မလေးသို့ တစ်ခေါက်လေ (၁)

မလေးသို့ တစ်ခေါက်လေ (၁)
November 18, 2016 Asian Fame
မလေးသို့ တစ်ခေါက်လေ (၁)
In Articles

soek

ရဲကျော်က နည်းနည်းတော့ ဇွတ်တရွတ်နိုင်တယ်။ မိသားစုထဲမှာ ရဲကျော်လောက် ခေါင်းမာသူ မရှိဘူး။ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်တာ ရဲကျော်အကျင့်ပဲ။ ရဲကျော်အကြောင်း ကောင်းကောင်း သိတဲ့သူတွေက ရဲကျော်ကို ခင်မင်ကြ ပါတယ်။ သူ တစ်ပါးကို အင်မတန် အကူအညီပေးတတ်၊ စာနာတတ်သူ ပါ။ ဒါပေမဲ့ စိတ်ကြီးတာကလည်း ဆတ်ဆတ်ထိ မခံသလို ရှူးရှဲပဲ။ ချက် ချင်း စိတ်ပြေတာလည်း စံချိန်တင် လောက်တယ်။

ရဲကျော်အဖေက တပ်မတော်သား အငြိမ်းစားတစ်ဦးပါ။ က.ပ.စ မှာ အလုပ်လုပ်ပါတယ်။ မိန်းကလေး နှစ်ယောက်ကြားမှာ အငယ်ဆုံး သားတစ်ယောက်ပဲ ယောက်ျားလေး ဆိုလို့ ပါပါတယ်။ ဒီတော့လည်း ဒီသားကို ထွန်းပေါက်စေချင်မှာပေါ့။ ရုပ်ရည်ကြည့်ရင်လည်း မောင်နှမ တွေထဲမှာ ရဲကျော်ရုပ်က တစ် ဘာသာ ချွန်ထွက်နေတယ်။ အစ်မတွေက ရုပ်ရည်ဖြူဖြူသန့်သန့် တွေချည်းပါ။ ရဲကျော်တစ်ယောက်ပဲ အားလုံးထဲမှာ အသားအရေညို မောင်းပြီး ကွေးကောက်သော ဆံပင် တို့ကို ပိုင်ဆိုင်ပါတယ်။ ရဲကျော်ရဲ့ ဆံပင်က ဘယ်လောက်များကွေး ကောက်လိုက်သလဲဆိုရင် ခေါင်းက ပြူထွက်စ သူ့ဆံပင်မွေးတွေဟာ ချက်ချင်း ကွေးကောက်ပြီး လုံးသွား တာပါပဲ။ တကယ့်ကပ္ပလီအတိုင်း ပါပဲ။ မအားလပ်လို့ ဆံပင်များ ရှည်သွားရင် ရဲကျော်ဆံပင်က ဘေး ကို ကွေးကောက်ကားထွက်ပြီး ဆိုင်းဘာဘာလို ဖြစ်သွားပါလေ ရော။ ဆိုင်းဘာဘာဆိုတာက လွန် ခဲ့တဲ့ နှစ်ရှည်လများစွာကတည်းက ပြည်သူတချို့ ယုံကြည်ကိုးကွယ်ကြသူ ဘာသာရေးခေါင်းဆောင်တစ် ယောက်ပေါ့နော်။ ရဲကျော် ပြည်ပမှာ နေတုန်းက ဆံပင်ရှည်ထားတဲ့ပုံစံကို တွက်ဆသာ ကြည့်ကြပါကုန်လော့။ ဒီကျောလယ်လောက် ဆံပင်ရှည်ကြီး နဲ့ ဘယ်လိုပုံစံဆိုတာ တွေးဆကြည့်ပါတော့။

