စီးပလေ့စေ မောင်မသုတ်နဲ့ တုတ်တုတ်ကျချွေး

စီးပလေ့စေ မောင်မသုတ်နဲ့ တုတ်တုတ်ကျချွေး
November 29, 2016 Asian Fame
စီးပလေ့စေ မောင်မသုတ်နဲ့ တုတ်တုတ်ကျချွေး

wailu

အထက်ပါစာချိုးလေးဟာ ကျေးလက် နေပြည်သူတို့ ရဲ့ဘဝကို ထင်ဟပ်စေတဲ့ စာချိုးလေးလို့ ကျွန်တော်ခံယူမိပါတယ်။ ကျွန်တော်သိသလောက် ဥာဏ်ကလေးနဲ့ အဓိပ္ပာယ်ဖော်ရရင် ကျေးလက်နေမိန်းမသား အိမ်သူတစ်ယောက် အလုပ်လုပ်နေရင်း ချွေးများ တပေါက်ပေါက်စီးကျလာတဲ့အခါ သူ့ရဲ့အားကိုးအားထား ကိုး ကွယ်ပြီး ချစ်ရတဲ့ သူ့ရဲ့အိမ်သား မောင်တော်က ချွေးသုတ်ပေးတာကို “မလိုပါဘူးရှင်၊ ဒီလောက်နဲ့တော့ ကျွန်မကို နှစ်သိမ့်စရာမလိုပါဘူး၊ ကျွန်မဘာသာ လုပ်နိုင်ပါတယ်၊ နေ နိုင်ပါတယ်၊ မပင်ပန်းပါဘူး” ဆိုတဲ့ သဘောပါပဲ။

ဟိုး..ယခင်တစ်ခေတ်တုန်းက ဆရာမောင်သာရဟာ “စီးပလေ့စေ မောင်မသုတ်နဲ့” ဆိုပြီး ဝတ္ထု စာအုပ်တစ်အုပ် ရေးခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ မြစ်ရေကြီး လို့ လူတွေ နေစရာ၊ အဲဒီလူတွေနဲ့ အတူရောပြီး ဒိုးတူပေါင်ဖက်တွဲပြီး ရုန်းကန်နေရတဲ့ ကျွဲ၊ နွားတွေ နေစရာ၊ စားစရာအခက်အခဲကို အဲဒီအချိန်က အားကိုးအားထားပြု ခံယူလျက်ရှိတဲ့ အစိုးရပိုင်း၊ အုပ်ချုပ် ရေးပိုင်းက ရေဘေးဖြစ်နေတဲ့သူတွေ ကို ဝိုင်းဝန်းကူညီကြပုံကို နောက်ခံ ထားပြီး ရေးဖွဲ့ထားတဲ့အကြောင်း အရာတွေကို အခြေခံထားတာပါ။

သူ့ဝတ္ထုအခြေခံထားတဲ့ ဒေသကတော့ ဧရာဝတီမြစ်နဲ့ ဒုတ္ထဝတီ မြစ်လို့လည်းခေါ်တဲ့ မြစ်ငယ်မြစ်ဆုံရာဝန်းကျင်မှာရှိတဲ့ ရွာတွေမှာ ဧရာဝတီမြစ်ရေကတိုး၊ မြစ်ငယ်မြစ် ရေကလည်းတက်၊ မြစ်နှစ်ခုဆုံတော့ ရွာတွေရေဝင်၊ ရေနစ်။ အဲဒီတော့ ရေဘေးရှောင်သူများအဖြစ် ကုန်း မြင့်ရာ၊ ရေမတက်ရာအရပ်ဒေသကို လူ၊ ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များပါမကျန် ပြောင်းရွှေ့ကြ ရတဲ့အခါ မွေးကတည်းက တစ်ခါမှ နိုင်ငံတော်တာဝန်ရှိသူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံမှ လာရောက် ကူညီမှုမပေးဖူးဘဲ အခုတစ်ကြိမ်မှ အလုံးအရင်းနဲ့ အကူအညီပေးတဲ့အခါ သူတို့အတွက် ဒီအရေးလောက် က ဘာမှမဟုတ်၊ အကူအညီမလိုအပ်ကြောင်း ရည်ညွှန်းပြီးဖွဲ့နွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ “စီးပလေ့စေ မောင်မသုတ်နဲ့” ပေါ့။

