ဒိန်းဒေါင်ရေ… ထောင်တော့ (လက်မ)

ဒိန်းဒေါင်ရေ… ထောင်တော့ (လက်မ)
November 15, 2016 Asian Fame
ဒိန်းဒေါင်ရေ… ထောင်တော့ (လက်မ)
In Articles

capture-copy

ဆင်ဆာအဖွဲ့ဝင်တစ်ဦး

တလော ‘မြန်မာပေါကားများ ရပ်’ ဟု အော်တာကတစ်မျိုး၊ မြန်မာ ကားမကြိုက်သူများ၏ အသံကတစ် မျိုး မြန်မာ့ရုပ်ရှင်ဇာတ်ကားများ  အပေါ် ရှုတ်ချကဲ့ရဲ့ ပြစ် တင်တာတွေ များနေပြီ မဟုတ်လား။

မြန်မာဇာတ်ကား မကြိုက်လို့ နိုင်ငံခြားဇာတ်ကား ကြည့်မယ်ဆို လည်း ကြည့်ကြပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ကြည့်တာပဲလေ။ ပြောစရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ ကျွန်မတို့ ဆင်ဆာ အဖွဲ့ဝင်တွေခမျာ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း၊ တာဝန်အရ ဗီဒီ ယိုရော၊ ရုံတင်ရုပ်ရှင် ဇာတ်ကားတွေ ရော ကြည့်နေရတာ စိတ်ရောလူပါ ပင်ပန်းနေရပြီလေ။

လူပင်ပန်းတာက တစ်ပတ်ကို ဗီဒီယို (၁၅) ကားလောက် ကြည့်ရ တယ်။

ရုံတင်ဇာတ်ကားကြီးက (၄) ကား အနည်းဆုံး ကြည့်ရတယ်။

လူ့အခွင့်အရေး ဇာတ်ကားတွေ၊ ကာရာအိုကေနဲ့ မိုက်ခရိုဖလင်စတဲ့ ဆင်ဆာတင်သမျှ ဇာတ်ကားတွေ လည်း ရှိသေးတယ်။

ဗီဒီယိုဇာတ်ကား ၁ဝ ကားမှာ ကောင်းတဲ့ဇာတ်ကားက တစ်ကား လောက်ပဲ ပါမယ်။ ကျန်တဲ့ (၉) ကား ထဲမှာ သုံးစားမရတဲ့ ဇာတ်ကား (၅) ကားလောက်ပါ တတ်တယ်။

တချို့ဇာတ်ကားတွေက အရုပ် အသံမကောင်းဘူး။

ဗီဒီယိုဇာတ်ကား တစ်ကားကို အနည်းဆုံး မိနစ် ၉ဝ၊ တစ်နာရီခွဲ လောက်တော့ ရှိသင့်တာပေါ့။

တစ်နာရီ ကျော်ရုံလေးရှိတဲ့  ဗီ ဒီယိုမျိုး ရှိသေးတယ်။ ကြည့်တဲ့ ပရိ  သတ်ကို တော်တော်စော်ကားတာပဲ။

အဆက်အစပ် မရှိတဲ့ ဇာတ် ကွက်တွေနဲ့၊ မကောင်းတဲ့ ဇာတ်လမ်း ကို မလုပ်တတ်တဲ့ သရုပ်ဆောင်သစ် တွေ သုံးပြီး အနုပညာ၊ အတတ်ပညာ နုံချာလွန်းတဲ့ ဒါရိုက်တာတွေရိုက်တဲ့ ဗီဒီယိုတွေကို ဆင်ဆာအဖွဲ့ဝင်တွေ ဟာ တော်တော် သည်းခံပြီး ကြည့်ကြ ရတာမဟုတ်လား။

တချို့ ဇာတ်ကားတွေဟာ ဒို့ တာဝန်အရေး (၃) ပါးကလွဲပြီး ကျန် တာဘာမှ မကောင်းဘူးလို့ မှတ်ချက် ချရမလို ညံ့ဖျင်းသတဲ့။

မေးချင်ပါတယ်။

အဲဒီ ဇာတ်ကားထုတ်လုပ်သူ တွေဟာ ကိုယ့်ဇာတ်ကားကို ကြည့် ချင်စိတ်ရှိရဲ့လားလို့။

ခိုးကူးခွေချည်း အပြစ်မတင်ပါ နဲ့။ ဗီဒီယိုလောက ကျဆင်းတာဟာ အနုပညာ ဝါသနာမပါဘဲ လုပ်စားဖို့ လောက်သာ တတ်တဲ့ ထုတ်လုပ်သူနဲ့ အညံ့စား ဒါရိုက် တာတွေကြောင့် ဆို တာရော ထည့်ပြောကြပါဦး။

ဗီဒီယိုလောက ပျက်သွားပြီ၊ ရုပ် ရှင်လောက ကျဆုံးပြီဆိုပေမယ့် ဆင် ဆာကြည့်ဖို့ ဇာတ်ကားတွေ တန်းစီ နေတာကတော့ စဉ်းစားစရာပဲ။

