အလောင်းမင်းတရား အရေးတော်ပုံ ရေးသားသော စာဆိုပညာရှင်

အလောင်းမင်းတရား အရေးတော်ပုံ ရေးသားသော စာဆိုပညာရှင်
November 10, 2016 Asian Fame
အလောင်းမင်းတရား အရေးတော်ပုံ ရေးသားသော စာဆိုပညာရှင်
In Articles

mg-khin-mhin

မောင်ခင်မင် ( ဓနုဖြူ )

စွမ်းရည် သတ္တိရှိသော မင်း တစ်ပါး ထီးနန်းရ အောင် ကြိုးပမ်းပုံကစ၍ မင်းဖြစ်ပြီး နောက် စစ်ရေး၊ နိုင်ငံရေးဆောင်ရွက် မှုများ၊ နိုင်ငံစည်းရုံးမှုများကို မှတ် တမ်း တင်ရေး သားထားသော အရေး တော်ပုံကျမ်းများ မြန်မာစာပေသမိုင်း တစ်လျှောက်ပေါ်ပေါက်ခဲ့သည်။ ဓညဝတီအရေးတော်ပုံ၊ ရာဇာဓိရာဇ် အရေးတော်ပုံ၊ ဟံသာဝတီဆင်ဖြူရှင် အရေးတော်ပုံ၊ ညောင်ရမ်းမင်းတရား အရေးတော်ပုံ၊ အလောင်းမင်းတရား အရေးတော်ပုံတို့ ထင်ရှားပါသည်။  စိတ်ဝင်စားစရာကောင်းေ သာ အချက်မှာ အလောင်းမင်းတရား ကြီးအကြောင်း ရေးသားသော အရေးတော်ပုံကျမ်း တစ်စောင်မက ပေါ်ထွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို အလောင်းမင်းတရား အရေးတော်ပုံ ကျမ်းများတွင်လည်း ရေးသားသည့် ကျမ်းပြုပုဂ္ဂိုလ်နာမည်ကို ကျမ်းတွင် အခိုင်အမာတွေ့ရသော ကျမ်းမှာ တစ်စောင်တည်းသာရှိသည်။ ထို ပုဂ္ဂိုလ် ကား အလောင်းမင်းတရားကြီး လက်ထက်တွင် လက်ဝဲနော်ရထာ ဟူ၍ ထင်ရှားသော အမတ်ကြီးဖြစ် သည်။

သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ၏ ဖော်ထုတ်ချက်အရ အရေးတော်ပုံကျမ်းများတွင် ညောင်ရမ်းမင်းတရား အရေးတော်ပုံ မှာ ဦးကုလားရာဇဝင်လာ   ညောင်ရမ်းမင်းတရားအကြောင်းနှင့် ရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်းမှ ကဗျာ ပိုဒ်များကို ပေါင်းစပ်ထားခြင်းဖြစ်၍ အရေးတော်ပုံကျမ်းစစ်စစ်မဟုတ်   ကြောင်း ပေါ် ထွက်လာသည်။ ကျန် အရေးတော်ပုံကျမ်းများကိုမူ အရေး တော်ပုံကျမ်းအဖြစ် မှတ်ယူနိုင်သည်။ အထင်အရှားတွေ့ရသော အလောင်း မင်းတရား အရေးတော် ပုံကျမ်း ၂ စောင်အကြောင်း ပညာရှင်များ ဦးစွာဖော်ပြကြသည်။

ပိဋကတ်တော် အုပ် ဦးယမ်၏ ပိဋကတ်သမိုင်း စာတမ်းတွင် လက်ဝဲနော်ရထာရေး သော အလောင်းမင်းတရားကြီး အရေးတော်ပုံနှင့် တွင်းသင်းဝန် (တွင်းသင်း မင်းကြီး) ရေးသော အလောင်းမင်းတရားကြီး အရေး တော်ပုံဟူ၍ နှစ်စောင်ရှိကြောင်း ဖော်ပြသည်။ သို့သော် ထိုကျမ်း နှစ်စောင်စလုံးတွင် ရေးသူနာမည် မပါ သည့်အတွက် ပညာရှင်များက ခန့်မှန်းပြောဆိုကြရသည်။ ဆရာ ဦးလှတင် (လှသမိန်) က ‘အောင်သူ တကာတို့’ ချီ အရေးတော်ပုံကို လက်ဝဲနော်ရထာ၏ လက်ရာ၊ ‘ရတနာပူရ အင်းဝမင်းတို့’ ချီ အရေး တော်ပုံကို တွင်းသင်းမင်းကြီး၏ လက်ရာဟု ခန့်မှန်းပြီး အရေးတော်ပုံ နှစ်စောင်တွဲ ဟူ၍ တည်းဖြတ် ထုတ် ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင် တင်နှင့် ဦးမောင်မောင်ကြီးတို့က လည်း ထိုနှစ်စောင်ကို လက်ဝဲ နော်ရထာနှင့် တွင်းသင်းမင်းကြီး တို့၏ လက်ရာများအဖြစ် အသီးသီး
ယူဆကြသည်။