အဲဒီစိတ်ဓာတ်က အဲဒီအဖြစ်မျိုးကိုကနေ့ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုအပ်လာပါပြီ။ အရင်က တစ်ခါမှမဖြစ်ဖူးတဲ့ ဧရာဝတီမြစ်ဝှမ်း ဒေသတွေရော၊ တခြားတခြားနေရာ တွေမှာပါ ဖြစ်လာပါပြီ။ အဲဒီအတွက် နိုင်ငံတော်မှ အကူအညီပေးရတာ တွေအတွက် ကုန်ကျစရိတ်ငွေတွေ၊ ပရဟိတအဖွဲ့မျိုးစုံမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူညီရတဲ့ ငွေကြေး ကုန်ကျမှုတွေကို ပညာရေး၊ ကျန်းမာရေး၊ တခြား တိုးတက်ရာတိုးတက်ကြောင်းတွေမှာ သုံးလိုက်ရရင်…။ ပထမအကြိမ် ၂ဝ၁၅ ခုနှစ်၊ ဒုတိယအကြိမ် ၂ဝ၁၆ ခုနှစ်၊ မိအေး နှစ်ခါနာ ဖြစ်ခဲ့ရပါပြီ။ ဒီအဖြစ် အပျက်တွေအတိုင်း ၂ဝ၁၇ ခုနှစ်မှာ တတိယအကြိမ်အနာခံကြဦးမလား။ ဒီလိုရေဘေးဒုက္ခတွေ အဖြစ်ခံပြီး နိုင်ငံတော်နဲ့ ပရဟိတအဖွဲ့တွေရဲ့ ပံ့ပိုးမှုကို မျှော်နေကြဦးမလား။ ဟို..ကြားဖူးတဲ့သီချင်းတစ်ပုဒ်ထဲက စာသားလိုပဲခံယူကြမလား။ “ဒုက္ခဟာ ပျားရည်စက်လို ချိုပါတယ်” တဲ့။

ဧရာဝတီမြစ်ရေကြီး၊ ရေလျှံတာ ကို ဒုက္ခလို့ခံစားပြီး တကယ်ဒုက္ခဖြစ်ရ တဲ့သူတွေ ဧရာဝတီမြစ်ဝှမ်းတစ် လျှောက်မှာ အများကြီးရှိခဲ့သလို ဆန့်ကျင်ဘက် သုခ အဖြစ် ခံစား၊ စံစားနေတဲ့ ဒေသလေးတစ်ခုရှိပါ တယ်။ အဲဒီဒေသနေသူများဟာ ဧရာဝတီမြစ်ရေလျှံပြီး ရေကြီးပါမှ စီးပွားရေးအဆင်ပြေတဲ့သူတွေပါ။ လုပ်ငန်းကိုင်ငန်း စိုက်ပျိုးရေးအဆင်ပြေတဲ့ ဒေသတစ်ခုပါ။ အဲဒီဒေသလေးကတော့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံ မြို့နယ်ထဲမှာရှိပါတယ်။ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက်ကမ်း ဆီမီးခုံမြို့ အောက်နားက သကြူး၊ ကြည်ရွာ၊ ဥဒယ၊ ကံတော်၊ ဂင့်ဂဲ၊ ကိုင်း၊ ရန္တပိုရ် ရွာကနေ မြင်းခြံမြို့အထက်နားက ဂေါင်းကွဲရွာလောက်အထိဟာ ဟိုး..ရှေးပဝေသဏီကတည်းက ဧရာဝတီမြစ်ရေဟာ ဝါဆို၊ ဝါခေါင် ကစပြီး တော်သလင်းလောက်ထိ ရေဝင်ရေမြုပ်ဧရိယာပါ။ မြစ်ရိုးရဲ့ အရှေ့ဘက် ၃ မိုင်လောက်ထိဟာ ရေပြင်ကြီးပါ။