အဲဒါလည်း ရည်ရွယ်ချက် ကောင်းတာ၊ မကောင်းတာထား။ အနုပညာမြောက်တာ၊ မမြောက်တာ  ထား။ ရုပ်ရှင်ရုံတွေမှာ လူတွေ ကြိတ် ကြိတ်တိုးနေတာကေ တာ့  မြန်မာရုပ် ရှင်ကြည့်ပရိသတ်ဟာ ပေါကားကိုမှ ကြိုက်နေကြတာလား…ရှင်။

များများပေါလေ ပိုက်ဆံပိုရလေ ဖြစ်နေတာမဟုတ်လား။

ကဲ…ပြောပြန်ရင်လည်း လွန် ရာကျမယ်။

လူရွှင်တော်တွေ ပေါရုံမဟုတ်။ အကယ်ဒမီမင်းသား၊ မင်းသမီးတွေ လည်း ပေါကြသည်။

ဝါရင့် သရုပ်ဆောင်ကြီးတွေ လည်း ပေါတာမှ ရစရာမရှိ။

ထို့ကြောင့် ‘ပေါကားများရပ်’ ဟု ထအော်ကြရသည်အထိ ဖြစ်တာ လား။ ပေါကားတွေ ပိုက်ဆံရတာကို မနာလို မရှုဆိတ်သူတွေက ပြောကြ တာလား။

ခုတော့ ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ ပြီးရင်…မြန်မာပြည်က ပေါလိဝုဒ် လို့ ထောမနာပြုခြင်း ခံခဲ့ရတာကို တောင် သဘောကျလက်ခံပြီး ပေါ ကားတွေ ဆက်ရိုက်ေ နကြသည်ပဲလေ။

မြန်မာတွေကလည်း ကိုယ်က သာမတီထွင်နိုင်တာ၊ သူများ အတု လိုက်ခိုးဖို့တောင် အင်မတန် ဝါသနာ ပါကြတာဆိုတော့ ပေါကားတစ်ကား ပိုက်ဆံရရင် အားလုံးပေါကားတွေ ချည်း ရိုက်ကြတာ မဟုတ်လား။

သရဲကား ပိုက်ဆံရရင် သရဲ ကားကို အလုအယက် ရိုက်ကြတာ မဟုတ်လား။

ငါးပွက်ရာ ငါးစာချတာကို အပြစ်တင်ဖို့လည်း မလိုပါဘူး။

ပိုဆိုးနေတာက အခြောက်ကား တွေ များနေတာလေ။ တော်တော် မျက်စိနောက်စရာ ကောင်းသည်။        မြန်မာဇာတ်ကားမှာ အခြောက် မပါရင် မပြီးဘူး ဆိုတော့ အခြောက် တစ်ယောက်တည်း မဟုတ်၊ အခြောက် အုပ်စုလိုက်ပါရာက ခုတော့ တစ်ရွာ လုံးအခြောက်၊ သရဲဘဝမှာတောင် အခြောက်သရဲတဲ့..။

အတုမြင် အတတ်သင်ပြီး နောက်ဆို မြန်မာပြည်မှာ အခြောက် တွေ ပေါများလို့ ယောက်ျားစစ်စစ် ဆိုတာ ရှိမှ ရှိပါဦးမလားရှင်။

အဲဒီလို ပေါကားတွေ ကြည့်နေ ရာက ချီးကျူးစရာတစ်ခု ပေါ်လာ တာကတော့ လူရွှင်တော် ဒိန်းဒေါင် ရယ်လို့ နာမည်ကြီးနေသူက မမျှော် လင့်ဘဲ ဘဝသရုပ်ဖော် ဇာတ်ကား တစ်ကား ရိုက်ခဲ့တာပါပဲ။

ဇာတ်ကားအမည်က ‘မယုံရင် ပုံပြင်ပေါ့’ တဲ့။

ကောင်းလိုက်တဲ့ဇာတ်ကား။

ကျူးကျော်ရပ်ကွက်လို နေရာ မျိုးမှာနေတဲ့ မိသားစုတွေရဲ့ သဘာဝ၊ အဲဒီထဲမှာ ကျပ်မပြည့်၊ ဥာဏ်စဉ် မမီတဲ့ သားကို ရှာဖွေကျွေးမွေး ရုန်း ကန်နေရတဲ့ မုဆိုးဖို  ၊ ရေခဲမုန့်ရောင်း သူနဲ့ ခက်ခက်ခဲခဲ ဘဝကို ရုန်းကန်ရ တဲ့ ဘဝတိုက်ပွဲအကြောင်းကို ရိုက် ကူးထားတာပါပဲ။

အဲဒီဇာတ်ကားမှာ ဇင်ဝိုင်းတစ် ယောက်ကတော့ အကယ်ဒမီရမှာ သေချာသလောက်ပါပဲ။ ကံကောင်း ရင် ဒါရိုက်တာဆုလည်း ရနိုင်တယ်။

ဇာတ်ကား ကြော်ငြာတယ် အပြောခံ ရမှာစိုးလို့ အဲဒီဇာတ်ကားအကြောင်း ဒီလောက်နဲ့ပဲ ရပ်တော့မယ်။

အဲဒီလို ဇာတ်ကားကောင်းလေး တွေ ရိုက်ရဲတဲ့ သတ္တိမျိုး ရှိပါစေလို့ …။

ဆင်ဆာအဖွဲ့ဝင်တစ်ဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*