်။ အိမ်ဖော်တို့၊ စိုက်ပျိုးမွေးမြူရေးပါမစ်ဆိုရင် မလေးရင်းဂစ် ငါးရာပဲဆောင်ရတယ်။ သူတို့က ခြေချုပ်ပါတယ်။ နယ်ကျော်လို့မရဘူး။ ရဲကျော်တို့က စားသောက်ဆိုင်ပါမစ်ဆိုတော့ ဈေး ပိုကြီးတယ်။ ရင်းဂစ် ထောင့်ရှစ်ရာ သွင်းရတယ်။ တစ်တိုင်းပြည်လုံး ကြိုက်ရာစားသောက်ဆိုင်မှာ လုပ်ခွင့် ရတယ်။ လွတ်လပ်တယ်။ ဒါကြောင့်လည်း ဈေးက သာမန်ထက် သုံးဆ လောက် ပေးရပါတယ်။

ရဲကျော် ပထမဆုံး တရုတ်ဆိုင်မှာ အလုပ်ရပါတယ်။ သူတို့ဆိုင်က မနက် ၉ နာရီ၊ ည ၉ နာရီ ဖွင့်ပါတယ်။ ဒါပေမဲ့ ရဲကျော်ကို မနက် ၁၁ နာရီ လာခိုင်းပါတယ်။ ရဲကျော် မနက် ၁၁ နာရီ အတိအကျရောက် သွားပါတယ်။ ဆိုင်ကိုရောက်တာနဲ့ သူဌေးမက ပါလာတဲ့အထုပ်ချပြီး စားသောက်ဆိုင်ပန်းကန်တွေ တန်း ဆေးခိုင်းပါတယ်။ ရဲကျော် နည်းနည်း တွေဝေသွားတယ်။ စိတ်ထဲက တွေးမိတယ်။

” ငါပန်းကန်ဆေးအလုပ်ကိုလုပ်ရင် တစ်သက်လုံး ပန်းကန်ပဲ ဆေးရတော့မယ်။ တက်လမ်းရှိမှာ မဟုတ်တော့ဘူး” လို့ ရဲကျော် တွေးမိတယ်။ ဒါနဲ့ပဲ သူဌေးမဆီက ရောက်ရောက်ချင်း ကြိုတင်ငွေ ရင်းဂစ် လေးဆယ်ချေးလိုက်တယ်။ သူဌေးမ ကလည်း ရှောရှောရှူရှူ ချေးပေးပါတယ်။ ပြီးမှ သူဌေးမကို ပြောရတယ်။ ” ငါ အော်ဒါကောက်မယ်။ ပန်းကန်မဆေးဘူး။ ငါကြိုးစားပါ့မယ်” လို့ ပြောရတယ်။ သူဌေးမလည်း သဘောတူပါတယ်။ ငွေချေးရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ စားသုံးသူ ကာစတန်မာက မှာရင် အဲဒီစားစရာပွဲရဲ့ တန်ဖိုးကျသင့်ငွေ ကို ရဲကျော်က ဆိုင်မှာစိုက်ပြီးရှင်းပေးရပါတယ်။ ပြီးမှ ကာစတန်မာကိုသွားချပေးပြီး ရှင်းတဲ့ငွေကို ပြန်ယူရ ပါတယ်။ ဘာပဲပြောပြော ပန်းကန်မဆေးချင်တဲ့ ရဲကျော် ဟန်ကျသွားပါတယ်။

