ကိုးတန်းကျောင်းသူ ဘဝကို ပြန်သွားချင်တဲ့ ခင်ဝင့်ဝါ

ကိုးတန်းကျောင်းသူ ဘဝကို ပြန်သွားချင်တဲ့ ခင်ဝင့်ဝါ
November 21, 2016 Asian Fame
ကိုးတန်းကျောင်းသူ ဘဝကို ပြန်သွားချင်တဲ့ ခင်ဝင့်ဝါ

khinwintwah3

သရုပ်ဆောင် ခင်ဝင့်ဝါက အမှတ်တရအဖြစ်ဆုံး ဓာတ်ပုံအကြောင်းကို ပြောရရင်တော့ ကိုးတန်းကျောင်းသူဘဝအရွယ်တုန်းက သူငယ်ချင်းတွေနဲ့ အမှတ် တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးက သူ့ဘဝထဲမှာ အမှတ်တရတစ်ခု အနေနဲ့ ပါဝင်ပါတယ်လို့ပြောပါတယ်။

” ကျောင်းဝတ်စုံနဲ့ပုံလေးက ညီမတို့ ကိုးတန်းရဲ့ နောက်ဆုံး Funfair မှာရိုက်ထားတဲ့ပုံလေးပါ။ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ပုံလေးပါ။ အဲဒီအချိန်တုန်းက တော်တော် ပျော်ဖို့ကောင်းတယ်။ ညီမကျောင်းတက်လာတဲ့ နှစ်တွေထဲမှာ အဲဒီနှစ်ကပျော်စရာအကောင်းဆုံးပဲ။ သူငယ်တန်းကနေ စတက်တာပျော်တော့ ပျော်ခဲ့ရပေမယ့် ကျောင်းသား ဘဝ လွတ်လွတ်လပ်လပ်ရှိတာက ကိုးတန်း နှစ် တစ်နှစ်ပဲ ပျော်ခဲ့ရတယ်။ အတန်းပိုင် ဆရာမ တီချယ်ဒေါ်သီတာဦးက တအား သဘောကောင်းတယ်။ တီချယ်က အပျိုကြီး၊ ဘိုင်အိုဘာသာကိုသင်တယ်။ ညီမကိုလည်း တအားချစ်တယ်။ ဒီပုံလေးကြည့်ပြီး တော့ ငါတို့ ကိုးတန်းတုန်းက ဒီလို ပျော်ခဲ့ရပါလား ဆိုပြီး ပြန်သတိရသွားတယ်။ အမှတ်တရလေး ဖြစ်သွားတာပေါ့။ ညီမကိုးတန်းကျောင်းသူ ဘဝတုန်းက ပုံထဲမှာမြင်ရတဲ့အတိုင်း ယောက်ျား လျာလိုလို ဘာလိုလိုနဲ့၊ ဆံပင်ကလည်း ခပ် တိုတိုပုံစံ၊ ဖိုက်တာပုံစံပေါက်တာပေါ့။ သူငယ်ချင်းတွေကတော့ ညီမကို စွာတယ်လို့မြင်ကြတယ်။ ပြီးတော့ တအားလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ တအားလည်း ခင် တတ်တယ် လို့ မြင်ကြတယ်” လို့ သူ့ရဲ့ ကိုးတန်းကျောင်း သူ ဘဝကအကြောင်းတွေကို ပြန်ပြောပြပါတယ်။

ခင်ဝင့်ဝါကအ.ထ.က (၂) ဗဟန်းကျောင်းမှာ ကျောင်းတက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဒီပုံလေးကို ပြန်ကြည့်တဲ့အချိန်မှာ သူတက် ရောက်ပညာ သင်ကြားခဲ့တဲ့ ကျောင်းကို ပြန်သွားချင်တဲ့ ဆန္ဒမျိုးလေးလည်း ဖြစ်ပေါ်မိတယ်လို့ ဆိုပါတယ်။ ” ကျောင်းသွားပြီးတော့ ကျောင်းရဲ့ မုန့်ဈေးတန်းထဲက မုန့် တွေ အကုန်ပြန်စားချင်တယ်။ ပြီးတော့ အဲဒီနှစ်က သူငယ်ချင်းတွေ အကုန်လုံးရယ်၊ အဲဒီဆရာမတွေ ရယ်နဲ့ အဲဒီနှစ်ကို ပြန်ရောက်သွားချင်တယ်” လို့ သူ့ရဲ့ဆန္ဒကိုပြောပါ တယ်။ ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက်တာ ကျော်ဇောလင်းရိုက်ကူးတဲ့ “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားမှာ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ နုနန္ဒာသန်းတို့နဲ့သရုပ်ဆောင်ထားပါတယ်။

” မြန်မာပြည် ဦးသိန်းတန်က ညီမတို့ အဖေ၊ အမေလက်ထက်ကတည်းက နာမည်ကြီးအောင်မြင်နေတဲ့ အနုပညာရှင်ကြီးပါ။ ညီမဆိုရင် ဦးသိန်းတန်ရဲ့ သီချင်းတွေကို နားထောင်ဖြစ်တယ်။ သဘောလည်းကျတယ်။ နားထဲမှာ အစွဲ ဆုံးသီချင်းက “ရွှေရုပ်လေးကောက်ရတယ် ” သီချင်းပါ။ အဲဒီသီချင်း နားထောင် ရင် သူ့ကိုမြင်တယ်။ အဲဒီလိုမျိုးလေး တအားသဘောကျရတဲ့၊ တအားအောင်မြင်တဲ့ အနုပညာ ရှင်တစ်ယောက်နဲ့ အခုလို တွဲဖက်သရုပ်ဆောင်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်” လို့ပြောပါတယ်။ ခင်ဝင့်ဝါက နောက်ထပ် လည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးသွားဖို့ ရှိ ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*