ရန်ကုန်ဒရိုင်ဘာ

ရန်ကုန်ဒရိုင်ဘာ
November 22, 2016 Asian Fame
ရန်ကုန်ဒရိုင်ဘာ

kyuu

ရန်ကုန်ဒရိုင်ဘာသည် ညလူ ဖြစ်သည်။ ညလူဆို၍ အထင်တော် မလွဲလိုက်ကြပါနှင့်။ သူသည် ညအခါ မှောင်ရိပ်ခို၍ ခိုးဝှက်၊ အလစ်သုတ်တတ် သော ညလူ (သူခိုး) မဟုတ်ပါ။ အလင်းရောင်ကွယ်ပျောက် အမှောင် ရောက်သော ညအချိန်ကျမှသာ သူက လမ်းပေါ်တက်၍ တက္ကစီမောင်းသူဖြစ်သောကြောင့် သူ့ကို “ညလူ” ဟု အလင်္ကာနာမည် တပ်လိုက်ရပါသည်။

” ဘာကြောင့်များ ညဘက်ကျခါမှ တက္ကစီမောင်းရတာတုံး။ ညဘက်ဆို ခရီးသည်ယောင်ဆောင်ပြီးလုတဲ့ယက်တဲ့၊ ကားကိုပါမောင်းပြေး တဲ့ လူယုတ်မာ ရာဇဝတ်ကောင်တွေ သောင်းကျန်းနေတာ မသိဘူးလား” ဟု ရန်ကုန်ဒရိုင်ဘာ၏ ဇနီးသည်က အပြစ်တင် မြည်တွန်တောက်တီးသည်။” သြော်..တောသူပီပီ ရိုးလိုက်၊ အ လိုက်တာလည်း လွန်ပါရောကလား။ ငွေယူပါရစေ (အဲလေ.. ယောင်လို့) ကူညီပါရစေဆိုတဲ့ြေ<ွကးကြော်သံ ဆောင်ပုဒ်နဲ့ ပြည်သူ လူထု ဘေးကင်းလုံခြုံရေးကို တာဝန် ယူထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၄ နာရီ Alert ဖြစ်နေတာကွ။ အမြဲတမ်း နိုးနိုးကြားကြားရှိနေတာ။ မသင်္ကာတာနဲ့ ငါက ဖုန်းကောက် ဆက်လိုက်ရုံပဲ” ဟု ရန်ကုန်ဒရိုင်ဘာ က ဟန်တစ်လုံးပန်တစ်လုံး လူလည် ကြီးလေသံဖြင့် ပြောလိုက်သည်။

” ခိ..ခိ..ခိ..ခွီး..ရှင်က ဖုန်းကိုမဖွင့်ခင် သူတို့က ရှင့်အူတွေ ကို ဖွင့်ထုတ်သွားမှာ..ခိ..ခိ..ခွီး” ဇနီးသည်က သရော်သံပါပါ အာခေါင်ခြစ်၍ရယ်လေသည်။” ရဲတပ်ဖွဲ့ကို အထင်မသေးပါနဲ့ကွ။ သူရို့ရှိကြပေလို့ ငရို့မြိုတော်ကြီး လုံခြုံဘေးကင်း အန္တရာယ်ရှင်းနေတာဗျ” ဇနီးသည်က သရော်တော် တော်နှင့် ရယ် ပြန်လေသည်။ အမှန်စင်စစ် သော်ကား ရန်ကုန် ဒရိုင်ဘာသည် “ည” ကို မချစ်သော်လည်း အောင့်ကာနမ်းနေရခြင်းဖြစ်သည်။ နေ့ဘက်တွင် တက္ကစီဆွဲရသည်မှာ ငွေပိုရသည်ကတော့ အမှန်။ သို့ သော် နေ့ဘက်မှာ အန္တရာယ်အတား အဆီး၊ ပြဿနာတွေက များလှပေ၏။ အဓိကအချက်မှာ “ကားပိတ်ခြင်း” (ခေါ်) လမ်းပေါ်မှာ ဂျမ်း Jam ဖြစ်ခြင်း။

” နာမည်ကျော် မီးပွိုင့်တစ်ခုမှာ ကားတွေပိတ်နေတာကိုစောင့်ရင်း ငါကားပေါ်မှာ အိပ်ငိုက်ရာက အိပ် ပျော်သွားဖူးတယ်။ ခရီးသည်လည်း မပါတော့ မီးပွိုင့်စိမ်းလာတာကို သတိပေးမယ့်သူမရှိဘူး။ ငါ အိပ် ပျော်နေတော့ ငါ့ကားနောက်က ကားတွေက ကျော်တက်လို့မရနိုင် တော့ဘူးပေါ့။ တော်ပါသေးရဲ့ကွာ။ ဝိုင်းဆဲရုံပဲ ဆဲကြပေလို့။ ဝိုင်းထိုးရင် တစ်ယောက်တစ်ချက်ထိုးရုံနဲ့ ငါ အမှုန့်ဖြစ်သွားနိုင်တယ်” ဟု ရန်ကုန် ဒရိုင်ဘာက ရင်ဖွင့်သောအခါ ရန်ကုန်တွင် မော်တော်ကားဖြင့် အသွားအလာနည်းပါးသော မိတ်ဆွေက..