သို့သော် လက်ဝဲနော်ရထာ ရေးသည်ဟု အခိုင်အမာဆိုနိုင်သော အလောင်းမင်းတရားကြီး အရေး တော်ပုံတစ်စောင် သီးခြားရှိနေ ကြောင်း   ဒေါက်တာ   ဒေါ်ရီရီက ‘အရေးတော်ပုံကျမ်းများ ပြဿနာ’ ဆောင်းပါးတွင် ညွှန်ပြခဲ့သည်။ ထို အရေးတော်ပုံမှာ ‘ဘဂျာဝါဒိ ဂုဏကရံ’ အစချီသော အရေးတော်ပုံ ဖြစ်သည်။ ကျမ်းဦးစကားတွင် ‘ဝါမာ နုရုဒ္ဓေါ- လက်ဝဲနော်ရထာအမည်ရှိ သော။ အမစ္စော- အမတ်ကြီးဖြစ် သော။ ယောအဟံ- အကြင်ငါသည်။ ရာဇဝံသကံ- အရေးတော် ပုံရာဇဝင် ကို။ ရဓိဿာမိ- စီရင်ပေလတ္တံ့’ ဟု အခိုင်အမာဆိုထားသည်ကို ထောက် ၍ လက်ဝဲနော်ရထာ၏ လက်ရာဖြစ် ကြောင်း အခိုင်အမာသိနိုင်သည်။ ကျန်အရေးတော်ပုံနှစ်စောင်တွင် တစ်စောင်မှာ တွင်းသင်းမင်းကြီး၏ လက်ရာဟု ယူဆလျှင် တစ်စောင်မှာ လက်ဝဲနော်ရထာ၏ လက်ရာပင်ဖြစ် ဖွယ်ရှိသည်။
လက်ဝဲနော်ရထာသည် အလောင်းမင်းတရား အရေးတော်ပုံ နှစ်စောင်ရေးခဲ့သည်ဟု ယူဆဖွယ်ရှိ သည်။ ခန့်မှန်းချက်သာဖြစ်၍ အခိုင် အမာ မဆိုနိုင်သေးပါ။
လက်ဝဲနော်ရထာ၏ နာမည် အထင်အရှားပါသော အရေးတော်ပုံ မှာ ပေမူအဖြစ် ကာလရှည်ကြာစွာ ရှိခဲ့ရာမှ သမိုင်းပညာရှင် ဆရာမကြီး ဒေါ်အုန်းကြည်က တည်းဖြတ်ထုတ် ဝေသည့်အတွက် ၂ဝဝ၉ ခုနှစ်တွင် စာအုပ်အဖြစ် ပေါ်ထွက်ပြီးဖြစ်သည်။

လက်ဝဲနော်ရထာ (၁၇၂၃- ၁၇၉၁) သည် လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝသော ပုဂ္ဂိုလ်ဖြစ်သည်။ မုံရွေးဇာတိဖြစ်သည်။ အလောင်း မင်းတရား နိုင်ငံတော်စ ည်းရုံးနေစဉ် အင်းဝမင်းတို့၏ ထုံးတမ်းစဉ်လာကို  သိကျွမ်းနားလည်သူအဖြစ် ခိုဝင် ခစားလာသူဖြစ်သည်။ နာမည်ကို မေးရာ ‘ငနေ’ ဟု လျှောက်သဖြင့် အလောင်းမင်းတရားက ထွက်ပြူလာ သော နေလုလင်အဖြစ် နိမိတ် ကောင်းယူကာ ပြည်ထောင်ဖက် ရဲဘော်ကြီး ခြောက်ကျိပ်ရှစ်ယောက် တွင် ‘ငနေ’ ကိုပါ ထည့်သွင်း၍ ခြောက်ကျိပ် ကိုးယောက်အဖြစ် သတ်မှတ် ချီးမြှောက်သည်။ အလောင်း မင်းတရား ချီတော်မူရာ နောက် တော်ပါး က အမြဲလိုက်ပါပြီး စာပေ များရေးဖွဲ့သည်။ ဘိုးတော်ဘုရား လက်ထက်အထိ မင်းအဆက်ဆက် တွင် အမှုထမ်းကောင်းတစ်ဦးအဖြစ် အောင်မြင်စွာ အမှုထမ်းခဲ့သည်။

