အမေ့ထဘီ နားတောင်းပန်သော ပညာရှိမင်းကြီးတစ်ဦး

အမေ့ထဘီ နားတောင်းပန်သော ပညာရှိမင်းကြီးတစ်ဦး
November 22, 2016 Asian Fame
အမေ့ထဘီ နားတောင်းပန်သော ပညာရှိမင်းကြီးတစ်ဦး

capture

မောင်ခင်မင်(ဓနုဖြူ)

ရှေးကမြန်မာစစ်သည်များ ‘အမေ့ထဘီ နား တောင်းပန်’ ၍ ဒေါင်း အလံတလူလူနှင့် စစ်ချီကြပုံကို ဖွဲ့ ထားသည့် ကဗျာများရှိသည်။

 အမေ့ထဘီကို နားတောင်းလုပ် ၍ နား၌ပန်လျှင် အန္တရာယ်ကင်းသည် ဟု ယုံကြည်ကြသည်။ အမေ့ဂုဏ် ကျေးဇူးကို အလေးအမြတ်ပြုရာ လည်း ရောက်သည်။ နှစ်သက်ဖွယ် ဓလေ့တစ်ခုဖြစ်သည်။

‘အမေ့ထဘီ နားတောင်းပန်’ သည့် အလေ့ကို စွဲစွဲမြဲမြဲကျင့်သုံး သော ပညာရှိကြီးတစ်ဦးအကြောင်း ကို မှော်ဘီဆရာသိန်း၏ ‘မြန်မာမင်း များလက်ထက် ပညာရှိကြီးများ’ စာအုပ်တွင် တွေ့ရသည်။ ထိုပုဂ္ဂိုလ် ကြီးကား မင်းတုန်းမင်းတရား လက်ထက်တွင် ‘မြောင်လှမြို့ စား၊ နိုင်ငံခြားဝန်ထောက်၊ မင်းကြီး သီရိ မဟာဇေယျသူ’ ဟူ၍ ထင်ရှားသော ပညာရှိကြီးဖြစ်သည်။ နာမည်ရင်းမှာ ‘ဦးခြိမ့်’ ဖြစ်သည်။

ဦးခြိမ့် (၁၇၂၈ ခန့်- ၁၈၈၃ ခန့်) မင်းတုန်းမင်းတရား အိမ်ရှေ့စံ ဘဝကပင် နေမျိုးဇေယျသူဘွဲ့ဖြင့် လက်ဖက်ရည်တော်အရာ၌ အမှု ထမ်းရသည်။ ထို့နောက် အမှာတော် ရေး ‘မင်းလှဇေယျသူ’ ဟု ထင်ရှား သည်။ လွှတ်တော်စာရေးကြီးအရာ ရသည်။ ကင်းဝန်မင်းကြီး အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့သို့ သံတော်ကြီး အဖြစ် သွားသောအခါတွင် စာရေး ကြီး သံငယ်အဖြစ် လိုက်ပါရသည်။ တစ်ဖန် ကင်းဝန်မင်း ကြီး ပြင်သစ် နိုင်ငံ၊ ပဲရစ်မြို့သို့ သံတော်ကြီးအဖြစ် သွားသောအခါတွင်လည်း သံလတ် အဖြစ် လိုက်ပါရသည်။ ထိုနိုင်ငံများ  က ချီးမြှင့်ေ သာ ဆုတံဆိပ်များလည်း ရသည်။ ပြင်သစ်မှအပြန် ဝန်ထောက် တော် မင်းကြီးသီရိမဟာဇေယျသူ ဘွဲ့ဖြင့် မြောင်လှမြို့ကိုစားရ သည်။ စော်ဘွားကြီး နောက်နေအဖြစ် ခန့်ထားခံရသည်။

မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာ မဟာ ဗောဓိပင်တော်သို့ လှူဒါန်းသော မင်းတုန်းမင်းတရားကြီး၏ အလှူ တော်ကိစ္စ ဆောင်ရွက် ရန်နှင့်   နိုင်ငံ တော် အနောက်မျက်နှာ ကရင်နီ နယ်မြေမှု စကားဆိုရန်အတွက် ဝန်ထောက်တော် သံတော်ကြီး အရာဖြင့် ဘင်္ဂလားမြို့၊
အိန္ဒိယ ဘုရင်ခံထံ သွားရောက်၍ စကားဆို ရသည်။ ထို့နောက် ဝန်ထောက်တော် သံတော်ကြီးအရာဖြင့် ပူတကေ (ပေါ်တူဂီ)၊ စပိန်၊ အီတာလျံနိုင်ငံ များသို့ သွားရောက်အမှုထမ်းရသည်။ ထိုအကြောင်းကို မင်းကြီးဦးခြိမ့်က ‘ပူတကေ စပိန် အီတာလျံသွား မှတ်တမ်း’ ဟူ၍
ရေးသားမှတ်တမ်း တင်သည်။

