ပိန္နဲသီး

ပိန္နဲသီး
November 17, 2016 Asian Fame
ပိန္နဲသီး
In Articles

akyit

ကြာတော့လည်း ကြာခဲ့ပါပြီ။ အဲဒီတုန်းက နေစရာ အိမ်မရှိတော့ ရတဲ့ဝင်ငွေလေး နဲ့ နေစရာအိမ်လေးလိုက်ရှာတာ။ပြဿနာက ကျွန်တော့်ညီ ကျောင်းဆရာလုပ်တာက တောင်ဒဂုံမှာ။ ကျွန်တော်တို့အလုပ်က မြို့ထဲမှာ။ အဲဒီတော့ တောင်ဒဂုံနဲ့ လည်းမဝေး၊ မြို့ထဲနဲ့လည်း သိပ်မကွာတဲ့နေရာ ရွေးရတာပေါ့။ ဖြစ်ချင်တော့ ကိုယ့်မှာကလည်း ငွေကသိပ်ရှိလှတာမဟုတ်ဘူး။ ရှိတဲ့ငွေလေးနဲ့ကလည်း နေရာကောင်းကောင်း မရွေးနိုင်ဘူးပေါ့။ မြို့ထဲသိပ်ကပ်သွားရင်လည်း အိမ်ဈေးက မနည်းဘူးလေ။ ဒီကြားထဲ ကိုယ်တွေက အိမ်ဆိုရင် မြေနင်းရမှ အိမ်ထင်တာ။ တိုက်ခန်းကျ မကြိုက်ဘူး။ ဒီလိုနဲ့ ရှိတဲ့ငွေလေးမကုန်ခင် အိမ်လိုက်ရှာရတာ။ မြောက်ဒဂုံမှာတော့ တွေ့ပါရဲ့။ မြောက်ဒဂုံကျ တောင်ဒဂုံနဲ့နီးတာမှန်ပေမယ့် မြို့ထဲ ကျဝေးပြန်ရော။ သင်္ဃန်းကျွန်းမှာလည်းရှိတာ။ ဒါပေမဲ့ သူကျတော့ မြေချည်းပဲရမယ်။ အိမ်မပါပြန်ဘူး။ ရှိတဲ့ငွေလေး နဲ့ မြေဝယ်လိုက်ပြီထားဦး။ အိမ်ကျ ဘာနဲ့ဆောက်မှာတုံး။ အိမ်မရှိလို့ အိမ်ဝယ်ပါတယ်ဆိုမှ။ ဒီလိုနဲ့ ထပ်ရှာတော့ တာမွေနား မှာ တွေ့ပြန်ရော။ တာမွေဆိုတော့ သိပ်မဆိုးဘူးပေါ့။ မြို့ထဲနဲ့လည်း သိပ်မဝေး၊ တောင်ဒဂုံကိုလည်း သွားရအဆင် ပြေတယ်လေ။ အိမ်လေးကလည်း သိပ်မဆိုးဘူး။ သွပ်မိုး၊ ထရံကာလေးပေါ့။ အကျယ်ကတော့ ဆယ်ပေသာသာ ရယ်။ ဈေးမေးကြည့်တော့ ကိုယ့်မှာ ရှိတာထက် နည်းနည်းလေးပိုလို့နေတယ်။ ဒါနဲ့ နေရာလေးကြိုက်လို့ ငွေထပ်ရှာပြီး ဝယ်မယ်ဆိုမှ အိမ်ကမြေဂရန်အတိအကျမရှိဘူး။ ဂရန်အတိအကျမရှိတော့ မဝယ်ရဲဘူးလေ။ တော်ကြာ လာဖျက်ခိုင်းရင် ဘယ်နှယ့်လုပ်မှာတုံး။ ကိုယ့်မှာ ဒီလောက်ငွေပမာဏကို မနည်းခြစ်ခြုတ်ရှာဖွေထားရတာ။ ဒီလိုနဲ့ ထပ်ရှာရင်း၊ ရှာရင်းနဲ့ သုဝဏ္ဏမှာ တစ်နေရာတွေ့တယ်။ မြို့ထဲနဲ့လည်း သိပ်မဝေးတဲ့ အနေအထား။ တောင်ဒဂုံသွားမယ်ဆိုရင်တော့ သာသာယာယာပေါ့။ မြေကတော့ ဆယ်ပေနဲ့ပေ ခြောက်ဆယ်လောက်ရှိတာပေါ့။ အကျယ်ဆယ်ပေ၊ အလျားပေ ခြောက်ဆယ်ပေါ့။ ဒါပေမဲ့ အိမ်ကလေးပါ ပါတယ်ဆိုတာကြောင့် သဘောကျ သွားတယ်လေ။ ဒါနဲ့ အိမ်ကိုသွားကြည့်မယ်ဆို ပြီး ပွဲစားနဲ့ချိန်းလိုက်တယ်။