ရဲကျော် တစ်တန်းလောက်မှာ အင်မတန်ဆော့တာပါ။ တစ်ရက်မှာ တခြားသူငယ်ချင်းတစ်ယောက်နဲ့ ဆော့ကစားရင်းက ရဲကျော် တစ် ဖက်လှည့်နေတုန်း သူငယ်ချင်းက ခေါင်းကို အုတ်နီခဲကျိုးနဲ့ ထုချလိုက် တာပါ။ ရဲကျော် ပူခနဲ သိချိန်မှာ အထုခံရပြီးသွားပြီ။ အထုခံရတုန်းက တော့ အေးဆေးပဲ။ အိမ်ကိုတောင် ပြန်မပြောမိဘူး။ ခေါင်းထဲ စမ်းကြည့် ရင်တော့ ပျော့စိစိနဲ့ပေါ့လေ။ တစ်ခါ တလေ ခေါင်းထဲက ကိုက်သလိုလို ခံစားရတယ်။ ဒီလိုနဲ့ တစ်နှစ်လောက် နေတော့မှ ခေါင်းထဲက ဘုတစ်လုံး ထွက်လာတယ်။ ခေါင်းကိုက်တာ လည်းဆက်လာတော့ အဲဒီတော့မှ ဆရာဝန်ကို ဆေးရုံကြီးမှာသွားပြရ တယ်။ ဆရာဝန်ကလည်း တော်ပါ တယ်။ ဒီလောက် ကြီးမားတဲ့အနာကို အစိမ်းခွဲပေးတယ်ဗျာ။ ရဲကျော်ဘဝ မှာ ဒီလောက်နာတဲ့အနာရှိပါ့မလား လို့ တွေးမိတယ်။ ပထမဆုံး ဆရာဝန် က အရေပြားအပေါ်ယံကို လှီးလိုက် ပုံရတယ်။ ဒါပေမဲ့ သိပ်မနာသေးဘူး။ ခေါင်းခွံထဲကိုမွှေတော့မှ သေမတတ် နာတော့တာပါပဲ။ ရဲကျော်ပဲ ဘယ်ရ မလဲ၊ လူလေးယောက် ချုပ်ထားတဲ့ အထဲက တတ်သမျှ၊ မှတ်သမျှ ဆဲနည်းကားအစုံနဲ့ ငိုပြီး သံကုန်ဆဲ တော့တာလေ။ ဒီလောက်ရောဂါကို ဒီလိုအထဲထိ အစိမ်းခွဲခံရတဲ့ ဝေဒနာ ကတော့ ရဲကျော်ပြုခဲ့တဲ့ အကုသိုလ် ကြောင့်ပဲ ဖြစ်ပါမယ်။ အနာကို တစ်ပတ်တစ်ခါ ပတ်တီးဖြေပြီး ဆေးထည့်ရတယ်။ ဆေးထည့်တိုင်း လည်း သေအောင်နာပါတယ်။ ဒီလိုဆေးထည့်ရင်း နှစ်လလောက် ကြာတော့မှ အနာ အသားနုတက် လာတယ်။ အဲဒီနေရာမှာ ဆံပင် ပြန်မပေါက်တော့ဘူး။ တဖြည်း ဖြည်းချင်း မပျောက်ခင်စပ်ကြား အသားနုတက်အောင် ဆရာဝန်က ကြက်သားကို ဆီမပါဘဲ ပြုတ်ပြီး တစ်လလောက်ကျွေးခိုင်းတယ်။

စားလိုက်ရတဲ့ ကြက်သားများ စားရလွန်းတော့ မုန်းသွားတာ။ အနာလည်းပျောက်ရော ကြက်သား မစားတော့တာ ၈ နှစ်လောက် ကြာ သွားတယ်။ ဘယ်လိုမှ စားမရတော့ တာပါ။ ကြက်သားတောက်သွားတာ လေ။ ဘယ်တော့မှ ပြန်စားလို့ရလဲ ဆိုတော့ မလေးရှားရောက်တော့မှ ပြန်စားဖြစ်ပါတယ်။ စားဖြစ်ဆို မလေးမှာ ကြက်သားပဲ ဈေးပေါတာ ကိုးလေ။ ကြက်တစ်ကီလိုမှ ရင်းဂစ် ငွေနဲ့ ၁၂ ကျပ်ခွဲလောက်ပဲရှိတာ စားပြီပေါ့။ ရဲကျော် ငယ်ဘဝမှာ အတော့် ကို ဂျစ်တစ်တစ်နဲ့ တေတေပေပေ နေခဲ့မိတာ အမှန်ပါ။ ၁၉၉၅ ခုနှစ် လောက်ကပေါ့။ တောင်ဒဂုံအိမ်မှာ ဖြစ်တာလေ။ အိမ်ရှေ့မှာ ရေတွေရှိ တော့ ရဲကျော်တစ်ယောက် ခုန်ခုန်ချ ပြီး ပျော်နေတာလေ။ ရဲကျော် အမေ က လူကြီးပီပီ လှမ်းပြီးဆူရင်း သတိ ပေးတာပေါ့။