ဦးခြိမ့်သည် အမှာတော်ရေး မင်းလှဇေယျသူအဖြစ် အမှုထမ်းစဉ် ကဝိလက္ခဏ ဒီပနီကျမ်း ကို ရေးသား ပြုစုသည်။ စိန္တကျော်သူ ဦးသြ ရေးသားသော ကဝိလက္ခဏာသတ်ပုံ သံပေါက်ကျမ်းမှ အသိခက်သော အဓိပ္ပာယ်ငုပ်သော သံပေါက်များကို  အသေအချာ
သိလိုကြောင်း စာတော် ဖတ် နေမျိုးမင်းလှ သိင်္ခသူနှင့် ရွှေတိုက်စာရေး သိင်္ခစည်သူကျော် တို့က မေးလာသည့်အတွက် သံ ပေါက်ပိုဒ်ရေ ၁၇၉၃ ပိုဒ်အနက် မေးလာသော ၇၈ ပိုဒ်ကို ဖွင့်ပြ ဖြေဆိုခြင်းဖြစ်သည်။ ‘အမှုတော်ကို ထမ်းဆောင်မည်ဟု စာပေကြည့်ရှု အားထုတ် ဆဲအခါဖြစ်၍ လွယ်လင့် တကူ ဖြေဆိုပေလတ္တံ့’ ဟု ဖော်ပြ ထားသည်။

မင်းကြီးဦးခြိမ့်သည် သံငယ်၊ သံလတ်၊ သံကြီး ဟူသော ရာထူး အဆင့်ဆင့်ဖြင့် ပြည်ပနိုင်ငံများသို့ လိုက်ပါအမှုထမ်းရသည့်အတွက်   ပြည်ပအတွေ့အကြုံများစွာ ရှိသည့် အပြင် စာပေကျမ်းဂန်နှံ့စပ်သော ပညာရှိကြီးအဖြစ်လည်း ထင်ရှားပါ သည်။

သံလတ်အဖြစ် ပြင်သစ်နိုင်ငံ သို့အသွား ရန်ကုန်မြို့ရောက်စဉ် ကျုံးကြီးလမ်းနှင့် လတ္တာလမ်းထောင့် ၌ စမော်ကော်ဝန်ထောက်မင်း ဦးအုန်း၏တိုက်မှာ ခေတ္တတည်းခိုရ သည်။ ဂုဏ်သရေရှိလူကြီးများက လာရောက်ခစားကြရာ မင်းကြီး ဦးခြိမ့်က တပည့်လူငယ်များအား “မင်းတို့လည်း ဆရာမိဘတို့နောက်က လိုက်၍ ဝန်ကြီးမှူးကြီးတို့ကို ပြော ဆိုသော စကားများကို မှတ်သားရ သည့်အတွက် ပညာဗဟု သုတတိုးပွား ၍ နောင်ကိုလည်း မင်းတို့ကြီးရင့် သောအခါ ပညာဗဟုသုတဂုဏ် ကြောင့် သူတစ်ပါးရှေ့သို့ရောက်၍ နေရမည်။ ကြိုးစား၍ ဗဟုသုတ ပညာကို ရှာဖွေစုဆောင်း၊ ကြိုးစား ၍ မှတ်သားကြနော်” ဟု ဆုံးမသည်။ နောက်လိုက်တပည့်များနှင့် ပြောဆို ဆက်ဆံပုံနှင့် ပတ်သက်၍ မင်းကြီး မိန့်ကြားသောစကားမှာ မှတ်သား စရာကောင်းသည်။ “သို့သော် ငါတစ်ခုပြောခဲ့မယ်။ မင်းတို့ ကောင်းစွာ မှတ်သားကြလေ။ မိမိတို့ နောက်ကလိုက်ပါသော တပည့်များ ကို ဒေါသအလျောက် နင်တယ်မိုက် ပါကလားဟု တင်းတင်းမာမာမပြော ကြလေနဲ့။ မိုက်လို့သာ ငါတို့၊ မင်းတို့ နောက်က လိုက်ကြရသည်။ လိမ္မာ လျှင် ငါတို့၊ မင်းတို့နောက်က လိုက် ကြမည်မဟုတ်။ အခိုင်း အစေကို ခံကြရမည်မဟုတ်။ သူတို့လည်း နောင် သူတို့ကံအလျောက် ကြီးပွား လာကြပေလိမ့်မယ်။ ထိုအခါ သူတို့ က ငါတို့ဆရာသည်၊ ငါတို့ဝန်ကြီးမင်း သည် ငါတို့ကို နင်တယ်မိုက်ပါလား ဟု ရင့်ရင့်သီးသီး ပြောဆိုတာကို ခံရတယ်ဟု အမှတ်ပေါ်လာပြီးလျှင် အရိုအသေ ကင်းမဲ့တတ်လေသည်။ ဒါကြောင့် ကိုယ့်အောက်ကလူကို ရင့်ရင့်သီးသီး ပြောဆိုခြင်းကို တားဆီးပိတ်ပင်ကြရမည်။ မှတ်ကြ လေတော့” ဟူ၍ ဖြစ်သည်။