ည ၁၁ နာရီ အလုပ်ပြီးရင် ကိုယ့်အခန်းထဲသွားပြီး မလေးစာသင်ပါတယ်။ အိပ်ချင်ပေမယ့် သူများတိုင်းပြည်မှာ လာလုပ်ရတာ ဆိုတော့ အစွမ်းကုန် ရဲကျော်ကြိုးစား ပါတယ်။ စားသောက်ဆိုင်မှာ အော်ဒါကောက်တာ ဝင်လုပ်လိုက် ရင်းနဲ့ တစ်ပတ်အတွင်းမှာ ဆိုင်က ပစ္စည်း အခေါ်အဝေါ်တွေနဲ့ ဘယ်မှာ ထား တယ်ဆိုတာကို တန်းသိလာတယ်။ ဥပမာရေးရရင် “တေစိပိန်း” ဆိုရင် ကိုယ်နားလည်လာတော့ ဘယ်မှာထားလဲ ယူပေးရုံပဲပေါ့။ လက်ဖက်ရည်၊ အအေးမျိုးစုံ၊ ကွမ်တုံ ဘာသာ စကားနဲ့ ပြောကြတာပါ။ ဘီယာဆို ဆယ့်တစ်မျိုးလောက်ရှိ တယ်။ သေ သေချာချာမှတ်တော့ လွယ်ပါတယ်။ ကိုယ်သိမှဖြစ်မယ်လေ။ ဆိုင်မှာ ချင်းလူမျိုးတစ်ယောက်ရှိတယ်။ သူက လက်ဦးဆရာလို့ ပြောလို့ရ တယ်။ သူ့ကိုဆရာတင်တော့ အဲဒီ ချင်းဆရာက ရဲကျော်ကို လက်ထပ်သင်ပေးပါတယ်။ ကာစတန်မာ ဘာလိုချင်တယ်ဆိုတာ သေသေချာ ချာမေးခိုင်းတယ်။ အော်ဒါကောက် ခိုင်းတယ်။ ဘာပစ္စည်း ဘယ်လိုခေါ် ဝေါ်တယ်၊ ဘယ်နေရာမှာရှိတယ်ဆို တာ အကုန်သင်ပေးပါတယ်။ အခု တော့ အဲဒီလက်ဦးဆရာက အမေရိ က၊နယူးယောက်မြို့ကို ရောက်နေပြီ တဲ့။ ရဲကျော်အပေါ် တကယ်ကောင်းခဲ့ တဲ့ ဆရာပါ။
ဒီလိုနဲ့ ခြောက်လလောက်ကြာတဲ့အခါ ရဲကျော်က သူဌေးမကို တစ်ခုတောင်းဆိုပါတယ်။ အဲဒါက မနက် ၆ နာရီ၊ ည ၆ နာရီ အလုပ်ဆင်းပါရစေလို့ တောင်းဆိုလိုက်တာ ပါ။ ဒီတော့ သူဌေးမက မေးတယ်။ ဘာကြောင့်လဲတဲ့။ ရဲကျော်က တခြား ရည်ရွယ်ချက်ရှိပေမယ့် သူဌေးမမကြိုက်မှာစိုးလို့ စကားကို လှအောင် ပြောလိုက်ပါတယ်။ ” ကျွန်တော် ညဘက်အချိန်ပိုရင် မလေးစာလေးလည်းသင်ချင်လို့ပါ” သူဌေးမ ချက်ချင်းသဘောတူပါတယ်။ အမှန်ပြောရရင် အဲဒီအချိန် က သူဌေးမနဲ့ ကျွန်တော် ဆက်ဆံရေး ပြေပြစ်နေသေးတဲ့အချိန်ပါ။ ရဲကျော်က သူများထက်လည်း အလုပ်ကို မခိုမကပ်လုပ်တတ်သူမှန်းသိတော့ သူဌေးမကလကုန်ရင် တခြားအလုပ်သမားတွေမသိအောင် တစ်လရင်းဂစ်ငါးဆယ် အပိုပေးပါတယ်။