တစ်ရွာနဲ့တစ်ရွာ ကူးသန်းစရာ ရှိရင် လှေနဲ့ပဲသွားလာကြရပါတယ်။ ရွာထဲ တစ်အိမ်နဲ့တစ်အိမ် ကူးသန်း ကြရင်တော့ နွားစားကျင်း (ခေါ်) နွားစားခွက်တွေကို လှေလုပ်ပြီးကူး ကြပါတယ်။ နှစ်တိုင်း ရေဝင်၊ ရေကြီး ဧရိယာဆိုတော့ ခြေတံရှည် နှစ်ထပ် အိမ်ဆောက်ထားပြီး လူတွေ၊ ခွေး တွေ၊ ကြောင်တွေ အိမ်အပေါ်ထပ် မှာ နေထိုင်ချက်ပြုတ် စားသောက် ပြီး နေကြရပါတော့တယ်။ နွားတွေအတွက်တော့ မိမိ အိမ်ဝင်းအတွင်းမှာပဲ လူနေတဲ့အိမ်နဲ့ မနီးမဝေးမှာလုပ်ထားတဲ့ နွားခြံကုန်း (နခြံကုန်း) ပေါ်မှာပဲ တင်ထားပြီး ကြိုတင်ပြီးစုဆောင်းထားတဲ့ နွားစာ ခြောက်တွေကို ပဲဖတ်၊ နှမ်းဖတ်တွေ ကို ရေစိမ်ထားတာနဲ့ ရောမွှေပြီး ကျွေးလိုက်ရုံပါပဲ။ နွားတွေအတွက်တော့ အဲဒီကာလဟာ အသက်သာ ဆုံး အနားယူနေနိုင်တဲ့အချိန်ပေါ့။ ဘာမှမလုပ်ရဘဲ စားလိုက်၊ အိပ် လိုက်နဲ့ အားမွေးချိန် အပြည့်အဝရ သွားပါတယ်။

လူတွေအတွက် စားရေးသောက် ရေးလား…မပူပါနဲ့။ ဒီနေ့အထိ ဘယ်ကအကူအညီတစ်ခုမှ မတောင်း ခဲ့ပါဘူး။ နှစ်စဉ်ရေဝင်ရေကြီးရာ အရပ်ဆိုတော့ မိရိုးဖလာအလုပ် တစ်ခုအနေနဲ့ အဲဒီအတွက် ကြိုတင် ပြင်ဆင်ပြီးသားပါ။ အထက်ဖော်ပြခဲ့ တဲ့ ရေဝင်ဧရိယာရွာတွေအားလုံး ဟာ တောင်သူတွေဖြစ်တဲ့အတွက် ပဲမျိုးစုံနဲ့ တခြားသီးနှံမျိုးစုံစိုက်လို့ရ တဲ့ မြေတွေဖြစ်တဲ့အတွက် ပြာသို၊ တပို့တွဲ၊ တပေါင်းလတို့မှာ သီးနှံများ ရိတ်သိမ်းတဲ့အချိန်ပေါ့။ရေဝင်ကာလအတိုင်းအတာ အတွင်း ချက်ပြုတ်စားရေးအတွက် မိမိပိုင်တောင်ယာကထွက်ရှိတဲ့ အသီးအနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး အမှည့်တွေကို အစေ့ထုတ်၊ အခြောက် လှန်း၊ ဘူးသီး၊ ခရမ်းသီး စတဲ့အသီး တွေကို ဓားနဲ့လှီးအခြောက်လှန်း၊ ချဉ်ပေါင်ရွက် အပါအဝင် စားလို့ရ တဲ့အရွက်တွေကို အခြောက်လှန်း၊ သခွားချဉ်၊ ဖရဲချဉ်တွေကို အိုးနဲ့သိပ်၊ ရှိသမျှ စားလို့ရတဲ့အရာတွေကို ထည့်သို သိမ်းဆည်းထားလိုက်ရုံပါပဲ။ နွားတွေအတွက် နေစရာနဲ့ စား စရာကို ဒီဒေသကရွာတိုင်းမှာ မရှိ မဖြစ် လုပ်ရတာကတော့ နွားခြံကုန်း နဲ့ ပဲမှော်တိုက်ပါ။ နွားခြံကုန်းကို နွားဆယ်ကောင်လောက် အိပ်လို့နေလို့ ချောင်ချောင်ချိချိ အနေအထားရ အောင် ငါးပေခန့်အမြင့်ထားပြီး မြေဖို့ရပါတယ်။ တတ်နိုင် သူများက တော့ မြေသားနံရံကိုအုတ်စီထိန်းပြီး တော့ တချို့ကတော့ သစ်တုံးတွေနဲ့ (သို့မဟုတ်) ထန်းတုံးတွေနဲ့ ထိန်း ထားပါတယ်။ တန်ခူး၊ ကဆုန် ရောက်လာရင် နွားခြံကုန်းကို မြေဖို့ တန်ဖို့၊ ပြုပြင်စရာရှိတာ ပြုပြင်ပြီး ထားရပါတယ်။ ဧရာဝတီမြစ်ရေတွေ ရွာထဲဝင်လာပြီဆိုရင် နွားတွေကို ကုန်းပေါ်တင်ပေးလိုက်ရုံပါပဲ။