” ခုံး (ကုန်း) ကျော်တံတားကြီး တွေ ရှိနေတာတောင် ကားက အဲသလောက်ပိတ်ရသလား” ဟု ငြူစူ တော်မူသည်။ ” ကားပိတ်တဲ့ ပြဿနာကို ခုံး (ကုန်း) ကျော်တံတားဆောက်တဲ့ အင်ဂျင်နီယာတွေက မဖြေရှင်းနိုင်တာ လက်တွေ့ပဲ ငါ့လူ။ ပြည်ပက ကျွမ်းကျင်တဲ့ Traffic Engineer တွေတောင် ငရို့ရန်ကုန်က ကားပိတ်တဲ့ ပြဿနာကိုကြည့်ပြီး လက်မှိုင် ချသွားကြမှာ အသေအချာပဲ” မည်သို့ဖြစ်စေ ရန်ကုန်ဒရိုင် ဘာသည် ရန်ကုန်သားစစ်စစ်ဖြစ် သည့်အလျောက် လူကင်းပါး၊ လူရည် လည်သည်။ ခိုးဆိုးလုယက် ဒုစရိုက် ကောင်များကို တစ်မိုင်လောက်အဝေး ကနေ ကြိုတင်သိမြင်နိုင်သော ဒိဗ္ဗစက္ခု ရှိသည်။

” ထောင်ထွက်အလုပ်လက်မဲ့ တစ်ယောက်ကို လမ်းပေါ်မှာတွေ့တာနဲ့ ဒီငနဲ ထောင်က ကျွတ်တဲ့ နေ့ရက်အတိ အကျကိုတောင် ငါကခန့်မှန်းနိုင်သကွ” ဟု ရန်ကုန်ဒရိုင်ဘာကြ<ွကားလုံးထုတ်သည်။ သို့သော်..မိန်းမအစစ်နှင့် ခွဲမရအောင်တူလှသော မိန်းမလျာ တစ်ယောက်က သူ့ကိုဓားထောက် ပြီး လုသွားခဲ့ဖူးသည့် ဖြစ်ရပ်ကိုမူ ရန်ကုန်ဒရိုင်ဘာက ဘယ်သူ့ ကိုမှ မပြော။ ဖုံးဖိလျှို့ဝှက် ထား သည်။ ခံလိုက်ရပုံမှာ ရှက် စရာကောင်းလိုက်သည့် ဖြစ် ခြင်း။ရန်ကုန်ဒရိုင်ဘာက သူ့တက္ကစီ ပေါ်မှာ အရက်မူးသမားကို ဘယ် တော့မှ မတင်။ အရက်မူးသမားတွေ က အရစ်ရှည်တတ်ကြပြီး ပြဿနာ လည်း အလွန်ရှာတတ်ကြသော ကြောင့်ဖြစ်သည်။ သို့ပါသော်လည်း တစ်ကြိမ်မှာတော့ ရန်ကုန်ဒရိုင်ဘာ နှပ်ပစ်ခံလိုက်ရသည်။ နေကာ မျက်မှန်မည်းမည်းကြီး တပ်ဆင်ထား သော လူငယ်တစ်ယောက်က ကား ငှားသည်။ မြို့ပြင်က ဟိုတယ်တစ်ခု ကို သွားမည်တဲ့။ သားသားနားနား ဝတ်ဆင်ထားသဖြင့် လူငယ်ကို ဘာမှ မသင်္ကာစရာမရှိ။ မြို့ပြင်ဟိုတယ်ရှေ့ရောက်တော့ နောက်ခန်းက ခရီးသည်ထိုင်ဆိုဖာ ပေါ်မှာ ထိုင်လိုက်လာသောလူငယ် ကား ဆိုဖာပေါ်မှာ ခွေခွေကလေး အိပ်ပျော်နေသည်။ ” ညီတော်မောင်..ညီတော် မောင်..မင်းပြောတဲ့နေရာရောက်ပြီ”

လူငယ်က တုတ်တုတ်မျှမလှုပ်။ လက်မောင်းကို ကိုင်ကြည့်တော့ ရေခဲတုံးကြီးလို အေးစက်နေသည်။ ပြဿနာတော့တက်ပြီ။ ဒီအလောင်း ကောင်ကြီးတင်ပြီး ထွက်ပြေးလို့က လည်း မဖြစ်။ ဟိုတယ်လုံခြုံရေး ဝန်ထမ်းတွေ မျက်မြင်သက်သေ အဖြစ် ဝိုင်းထားကြပြီ။” င့ါကားပေါ်မှာ ဆေးလွန်ပြီး သေတဲ့ မသာကြောင့် ငါ့ကိုအမှုပတ်ပြီး အချုပ်ထဲဝင်ခဲ့ရသေးသဟေ့။ လောကကြီးမယ် သေတာတောင် အေးအေးမသေဘဲ
လူကောင်းတွေ ကို ဒုက္ခပေးတဲ့ကောင်စားမျိုးကရှိသေး” ဟု ရန်ကုန်ဒရိုင်ဘာ သံဝေဂရစွာ မြည်တမ်းမိလေသည်။