အမှန်အတိုင်းကတော့ ရဲကျော် တခြားဆိုင်မှာ အချိန်ပိုအလုပ်ဆင်းချင်လို့ ဥာဏ်များတာပါ။ သူဌေးမဆီမှာ မနက် ၆ နာရီ ည ၆ နာရီ ဆင်းပြီးရင် တခြားဆိုင်မှာ ည ၇ နာရီကနေ ည ၁၁ နာရီအထိ အချိန်ပိုလုပ်လိုက်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ငွေပိုလည်း တစ်နာရီလေးကျပ်ရတဲ့အပြင် ညနေစာပါ ဆိုင်ကကျွေးပါတယ်။ ဒီတော့ ညနေစာပါသက်သာတယ်လေ။ သူများတိုင်းပြည်မှာ အမျိုးမျိုးအကုန်အကျသက်သာအောင်နဲ့ ငွေစုမိဆောင်းမိ၊ အိမ်ပြန်ပို့နိုင်ဖို့ လုပ်ရတာပါ။ သေသေချာချာ တွက်ကြည့်ရင် ရဲကျော်တစ်နေ့ အလုပ် လုပ်ချိန် ခန့်မှန်းဆယ့်ခြောက်နာရီ လောက်ရှိပါတယ်။ ဒီလိုနဲ့ အချိန်ပို ဆိုင်နဲ့တွဲလျက် ၂လ လောက်လုပ် တော့ သူဌေးမက ရဲကျော်ကို မျက်စိ နောက်လာတယ်။ မကြည်မလင်ဖြစ်လာတယ်။ ဒီတော့ သူကလည်း ပြန်ရစ်တယ်။ ရဲကျော် ကို အခုပေးထားတဲ့ အချိန် မနက် ၆ ည ၆ အစား မနက် ၁၁ ည ၁၁ ပြန်လုပ်ခိုင်းပါလေရော။ ရဲကျော် စိတ်ညစ်ပြီ။ အဲဒီအချိန်မှာပဲ ရဲကျော်အလုပ်လုပ်ချိန်မှာ လူလေးယောက်လာစားပါတယ်။ နည်းနည်းလည်း ထွေနေကြပုံပေါ်တယ်။ အခုလည်း သူတို့လေးယောက်ခေါ်တော့ စားပွဲ နားကို ရဲကျော်ကပ်သွားပါတယ်။ သူတို့က ခြေဟန်လက်ဟန်နဲ့ စားပွဲကို သုတ်ခိုင်းပါတယ်။ ရဲကျော်လည်း သွက်သွက်လက်လက် သုတ်ပေးလိုက်ပါတယ်။ မရဘူး၊ ပြန်သုတ်ပေးပါတဲ့ သူတို့က။ ရဲကျော် စိတ်ထိန်းပြီး သူတို့ကျေနပ်အောင် ထပ်သုတ် ပးပါတယ်။ ဒီတော့ သူတို့က ကဲတက်လာတယ်။

” မင်းဝတ်ထားတဲ့ အင်္ကျီနဲ့ ဒီခုံကို သုတ်စမ်း”