” သား..ရေထဲတအားခုန်မချ နဲ့နော်။ ရေထဲ ဘာတွေရှိမှန်းမသိဘူး”
” ရတယ်..ရတယ် “

ပြောပြောဆိုဆို ခုန်ချလိုက်တာ ခြေထောက်တစ်ဖက် ရုတ်တရက် ဘာဖြစ်သွားလိုက်မှန်းတောင် မသိ လို့ ခြေထောက်ကို မကြည့်မိတယ်။ ဒီတော့မှ အားခနဲအော်မိပြီး နာပါ တော့တယ်။ ဖြစ်ပုံကိုမြင်ယောင် ကြည့်ပါ။ ရဲကျော် ခြေဖနောင့်တစ်ခု လုံး မရှိတော့ပါ။ ရေအောက်က ပုလင်းကွဲချွန်တစ်ခုက အရှိန်နဲ့ကျလာ တဲ့ ဖနောင့်တစ်ခုလုံးကို လှီးဖြတ် ပစ်လိုက်တာပါ။ အင်မတန်ဆိုးရွား တဲ့ ဒဏ်ရာပါ။ ရဲကျော် ဒဏ်ရာ ပျောက်အောင် မနည်းကုယူခဲ့ရပါ တယ်။ လူကြီးစကား နားမှမထောင် တာကိုး။
‘ ‘ ‘

တစ်ခါမှာလည်း ရဲကျော် အမေ့ အဆော်ခံ ထိသေးတယ်။ အမှုက ပွဲခင်းထဲမှာ ခြေပစ်လက်ပစ် အိပ်မောကျနေတာလေ။ အားလုံး ပွဲခင်းထဲကပြန်ပြီ။ ရဲကျော် အိမ်ပြန် မရောက်သေးဘူး။ ရဲကျော်အမေ တုတ်တစ်ချောင်းနဲ့ လိုက်ရှာပြီ။ သားတစ်ယောက်တည်းဆိုတော့ စိတ်ပူရှာမှာပေါ့။ ဘိတ်ဆုံး ရှာမတွေ့ ဖတ်ဖတ်မောတော့မှ ရဲကျော်သူငယ် ချင်းတွေက ရဲကျော်တစ်ယောက် ပွဲခင်းထဲမှာ အိပ်နေတယ်လို့ သတင်း ပေးတယ်။ ရဲကျော်အမေ လိုက်သွား တော့ ကောင်းကောင်းအိပ်နေတုန်း။ ရဲကျော်အမေက စိတ်တိုတိုနဲ့ တုတ် နဲ့တွယ်တော့ လူးလဲထတယ်။ သူ့ကို ဘယ်သူလာရိုက်မှန်းမသိတော့ ရိုက် သူကိုမကြည့်ဘဲ တွေ့တဲ့တုတ်နဲ့ ကောက်ဆော်မယ်ဆိုပြီး ရွယ်တော့မှ အမေ့ကိုမြင်ပြီး တုတ်ကိုပစ်ချပြီး ထွက်ပြေးတယ်။ ရဲကျော်ဆိုတာ အဲသလိုလေ။
‘ ‘ ‘

ရဲကျော်တို့မိသားစုကို ချစ်ခင် တဲ့ ဗိုလ်မှူးတစ်ယောက်ရှိတယ်။ ရဲကျော်အဖေရဲ့ အထက်ကပေါ့။ အဲဒီဗိုလ်မှူးက ရဲကျော်ကို ကောင်းစားစေချင်တော့ အလုပ်တွေ ရှာပေးတယ်။ ရဲကျော် ၁ဝ တန်း အောင်တဲ့အချိန်မှာပေါ့။ ပထမဆုံး စစ်တက္ကသိုလ်တက်ဖို့ လျှောက်ခိုင်း တယ်။ ရဲကျော်က မလုပ်ချင်ဘူး ငြင်းတယ်။ ဒါဆိုရင် Custon ကို သွားပါလား။ ငါကူညီမယ်ပြောတော့ လည်း ဟင့်အင်းပဲ ငြင်းတာဆိုတာ ခေါင်းကို မူးအောင်ရမ်းပစ်တဲ့ ရဲကျော်ပါ။ ဘယ်လိုဂျစ်တစ်တစ်မှန်းကို မသိဘူး။ ဒီတော့ ဗိုလ်မှူးလည်း အလုပ် တွေမှန်သမျှ သွက်သွက်ခါအောင် ငြင်းတဲ့ ရဲကျော်ကို မေးတယ်။ စိတ် တိုတိုနဲ့ပေါ့လေ။