လက်ဝဲနော်ရထာဘွဲ့အပြင် လက်ဝဲ သုန္ဒရ၊ စည်သူကျော်ထင်၊နန္ဒသူ ကျော်ထင်၊ နေမျိုးသီရိဇေယျ ကျော်ထင်၊ နေမျိုးမဟာကျော် ထင်၊ နေမျိုးမဟာ သင်္ခယာ   ကျော်ထင်၊ မဟာသီဟသူရ ဟူသော ဘွဲ့များ လည်း မင်းအဆက်ဆက် ချီးမြှင့်ခံရ သည်။ သို့သော် အလောင်းမင်း တရားကြီး ဟံသာဝတီကို သိမ်း ပိုက်အောင်မြ င်သော အောင်ပွဲတွင် မင်းတရားကြီးကိုယ်တော်တိုင် ချီးမြှင့် သော ‘လက်ဝဲနော်ရထာ’ ဟူသော ဘွဲ့ကို စာဆိုက အခြားဘွဲ့များထက် ပို၍ ခုံမင်နှစ်သက်ဟန် တူကြောင်း၊ မိမိစာများကို ထိုဘွဲ့ဖြင့် ကမ္ပည်းထိုး လေ့ရှိကြောင်း ပညာရှင်တို့ မိန့်ဆိုကြ သည်။

အမတ်ကြီး၏ နာမည်အပြည့် အစုံမှာ ဦးမြတ်သာနေ ဖြစ်သည်။ မန်ကျည်းတုံရွာဇာတိ ဦးမြတ်စံ သည် လည်း ဦးမြတ်သာနေနည်းတူ လက်ဝဲ သုန္ဒရဘွဲ့ ရသည့်အတွက် စာဆို နှစ်ဦးကို နှစ်ပေါင်းများစွာ ရောထွေး  မှတ်သားခဲ့ကြသည်။ ယခုအခါတွင် သုတေသီများ၏ ဖော်ထုတ်ချက်အရ ဦးမြတ်သာနေ (လက် ဝဲနော်ရထာ) ကို မုံရွေးလက်ဝဲသုန္ဒရ၊ ဦးမြတ်စံကို မန်ကျည်းတုံလက်ဝဲသုန္ဒရ ဟု ခွဲခြား ခေါ်ကြသည်။ လက်ဝဲနော်ရထာ အမတ်ကြီးသည် ပျို့၊ မော်ကွန်း၊ ရတု၊ ကြိုးသီချင်း၊ အရေးတော်ပုံ၊ လျှောက်ထုံး၊ ရေးထုံးသတ်ပုံကျမ်း၊ ပျို့နိဂုံးစု အဖြေကျမ်း စသည်ဖြင့် စာပေအမျိုးမျိုးကို ရေးသားခဲ့သော စာဆိုပညာရှင်ကြီး ဖြစ်သည်။

 အလောင်းမင်းတရား အရေး တော်ပုံသည် အရေးအဖွဲ့ ရှင်းလင်း သွက်လက်သည်။ သရုပ်ဖော်သည့် မြင်ကွင်းများကို ပေါ်လွင်စွာ ရေးဖွဲ့ သည်။ အလောင်း မင်းတရား လက်အောက်သို့ မခိုဝင်သော ခင်ဦးစား ငချစ်ညိုနှင့် အလောင်း မင်းတရား၏ ရဲဘော် မင်းကျော်ပျံချီ တို့ စီးချင်းတိုက်ကြရာတွင် ငချစ်ညို မြင်းစီး၍ အစွမ်းပြပုံကို သရုပ်ဖော် ထားသည်။ ခင်ဦးစား ငချစ်ညိုက မင်းကျော်ပျံချီနှင့် ရင်ဆိုင်မိသော အခါ

“ယောက်ျားကောင်းချည်း မြင်း နှင့် တွေ့ကြရပေတော့မည်။ နှစ်ဖက်  ရဲမက်တို့မှာ ပွဲကြည့်၍သာနေ။ မြင်း တစ်စီးချင်း တန်ကြစေ။ ကြုံးဝါးသံပ ၍ မြင်းကို အစုံစီးသည်။ မြင်းအရိုင် စီးသည်။ ပယ်ဘွဲ့စီးသည်။ ပယ်ခွဲ ပယ်စိတ် စီးသည်။ ခြေတစ်ဖက် ထောက် စီးသည်။ ပက်လက်စီးသည်။ မှောက်လျက်စီးသည်။ ထက်ဝယ်ဖွဲ့ စီးသည်။ မြင်းနံပါးနှစ်ဖက် လက်ဝဲ လက်ယာကပ်၍ စီးသည်။ လှံကို လက်ဝဲလက်ယာလှည့်၍စီးသည်။ မင်းကျော်ပျံချီကား လက်စွဲလှံချိန်ဆ ကာ နေ၏။ ငချစ်ညို မြင်းစီးနည်း အထွေထွေစီးပြီးလျှင် လှံနှင့်လွှတ် လိုက်သည်။ မင်းကျော်ပျံချီလှံနှင့် ခတ်လိုက်၏” ဟူ၍ လှုပ်ရှားမှုများ နှင့်လိုက်ဖက်စွာ သွက်သွက်ရေးထား
သည်ကို တွေ့နိုင်ပါသည်။