နွားစာကိုတော့ ခြေတံရှည်အိမ် တစ်လုံးဆောက် (ပဲမှော်တိုက်)လို့ ခေါ်ပါတယ်။ အဲဒီထဲမှာ တပို့တွဲ၊ တပေါင်း၊ တန်ခူးလတွေမှာ ရိတ်သိမ်း ပြီး ကောက်ပဲသီးနှံ၊ အရိုး၊ အရွက် တွေကိုနယ်ပြီး တစ်နှစ်စာ အပြည့် သိပ်ထည့်ရပါတယ်။ ဒီဒေသလေးတစ်ဝိုက်က ရွာ တွေဟာ အဲသလို ကိုယ့်အားကိုယ် ကိုးပြီး ကြိုတင်စီမံထားနိုင်တဲ့အတွက် ဧရာဝတီမြစ်ရေ ဘယ်လောက်ကြီးကြီး ဘယ်မှလည်း အကူအညီမတောင်းခဲ့ပါဘူး။ ဒါဟာ ကျွန်တော် မွေးဖွားလာတဲ့ မွေးရပ်မြေက ဂုဏ်ယူစရာ အလေ့အထတစ်ခုပါ။ အခု ကျွန်တော့်အသက် ၇ဝ ကျော်ပါပြီ။ ရန်ကုန်မှာရောက်နေတဲ့ ကျွန်တော်ဟာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဆိုတဲ့ အဖွဲ့ကြီး လက်အောက်မှာ ဧရာဝတီမြစ်ရိုး တစ်လျှောက်နဲ့ ဧရာဝတီတိုင်းအတွင်း ရေဘေးအလှူအဖြစ် မြို့၊ ရွာ တော် တော်များများကို ရောက်ခဲ့ပြီးပါပြီ။ ၂ဝ၁၇ ခုနှစ် မိုးရာသီမှာတော့ ဧရာဝတီမြစ်ရေကြီးတဲ့ ဒုက္ခဒဏ်ခံရတဲ့ မြို့၊ ရွာတွေ မမြင်ရပါစေနဲ့ တော့လို့ ဆုတောင်းပါတယ်။ တကယ်တမ်းကျတော့ “ဒုက္ခဟာ ပျားရည်စက်” လို မချိုပါဘူး။ ဒီစာစုလေး ဖတ်ရတဲ့ ဧရာဝတီမြစ်ရိုးဘေး တစ်လျှောက်နေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားအပေါင်း “စီးပလေ့စေ မောင်မသုတ်နဲ့ တုတ်တုတ်ကျချွေး “ဆိုတဲ့ ဆောင်ပုဒ်ကလေးအတိုင်း နေထိုင်သွားနိုင်အောင်ကြိုးစားလိုက်ကြပါစို့လို့…။

ဦးတင်ငြိမ်း (ရှုမဝ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*