” မင်းဘာဖြစ်လို့ ဒီလိုကောင်းတဲ့ အစိုးရအလုပ်တွေကို မလုပ်ချင်တာလဲ။ မင်းကောင်းစားဖို့ကွ။ မင်းရဲ့ ရှေ့ရေးကိုကြည့်ရမယ်လေ”ဒီတော့ ရဲကျော်က မျက်နှာ တည်တည်နဲ့ ဗိုလ်မှူးကို ပြန်ပြောပါတယ်။ ” ကျွန်တော် သူများလက် အောက်ကအလုပ်ကို မလုပ်ချင်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင်အလုပ်ကိုပဲ လုပ်ချင်ပါတယ်ခင်ဗျာ” ဗိုလ်မှူးလည်း လက်လျှော့သွားတယ်။ အလုပ်လည်း ထပ်မစပ်တော့ပါဘူး။ ” အဲဒီအချိန်ကတည်းက ခွေး ဖြစ်တာပေါ့လေ” ။ ရဲကျော်ရင်ထဲမှာ တွေးမိတာလေး ဖြစ်ပါတယ်။

နောက်ပိုင်း ရဲကျော် သူငယ် ချင်းတွေနဲ့တိုင်ပင်ပြီး ပြည်ပထွက် အလုပ်လုပ်ဖို့ ကြိုးစားတယ်။ အိမ်က မိဘတွေကို တင်ပြတယ်။ အိမ်က မိဘတွေက ချက်ချင်းခွင့်မပြုဘူး။ ဘွဲ့ရမှသွားရမယ်လို့ အမိန့်ချတယ်။ ဒီတော့ ရဲကျော် ဘွဲ့ရအောင် ကြိုးစားရတယ်။ တစ်ဖက်ကလည်း မိဘရဲ့ မီးသွေးလုပ်ငန်းကို ဝင်ကူ ရောင်းပေးပါတယ်။ အိမ်မှာလည်း ရောင်း၊ လိုက်လည်း ပို့ရတာပေါ့ လေ။ ရဲကျော်မှာ ရင်ကျပ်ပန်းနာ အခံလေးရှိပေမယ့် ပေပေတေတေ နေခဲ့တာပါပဲ။ ဒီမီးသွေးမှုန့်တွေ နေ့စဉ်ရှူရှိုက်ခဲ့ရပေမယ့် လုပ်ပေးခဲ့ တာပါပဲ။ ရဲကျော်က စိတ်ဆတ်ပြီး မဟုတ်မခံတတ်သူမို့လို့သာ ဆိုးတယ် ထင်ရတာပါ။ ရဲကျော်ရဲ့ ပင်ကိုစိတ် က မိဘကိုလုပ်ကိုင်ကျွေးမွေးချင် စိတ် အပြည့်ရှိပါတယ်။ တစ်ခါတလေ ရဲကျော် မနက်ဖြန်စာမေးပွဲအတွက် အိမ်ထဲ မှာ စာအပြင်းအထန်ကျက်နေတယ်။ အဲဒီအချိန် အမေက ” သားရေ.. မီးသွေးတစ်အိတ် ဘယ်ရပ်ကွက်ကို သွားပို့ပေးပါဦး” လို့ခိုင်းရင် ထပို့ရ တာပါပဲ။ ဘယ်တော့မှ မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ ရဲကျော်စိတ်ထဲမှာ ဝမ်းနည်း မှုတွေ ပြည့်လျှံနေခဲ့ဖူးတယ်။ မိဘကို အပြစ်မတင်ပေမယ့် ရဲကျော်တစ် ယောက် ကိုယ့်ကံကြမ္မာကိုပဲ အပြစ် ပုံချမိပါတယ်။