ရန်ကုန်မြို့၏ မူလအမည်မှာ ဒဂုံမြို့ဖြစ်သည်။ အလောင်းမင်း တရားကြီးက ရန်အကုန်အစင်အောင် မြင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု အမည်ပြောင်းခြင်းဖြစ် သည်။ ထို အကြောင်းကို “သက္ကရာဇ် တစ်ထောင့်တစ်ရာ တစ်ဆယ့်ခုနစ်ခု၊ ကဆုန်လဆန်း ခုနစ်ရက်နေ့၊ ဒဂုံမြို့ ဟောင်း အနောက်မြောက်၊ တာ နှစ်ရာကျော် ခန့်တွင် တန်ဆောင်း ပြအိုးနှင့်တကွသော သစ်တပ်ကျုံး မြောင်း၊ တဲနန်းတော် ဆောက်လုပ် တော်မူ၍ ထိုအရပ်တွင် ရန်အပေါင်း ကို အကုန်အစင် အောင်မြင်တော် မူသောကြောင့် ထိုမြို့ကို ရန်ကုန် သမိုက်တော်မူသည်” ဟု မှတ်တမ်း တင်ထားပါသည်။

အလောင်းမင်းတရား ယိုးဒယားကို ချီတက်ရာတွင် ‘ကိုယ် လက် မသာသည့်အတွက်’ တပ်ပြန် လှည့်လာစဉ် လမ်းတွင် နတ်ရွာစံ သည့်အကြောင်းကို “မုတ္တမကျေး ကင်းရွာသို့ရောက်၍ မိုးသောက်ယံ အချိန်တွင် နတ်ပြည်စံတော်မူ၏။ နတ်ပြည်စံကြောင်းကိုလည်း ဝန်ကြီး၊ ဝန်ထောက်တို့နှင့် အတွင်းသား အမတ်၊ တပ်မှူး၊ စစ်ကဲတို့မှစ၍ မည်သူတစ်ယောက်မျှ မသိစေရ။ အတွင်းအသွေးအသားတို့ ထုတ်ယူ ပြီးလျှင် ဆားအပြည့်ထည့်သွင်း၍ အလောင်းကို ဖယောင်းပုဆိုးဖြင့် လိပ်၍ ဝါးခြမ်းစိတ်တို့ဖြင့် ကျပ်တည်း နေအောင် စည်းနှောင်၍ ပကတိ အသွင်အပြင်ဖြင့် စီးတော်မူမြဲ ဝေါတော်နှင့် ဆောင်ယူခဲ့၍ ရန်ကုန် သို့ရောက်လျှင် ဖောင်တော် သို့တင် ရာတွင်မှ ဘဝရှင် အလောင်းမင်း တရား နတ်ပြည်စံချေပြီဟု သိကြရ သည်” ဟု မှတ်တမ်းတင်ထားပါ သည်။

“ဘဝရှင် အလောင်းမင်းတရား ကြီးကား ဆွေအား၊ မျိုးအား၊ လက်ရုံး အားနှင့် ပြည့်စုံတော်မူ၏။ ဘုန်း အာဏာကြီး၏။ မျက်နှာယှဉ်တိုင်း ရန်အောင်၏။ အကြံေ တ်ာရှိသရွေ့  အပြီးသို့ရောက်၏။ မဆုတ်မနစ် ကြံလေ့ရှိ၏။ ရတနာသုံးပါး၌ ယုံကြည်တော်မူ၏။ သူရဲသူခက်တို့ အား ချီးမြှောက်ပြုစု ပေးကမ်းသော အလေ့ရှိ၏။ ရဲရင့်တည်ကြည်၏။ အိမ်နိမ့် သုံးဆယ့်ရှစ်နှစ်၊ သက် တော် လေးဆယ့်ခြောက်နှစ်သော် အနိစ္စရောက်၏” ဟု အလောင်း မင်းတရား၏ ဂုဏ်ရည်နှင့် နတ်ရွာ စံသည့် အသက်တော်ကိုလည်း မှတ် တမ်းတင်ထားပါသည်။

အရေးတော်ပုံကျမ်းပြုစာဆို လက်ဝဲနော်ရထာ၏ စာပေဂုဏ် ကျေးဇူးကို အစဉ်အဆက် အလေး ထားကြရပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*