အားလုံးပြီးသွားတဲ့ အချိန်မှာ တကယ်ကို ရင်ထဲ ဘာမှမရှိကြတော့ပါဘူး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

အားလုံးပြီးသွားတဲ့ အချိန်မှာ တကယ်ကို ရင်ထဲ ဘာမှမရှိကြတော့ပါဘူး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
November 18, 2016 Asian Fame
အားလုံးပြီးသွားတဲ့ အချိန်မှာ တကယ်ကို ရင်ထဲ ဘာမှမရှိကြတော့ပါဘူး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
In Movies

mg-myo-min-copy

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့ ဇနီးဖြစ်သူ (ပါရမီဖြည့်ဖက်) ဒေါ်သန်းသန်းဌေးတို့ရဲ့ မင်္ဂလာသက်တမ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၁ ရက် နေ့က ၂၉နှစ် တင်းတင်း ပြည့်သွားခဲ့ပြီဖြစ် ပါတယ်။ သာယာပျော်ရွှင်တဲ့မိသားစုရိပ်မြုံလေးကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)တို့ ဇနီးမောင်နှံနှစ် ဦးဟာ ၁၉၈၇ ခုနှစ် နိုဝင်ဘာလ၁၁ရက်နေ့မှာ စတင် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

“ဦးမျိုး ဒီရက်တွေမှာ အလုပ်တွေ တအားများ ပါတယ်။ ရုပ်ရှင်ဇာတ်ကားကလည်း စရိုက်ကူးနေပြီ ဆိုတော့ အခုလို ဦးမျိုးတို့မိသားစု ဘဝရဲ့ နေ့ထူး နေ့မြတ်တွေ မှာ  တစ်ခါတလေကျရင် ဘယ်လောက် အထိ ဖြစ်သွားလဲဆိုရင် ကိုယ့်မွေးနေ့မှန်းတောင် ကိုယ်မသိခဲ့တဲ့နှစ်တွေ အများကြီးပဲ။  မနေ့ (နိုဝင် ဘာလ၁ဝရက်)နေ့ ကတော့ ကထိန် သင်္ကန်းလေး သွားကပ်ဖြစ်ခဲ့တယ်။ မှော်ဘီ မှာပေါ့။ မိသားစုတွေ အတူတူ ကပ်ခဲ့ကြတာပေါ့။ ဦးမျိုးရဲ့ အမျိုးသမီးကို  မင်္ဂလာနှစ်ပတ်လည်မှာ အမှတ်တရလက်ဆောင် အဖြစ်ဆိုရင် သမီးလေးတွေကပေးထားပြီးဖြစ် လိမ့် မယ်။ ဘာဖြစ်လို့ သမီးလေးတွေက ပေးထားကြ ပြီး ဖြစ်လိမ့်မလဲဆိုတော့ ဦးမျိုးအကြောင်းကို ဦးမျိုးရဲ့ အမျိုးသမီးကသိထားပြီးသားပါ။ ဦးမျိုးက အဲဒါတွေ ထက် အလုပ်ကို ပိုပြီး ချစ်မြတ်နိုးတယ်ဆိုတာ သူသိ ပါတယ်။ သူတို့ကို အစက တည်းကလည်း ပြောပြ ထားပါတယ်။

သား၊ သမီးနဲ့ ဇနီးတွေကိုလည်း သိပ်ချစ် ပါတယ်။ ဒါပေမဲ့ သူတို့ထက် ချစ်တာ တစ်ခုရှိပါတယ်။ အဲဒါဘာလဲ ဆိုရင် ဦးမျိုးရဲ့ အနုပညာပါပဲ။ ဘယ် လောက် အထိချစ်လဲဆိုရင် လူဆိုတာ ကိုယ့်ကိုယ် ကိုယ် အချစ်ဆုံးလို့ပဲ ရှိတယ်လေ။ ဒါပေမဲ့ ဦးမျိုးက တော့ အနုပညာကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ် တယ်လို့ ပြောထားပါ တယ်။ အဲဒီလိုပြောထားတော့ အနုပညာ လုပ်နေရင် ဘာမှကို မသိတော့ဘူးဆိုတာ သူတို့လေးတွေ သိနှင့်ပြီးသားပါ။ ကြားထဲမှာ အား ရက်တွေ ရှိလာရင်တော့ မိသားစုတွေအတူ ပျော်ရွှင် စွာနဲ့ ဖြတ်သန်းကြပါတယ်။ ဦးမျိုးကို အလုပ်တွေ များပြီး ဂရုမစိုက်တာမျိုး ဖြစ်မိတာကိုလည်း သူတို့လေးတွေက ခွင့်လွှတ်ပေးတယ်။ နားလည်ပေး တယ်။ ခွင့်လွှတ်နား လည်ပေးတာကိုက ဦးမျိုးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြော ပြပေးပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်း ဖြစ်) နဲ့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းတို့အကြား ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေဟာလည်း ၂၉   နှစ်ပြည့် မင်္ဂလာနှစ်ပတ် လည် ရက်မြတ်မတိုင်ခင်မှာ အရာအားလုံးနိတ္ထိတံ သွားခဲ့ပြီ ဖြစ်ပါတယ်။