ရန်ကုန်လမ်းများပေါ်တွင် ရန်ကုန်ဒရိုင်ဘာ အကြောက်ဆုံးမှာ ဘတ်စ်ကားယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ ဖြစ်ကြသည်။ သူတို့ကို ရန်ကုန်ဒရိုင်ဘာက မာဖီးယားလူဆိုးဂိုဏ်းထက် လန့်သည်။ ဟောင်ကောင်က ထရိုင်ယက်ွှမငေိ တရုတ်ရာဇဝတ်ဂိုဏ်းထက် ပိုကြောက်သည်။ ဘတ်စ်ကားသမား တွေကို ရန်ကုန်ဒရိုင်ဘာက “ကျီးကန်းများ” ဟု အမည်ပေးသည်။ ကျီးကန်းများလို ညီညွတ်ကြသောကြောင့် ဖြစ်သည်။ ကျီးကန်းများလို သူတို့ထဲက တစ်ကောင်ကိုထိလျှင် ကမ္ဘာမှာ ရှိသမျှကျီးကန်းအပေါင်းက ဆတ် ဆတ်ထိမခံ ဝိုင်းအုံပြုံခဲလာတတ်ကြ သောကြောင့် ဖြစ်သည်။

” ငရို့မြန်မာတွေ ကျီးကန်းတွေလိုသာ စည်းလုံးညီညွတ်ကြည့်။ ကုလားကလည်း ဆလံသမှာပဲ။ တရုတ်ကလည်း အရိုအသေပေးမှာပဲ” ဟု ရန်ကုန်ဒရိုင်ဘာ တွေးမိသည်။ အခုတော့ ကိုယ့်မြန်မာလူမျိုးအချင်း ချင်း နိုင်ထက်စီးနင်းလုပ်နေကြတာ ကြောင့် ငါ့မှာ ကြောက်ကြောက်နဲ့ ဘဝတူချင်းကို ပြန်ရှိခိုးနေရပြီ။ တစ်နေ့တုန်းကဖြစ်သည်။ ရန်ကုန်ဒရိုင်ဘာသည် ခရီးသည် တစ်ဦးကိုကြိုဆိုရန် ကားကို ခပ်လော လော မောင်းနှင်နေသည်။ မောင်း နေရာမှ ရှေ့မှာအိပဲ့၊ အိပဲ့သွားနေ သော ကိုရီးယားထုတ် ဘတ်စ်ကား ဟောင်းကြီးတစ်စင်းကို ကျော်တက် လိုက်သည်။ ကားသမားယဉ်ကျေး မှုအရ ဘတ်စ်ကားဒရိုင်ဘာမြင်သာ အောင် လက်ပြ၍ တောင်းပန်လိုက် လေသည်။ သို့သော်..မရပါ။ ဘတ်စ်ကားသမားအချင်းချင်း မည် သို့မည်ပုံ ဖုန်းဖြင့်အချက်ပေးလိုက် သည်မသိ။ ရန်ကုန်ဒရိုင်ဘာ၏ တက္ကစီကို ဘတ်စ်ကားသုံး၊ လေးစီး ဝိုင်းပိတ် ရပ်လိုက်ကြတော့သည်။ သံတုတ်တွေ ကိုင်ထားကြသော ဘတ်စ်ကားသမား အုပ်ကြီးက လူ ရိုင်းတပ်ဖွဲ့ကြီးလို ဝိုင်းလာကြပြီ။ ရန်ကုန်ဒရိုင်ဘာသည် လမ်း ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီထားလိုက်သည်။

” ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ ပါလဲခင်ဗျာ။ ကျွန်တော်ဟွန်းလည်း တီးတယ်၊ အချက်လည်းပြတယ်။ ပြီးမှ ကျော်တက်တာပါ” ဟု ရန်ကုန် ဒရိုင်ဘာက ငိုမဲ့မဲ့မျက်နှာ၊ ငိုသံပါ ကလေးဖြင့် တောင်းပန်သည်။ ရန်ကုန်ဒရိုင်ဘာ၏ သားအရွယ် လောက် ဘတ်စ်ကားဒရိုင်ဘာက သံတုတ်ကိုဝင့်ပြီး မှင်နှင့်မောင်းနှင့် ရာဇသံပေးတော်မူလေသည်။ ” ဘာအကြောင်းနဲ့ဖြစ်ဖြစ် ငရို့ဘတ်စ်ကားကို ကျော်မတက်ရဘူးကွ။ Public Service ဝန်ဆောင်မှု ပေးနေတဲ့ ဘတ်စ်ကားကိုကျော်တက်တာ လူပါးဝတာပဲ။ ဒီခေတ်ဟာ ပြည်သူ့ဒီမိုကရေစီခေတ်ဆိုတာ နားလည်ပါ။ နောက်တစ်ခါ အချိုး မပြေရင် မင်းဦးနှောက်တွေ လမ်း ပေါ်မှာ ဖွေးဖွေးလှုပ်သွားမယ်”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*