” နေရာလေးက သိပ်မဆိုးဘူး။ လမ်းမဘေးတင်၊ သွားရလာရ လွယ်တာပေါ့။ ကျွန်မတို့တောင် ကြိုက်လွန်းလို့။ ငွေမတတ်နိုင်လို့သာ”

ပွဲစားကတော့ ထုံးစံအတိုင်း ရွှန်းရွှန်းဝေအောင်ကို ပြောလာခဲ့တာ။ “မြေအနေအထားကလည်း ဆိုင်ပဲဖွင့်ဖွင့်၊ လူပဲနေနေ ရွှေချည်းပဲ”

ကိုယ်လည်း သူပြောသမျှ နားထောင်ပြီး အားတွေရနေတော့တာ။ ပြောလာသမျှ အိမ်ကဘယ်လို ကောင်းကြောင်း၊ ပတ်ဝန်းကျင်က ဘယ်လိုကောင်းကြောင်းတွေပါ ပါတယ်။ ဒီလိုနဲ့ အိမ်သွားကြည့်မှ တက်တက်စင်အောင်လွဲနေကြောင်း သိရတယ်။ မြေကတော့ ဟုတ်တယ်။ သူ ပြောတဲ့အတိုင်း ဆယ်ပေ၊ ပေခြောက် ဆယ်ပါပဲ။ ဒါပေမဲ့ အိမ်က သုံးစားမရအောင် ရွဲပြဲနေပြီ။ ကြမ်းပြင်တွေကအစ ပေါက်ပြဲနေတဲ့အပြင် သွပ်မိုးတွေက လန်ပျံနေပြီ။ ထရံတွေကလည်း ကျိုးတိုးကျဲတဲနဲ့ ဘယ်လိုမှ နေလို့မရတဲ့ အနေအထားပါ။ခုနက ရွှန်းရွှန်းဝေအောင်ပြောလာတဲ့ ပွဲစားကလည်း အခုမှ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတယ်။ အမှန်က သူလည်း ဒီအိမ်ကို မကြည့် ဖူးဘူး။ နေရာကြည့်ပြီးတော့သာ ရမ်းသမ်းရွှီးလာတာ။ ကျွန်တော်တို့ လည်း အိမ်ကြည့်ပြီး စိတ်ပျက်သွားတယ်။ ဒါနဲ့ပဲ..

” ခင်ဗျားဗျာ..အိမ်က ဒီလောက်စုတ်ပြတ်သတ်နေတာ ဘယ်လိုနေလို့ရမှာလဲ။ ဘာကောင်းတာရှိလို့လဲ။ ပြောတာနဲ့ တခြားစီ”

ကျွန်တော်တို့စကားကို ပွဲစားက ကြောင်တောင်တောင်နဲ့ လိုက်ကြည့်တယ်။ ကောင်းကွက်ရှာနေတာဖြစ် မယ်။ အတော်ကြာမှ အိမ်ရှေ့ကို ကြည့်ပြီး ဝမ်းသာအားရနဲ့ “ဟယ်..ကြည့်စမ်း၊ အိမ်ရှေ့ မှာ ပိန္နဲပင်ကြီး။ ဟင်..အသီးတောင်သီးတော့မယ်။ တန်တယ်၊ တန်တယ်..ဒီဈေးနဲ့တန်တယ်” ဆိုပြီး မကောင်း ကောင်းတာ ရှာကြံပြောသွားတာ။ ပိန္နဲပင်က ပိန္နဲသီးသီးတာနဲ့ ဒီအိမ်ကြီးက တန်ရောလားပေါ့။ အခုလည်း စဉ်းစားမိတယ်။ အိမ်ကြီးကတော့ ဟောင်းနေတုန်းပဲ၊ ပြိုပျက်နေတုန်းပဲ။ ဒါပေမဲ့ မဖြစ်မနေ အကောင်းပြောချင်လို့ အိမ်ရှေ့က ပိန္နဲပင်ကြီး အသီးသီးတာ ထိုင်စောင့်နေမိတယ်။ ဖြစ်ချင်တော့ ပိန္နဲပင်ကလည်း ပိန္နဲသီးကို မသီးနိုင်သေးဘူး။ သီးကြည့်ပါလား.. ” ဟေ့..တန်တယ်ဟေ့။ အိမ်သာမကောင်းတာ၊ ပိန္နဲသီးတွေ သီးနေပြီ။ တန်မှတန်” လို့ ထအော် မိမှာပါ။ ဘာမဆိုင် ညာမဆိုင်ပေါ့။

အကြည်တော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*