မင်းကြီး၏ စာပေလေ့လာပုံ အလေ့တစ်ခုကိုလည်း မှတ်သားရ မည်။ မိမိသိလိုသော စာများကို စာရေးများအား ‘မင်းကဆေးကျမ်း ကိုကြည့်၊ မင်းက ရာဇဝင်ကိုကြည့်၊ မင်းက ကျောက်စာကိုကြည့်၊ မင်းက မည်သည့်သမိုင်းမော်ကွန်းကိုကြည့်၊ မင်းက မည်သည့်ပျို့ ကိုကြည့်’ ဟူ၍ တာဝန်ခွဲပေးပြီး အလိုရှိသည့်အချက် များကို ရှာခိုင်းသည်။ မင်းကြီး ထမင်းသုံးဆောင်စဉ် စာရေးများက ရှာလာေ သာစာများကို ကိုယ်စီဖတ်ပြ ရသည်။ ဖတ်ပြီးသောအခါ ထုတ်နုတ် ကူးယူရမည့်စာများကို စာရေးများ အား ကူးခိုင်းသည်။ မင်းကြီး လက်ဖက်ရည်၊ ချိုချဉ် သုံးဆောင် စဉ် စာရေးများကကူးထားသော စာများကို တိုက်ဆိုင်ရွတ်ဆိုပြရသည်။ ဤသို့ နေ့စဉ်ဆောင်ရွက်သည်။ “မင်းကြီးသည် အိမ်သာသို့သွား သည့်အခါ စာကိုကြည့်ရှုလျက် သွားသည်။ အိမ်သာတွင်းသို့ရောက် သောအခါ မိမိကြည့်ရှုရန် ကပ် ထား သောစာကိုလည်း ကျက်မှတ်ပေ သည်။ ¤င်းမင်းကြီးသည် နန်းတော် သို့ ဝင်ကြိုက်အခါသာ မျက်စိနှင့် စာလွတ်သည်။ အိပ်မည့် အခါမှာလွတ် သည်။ ဤမှတစ်ပါး စာပေကြည့်ရှု ခြင်း၌ မိမိကိုယ်ကို အားလပ်ခွင့် မထား။ အချိန်မဖြုန်း ဆောင်ရွက်လျက်ရှိသည်” ဟု မှော်ဘီဆရာသိန်း က ဆိုသည်။

မိခင်ကို ရိုသေလေးစားမှုနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ လည်း မှတ်သားဖွယ်ဖြစ်သည်။ မင်းကြီး နန်းတော်သို့ဝင်သည့်အခါ မိခင်အိမ်ကိုအရင်ဝင်ပြီး ရိုသေစွာ ဦးသုံးကြိမ်ချပြီးမှ နန်းတော်သို့ဝင် သည်။ နန်းတော်ကအပြန်တွင် လည်း ထိုနည်းအတိုင်း မိခင်ကိုရှိခိုး ပြီးမှ အိမ်တော်သို့ပြန်သည်။ မိခင် ဝတ်သော ထဘီ၊ အင်္ကျီများ ဟောင်းနွမ်းလျှင် မိမိကိုယ်တိုင် ယူ၍ လျှော်သည်။ အိမ်၌ အင်တုံတွင်ထည့် ကာ ရေစိမ်ပြီး တစ်ညထားပြီးမှ နောက်နေ့တွင် အဝတ်များကို အကြိမ်ကြိမ်နှိပ်ကာ၊ နှိပ်ကာ အညစ် အကြေး ကုန်အောင်ညှစ် ထုတ်ပြီး   ရေကောင်းနှင့် လျှော်ဖွပ်၍ နေလှန်း ပြီး ခြောက်သွေ့သောအခါ မိခင် အိမ်သို့ သွားပေးသည်။ ထဘီ၊ အင်္ကျီ စိမ်သောရေမှ အပေါ်ယံေ ရကြည်ကို သွန်ပစ်ပြီး ကျန်နေသောကြေး (ဂျီး)အနှစ်ကို နေလှန်း၍ ခြောက်သော အခါ ကျောက်ပြင်မှာတင်၍ကြိတ်ပြီး နံ့သာ၊ ပန်းပေါင်း တို့နှင့် ရောစပ် ကြိတ်၍ နားတောင်းလုပ်ပြီး နေလှန်း သည်။ ခြောက်သွေ့သောအခါ ထိုနားတောင်းကို နားမှာအမြဲပန် သည်။

‘အမေ့ထဘီ’ မှထွက်လာသော အနှစ်အမှုန့်ကို နံ့သာပန်းပေါင်းတို့ နှင့် ရောစပ်ပြီး ‘နားတောင်းပန်’ သည့် မင်းကြီးဦးခြိမ့်၏ အပြုအမူ ကား တစ်မူထူးခြားပြီး အမိကျေးဇူး ကို ဖော်ကျူးသော သင်္ကေတတစ်ခု ဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*