ဒါနဲ့ပဲ ရဲကျော်တစ်ယောက် Philosophy ဘာသာရပ် နောက်ဆုံး နှစ် ဖြေပြီးခဲ့ပါတယ်။ ရဲကျော်ဒီနေ့ စာမေးပွဲဖြေပြီးတာနဲ့ အောင်တာကို မစောင့်တော့ဘဲ ချက်ချင်း အေးဂျင့် တွေနဲ့ ဆက်သွယ်ပါတယ်။ မလေးရှားကို သွားရမယ်တဲ့။ ဟို ရောက်မှ အလုပ်နဲ့ နေထိုင်ခွင့် လျှောက်ပေးမယ်ပေါ့လို့ အေးဂျင့် က ပြောတယ်။ ကိုင်း..သိပ်လည်း မေးမနေတော့ဘူး။ ဟိုရောက်ရင် အလုပ်ရမှာပဲလေ။ ဒါနဲ့ပဲ အေးဂျင့်ရဲ့ပို့ဆောင်မှုနဲ့ လေဆိပ်မှာတခြားအဖွဲ့နဲ့တွေ့တယ်။ အားလုံး ၁ဝ ယောက်လောက်ရှိ မယ်။ တစ်အုပ်ကြီး လူငယ်တွေကို တွေ့ရတော့ ရဲကျော် အားရှိပြီး ပျော် သွားတယ်။ ဘာပဲပြောပြော အဲဒီ အချိန်က အသွားရခက်ခဲတဲ့ နိုင်ငံခြားပဲလေ။ မလေးရှားနိုင်ငံကို သွားရမှာလေ။ စိတ်အေးအေးထား လိုက်တယ်။ မလေးရှားနိုင်ငံကို ရောက်ခဲ့ပါ ပြီ။
‘ ‘ ‘
မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကိုဆင်းခါနီးမှာ လေယာဉ် ပေါ်ကနေ အောက်ကိုကြည့်မိတယ်။ သစ်ပင်၊ သစ်တော စိမ်းစိမ်းစိုစို ဘာတစ်ခုမှမရှိဘူး။ ခြောက်သွေ့နေ ပုံ ရပါတယ်။ ရဲကျော်ရောက်ခဲ့တဲ့ အချိန် ၂ဝဝ၆ ခုနှစ်က ဖြစ်ပါတယ်။ တကယ်တော့ မလေးရှားနိုင်ငံဆို တာ အီကွေတာမျဉ်းက အလယ် တည့်တည့်ဖြတ်သွားတဲ့ နေရာပါ။ ဒီတော့ ပူပြင်းပါတယ်။ ရန်ကုန်မြို့ထက် ပူပါတယ်။ တစ်နေ့ကို ရာသီ ဥတု ၃ မျိုးပြောင်းပါတယ်။ နေချစ် ချစ်တောက်ပူမယ်။ နေပူရင်းက မိုး ထရွာချင်ရင် ရွာတယ်။ နေပူနေရင်း မိုးကြိုးတွေ တဂျိန်းဂျိန်းလည်းပစ်တာပါပဲ။ ညတိုင်းလည်း နှင်းကျပါတယ်။ နှင်းကျချိန်လေးမှာတော့ အေးနေတာပါပဲ။ ည ၁ နာရီ၊ ၂ နာရီလောက်ဆိုရင် ရဲကျော်တို့ အနွေးထည်လေးတွေ ဝတ်လို့ရပါတယ်။ ရဲကျော် လေဆိပ်ထဲ စဝင်တာနဲ့ ရက်စွဲကြည့်မိတယ်။ ဒီနေ့ လွတ်လပ် ရေးနေ့ပါလား။ တစ်ဆက်တည်း တွေးမိတယ်။ ” ငါတို့တွေ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာမှ သူများနိုင်ငံကို ကျွန်လာခံနေရပါလား” လို့ပေါ့ လေ။

လေဆိပ်ထဲရောက်တာနဲ့ မလေး လ.ဝ.က ရှေ့မှာ မျက်နှာ ငယ်ရတော့တာပါပဲ။ လက်ကိုင်ဘုတ် တွေကိုင်ပြီး ရဲကျော်တို့လူအုပ်ကို လ.ဝ.ကဖြတ်မယ့်နေရာရှေ့မှာ တန်းစီစောင့်ခိုင်းတယ်။ ထားတဲ့ နေရာမှာ မှန်လုံခန်းရှိပြီး တီဗီလည်း ရှိပါတယ်။ တချို့လည်းအဲဒီလို ရောက်လာသူကို လာမခေါ်လို့၊ မရွေးလို့ ဒုက္ခသည်စခန်းကို တစ်ခါ တည်း ရောက်သူတွေလည်းရှိသတဲ့။ အတွေ့အကြုံရှိသူတစ်ယောက်က ရဲကျော်ကို ပြောပြတာပါ။ လေဆိပ်မှာ ည ၁ဝ နာရီကျော် မှ ရဲကျော်တို့အုပ်စု လ.ဝ.က ကနေ ဖြတ်ခွင့်ရတော့တယ်။ ပွဲစား က အိမ်တစ်အိမ်ကို ခေါ်သွားတယ်။ နှစ်ရက်တိတိ ရဲကျော်တို့အုပ်စု အပြင်မထွက်ရဘူး။ လုံးဝတင်းကျပ် အောင်ကို ပိတ်ထားတာပါ။ အိမ်ထဲ မှာပဲနေပြီး သူတို့ကျွေးတဲ့ထမင်း စားရတယ်။ ပါမစ်ရပြီဆိုမှ ဆေး သွားစစ်ကြဖို့ လာပြောတယ်။ ရဲကျော်တို့အုပ်စုထဲမှာ လေးလ လောက် နေဖူးသူတစ်ယောက်ပါ တော့ သူ့ကိုဆရာတင်ကြတာပေါ့။ အဲဒီမှာ လွဲတော့တာပါပဲ။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*