ဟား..ရဲကျော်စရိုက်ကလည်း ဆတ်ဆတ်ထိမခံတတ်ဘူး။ ရဲကျော် အင်္ကျီစကို စားပွဲခုံသုတ်ဖို့ လာဆွဲတဲ့ ကောင်ကို ဆွဲထိုးပစ်လိုက်တယ်။ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ သူတို့ကလည်း ချမယ်တကဲကဲပဲ။ နောက်ဆုံး သူဌေးမက ရဲကျော်ကို ရှောင်ပြေးခိုင်းထားရတယ်။ နောက်ပိုင်း သူဌေးမ ဘယ်လိုရှင်းလိုက်လဲ မသိဘူး။ ရဲကျော်လည်း မနက်ပိုင်း အလုပ်ဆင်းရာက အချိန်ပြောင်းပြီး ညဂျူတီပြောင်းလုပ်လိုက်ရတော့တယ်။ သူတို့တွေနဲ့လည်း မတွေ့ တော့ ရန်လည်းမဖြစ်တော့ပါဘူး။ နောက်ပိုင်း ရန်ပွဲပြီးကတည်းက သူဌေးမကလည်း စိတ်တွေပိုဆိုးလာသလို ရဲကျော်ကလည်း စိတ်လေလေ နဲ့ အလုပ်မဆင်းတော့ဘူး။ အလုပ်မဆင်းတဲ့အပြင် အခန်းဖော်တွေနဲ့ ဖဲထိုင်ရိုက်နေခဲ့တယ်။ စိတ်ညစ်ညစ်နဲ့ ရိုက်လို့လားမသိပါဘူး။ ဖဲက နိုင်ချက် အံ့သြစရာကိုကောင်းရောပဲ။ ဗမာငွေ ဆယ်သိန်းကျော်ကို တစ်ထိုင်တည်း ဆက်တိုက်နိုင်တာပါ။ သူဌေးမက ရဲကျော် ရွဲ့နေမှန်းသိလို့ ခေါ်ခိုင်းလည်း မသွားဘူး။ မသွားဘဲ ဖဲရိုက်လေ၊ ဖဲတွေလှိမ့်နိုင်လေ။ ဒီလိုနဲ့ နှစ်ရက် အလုပ်မဆင်းတော့ဘူး။ နိုင်တဲ့ငွေထဲက ခြောက်သိန်းကို မိဘ တွေအိမ် ငွေလွှဲလိုက်တယ်။ ကျန်တဲ့ လေးသိန်းအိတ်ထဲပိုက်ပြီးမှ သူဌေးမ နဲ့
စကားပြောတော့တာ။ သူဌေးမကလည်း စိတ်ဆိုးလွန်းတော့ အလုပ် ဖြုတ်တာပဲ။ ရဲကျော်ကလည်း လက်ထဲ ငွေလေးသိန်းလောက်ပိုက်ပြီး အေးဂျင့်အိမ် ပြန်နှပ်နေတာ ဆယ့်လေးရက် ကြာတယ်။ ဆယ့်လေးရက်ကြာမှ အလုပ်နောက်တစ်ခု ရတယ်လေ။ ဒီကြားထဲမှာတော့ အေးဂျင့်ကျွေးတဲ့ထမင်းတောင် စားမကောင်းဘူးထင်ပြီး အပြင်ဆိုင်တွေ မှာ ဝယ်စားတော့တာ။ နောက်အလုပ်လည်းရတော့ ကျန်ငွေလေးလည်း တက်တက်ပြောင်တော့တာ ပါပဲ။ ဒါနဲ့ပဲ ရဲကျော်တစ်ယောက် နောက်အလုပ်တစ်ခုဆီ ကူးခဲ့ရပြန်ပါရော။ အဲဒီဆိုင်မှာတော့ ရဲကျော် တစ်ယောက် မနက်လာ၊ ညပြန်ပြီး အလုပ်မလုပ်တော့ပါဘူး။ ရဲကျော် မလုပ်ချင်တာကြောင့်ပါ။ တစ်ထိုင်တည်း ဆိုင်ရှင်ကို ပြန်အင်တာဗျူး ပြီး ပြန်လာခဲ့ပါတယ်။

မလုပ်ချင်ရတာက အဲဒီ ဒုတိယ ဆိုင်ကိုရောက်တော့ ရဲကျော် ဆိုင်ရှင်ကို မေးပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲပေါ့။ ဆိုင်ရှင်က Sea Food ဆိုင်လုပ်ရမှာလို့ ပြောတယ်။ အဲဒီမှာတင် ရဲကျော်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ ဒီဆိုင်တွေက သတ္တဝါအကောင်တွေကို တစ်နေ့တစ်နေ့ လက်မလည်တန်းသတ်ပေးနေရတဲ့ ဆိုင်တွေပါ။ အကောင်တွေသတ်ရမှာလားဆိုတော့ သတ်ရမှာပေါ့တဲ့။ သူတို့လူမျိုးတွေအတွက် ဒီကိစ္စတွေမှာ ပြဿနာမရှိပေမယ့် ရဲကျော်အတွက် ပြဿနာရှိလာတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ သူတစ်ပါးအသက်တော့ နိစ္စဓူဝ မသတ်ချင်ပါဘူး။ ဒီတော့ ရဲကျော်တစ်ထိုင်တည်း ဆုံးဖြတ်ပြီး ဆိုင်ရှင်ကို ယတိပြတ် ပြောလိုက်ပါတယ်။ ” ကျွန်တော် ဒီအကောင်တွေ အသက်နေ့တိုင်းသတ်ရမှာကို မလုပ်ချင်ပါဘူး။ ဒါကြောင့် အလုပ်မဝင်တော့ပါဘူးခင်ဗျာ” ။ ဆိုင်ရှင်လည်း ခေါင်းတွေကုတ်ပြီး ကျန်ခဲ့တယ်။ ရဲကျော် ဒုတိယဆိုင်မှာ အလုပ်မလုပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းပါပဲလေ။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*