“ဘယ်လိုမျိုး ကျေအေးမှုရသွားလဲဆိုရင် ဦးမျိုး ရော၊ သူရော နှစ်ဦးစလုံးက တရားဥပဒေလမ်း ကြောင်းအရ အကုန်လုံး ပြင်ဆင်ထားပြီးသားပေါ့။ ကိုယ့်သိက္ခာ အတွက်၊ သူ့သိက္ခာအတွက် လုပ်ထား ကြတာပေါ့။ နှစ်ယောက်စလုံးကလည်း မလျှော့ကြ ဘူးပေါ့။ အဲဒီအချိန်မှာ ဘဘဗိုလ်ကလေးတင့်အောင် က ပြောပါတယ်။ ဘာပြောလဲဆိုတော့ ငါ့အသက် ၉၅နှစ်ရှိပြီတဲ့၊ ငါနောက်ထပ်နေရရင် ၅ နှစ်ပါပဲကွာတဲ့။ ငါမသေခင်မှာ အဲဒါမျိုးကို မမြင်ပါရစေနဲ့၊ မကြားပါရ စေနဲ့တဲ့။ ဘာဖြစ် လို့လဲဆိုရင် ငါတအား စိတ်ဆင်း ရဲလို့ နေလို့မရဘူးတဲ့။ မင်းတို့က တကယ်ဆိုရင် အနုပညာညီအစ်ကိုတွေပါပဲတဲ့။ အဲဒီလို ညီအစ်ကိုတွေဟာ ဘာဖြစ်လို့ ဒီလိုဖြစ်ကြမှာ လဲတဲ့။ အဲဒီလို မလုပ်ကြဖို့ နှစ်ယောက်စလုံးကို ပြောတယ်။ သူ (ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း)က လည်း လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး။ သူ့ သိက္ခာ အတွက်ပေါ့။ ဦးမျိုးကလည်း လုပ်ချင်လို့ လုပ်ရတာမဟုတ်ဘူး။ ကိုယ့်သိက္ခာအတွက်ပေါ့။ အဲဒီတော့ အရှိန်ပြင်းတဲ့ကားနှစ်စီး ခေါင်းချင်း ယှဉ်တိုက်သလိုပါပဲ။
တစ်ဖက်လူ နာကျင်မယ်ဆိုရင် ကိုယ်လည်း အတွင်းလူနာ ဖြစ်နေမယ်ဆိုတာ တွက်ထားရမှာ ပေါ့။ နောက်တစ်ခုကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ သမိုင်းမှာ အစည်းအရုံးဆိုတာက ရုပ်ရှင်လောက သားတွေ အကျိုးစီးပွားနဲ့ အခွင့်အရေး ကာကွယ် ပေးဖို့လုပ်ထားတာ။ အစည်းအရုံးကိုယ်တိုင်က ပြန်တရားစွဲတယ်ဆိုရင် သမိုင်းရာဇဝင်မှာ ပထမ ဦးဆုံး ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခုက ရုပ်ရှင်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားနေကြတဲ့ အချိန်မှာ ဒါမျိုးဟာ မဖြစ်သင့်ဘူးပေါ့။ အဲဒါနဲ့ ဒီအကြောင်းအရာတွေကို ရှေးရှုပြီးတော့ နှစ်ဦး စလုံးကနေပြီး နာယကကြီးတွေရဲ့သဘော ဆန္ဒအရ ကျေအေးပေးလိုက်ကြတာပါ။ အားလုံး ပြီးသွားတဲ့ အချိန်မှာတကယ်ကိုရင်ထဲမှာ ဘာမှ မရှိကြတော့ပါဘူး။ ခါတိုင်းလိုပဲ သွေးရင်း သားရင်း ညီအစ်ကိုလိုပဲ ပြန်ဖြစ်သွားကြပါပြီ။ တစ်ဦးနဲ့တစ်ဦး ရင်ထဲ မှာ ရှိတဲ့အ ရာတွေကိုရော၊  မကျေနပ်တာတွေကို ရော လူကြီးတွေရဲ့အရှေ့မှာ အကုန်ပြောလိုက် ကြတာ။ အခုစိတ်ထဲမှာ အားလုံးရှင်းသွားကြပြီ။ သူလည်း အရင်အတိုင်း   ပြန်ဖြစ်သွားပါပြီ။ စိတ်ထဲမှာ ဘာမှမရှိကြတော့ ပါဘူး။ တစ်ဦးနဲ့တစ်ဦးလက်ဆွဲနှုတ်ဆက်ပြီး အရင်အတိုင်း ပြန်ဖြစ်သွားပါပြီ” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပြပေးခဲ့ပါ တယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*