ကျွဲငေးသူ

ကျွဲငေးသူ
November 10, 2016 Asian Fame
ကျွဲငေးသူ
In Articles

ko-nyein

လက်ရှိဘဝမှာတော့

ငါ..ဟာ ‘ကျွဲငေး’ တဲ့ အင်ဒီးယန်းအဘိုးကြီး တစ် ယောက်ပေါ့။

ငါငယ်ငယ်ကလည်း အခြား အင်ဒီးယန်းလူငယ်တွေလိုပဲ ကြီးပြင်း ခဲ့တာပါ။ ငါတို့လည်း လူငယ်ဘဝက ‘ပြတင်းပေါက်အသုံးပြုပုံပြုနည်း’မှာ အခြား အင်ဒီးယန်း လူငယ်တွေလို လူယဉ်ကျေးတွေနဲ့ ကွဲပြားခဲ့ကြတာ အမှန်။ ပြောရရင် လူယဉ်ကျေးတွေက ပြတင်းပေါက်ကို ‘အပြင်..ကြည့်ဖို့ လောက်သာ’ နားလည်ကြတာ။ ငါတို့ အဲသလိုမဟုတ်ဘူး။ အိမ်နားက ဖြတ် သွားလို့။ ပြတင်းပေါက်နားရောက် ရင် ခဏဖြစ်ဖြစ် ရပ်ပြီး အထဲကို ချောင်းကြည့်လိုက်တာပဲ။ အဲသလို မလုပ်သင့်ကြောင်း အိမ်ရှင်က လာရှင်းတဲ့အခါ အိမ်ရှင်ပြောတဲ့ အကြောင်းအရာဟာ ငါတို့နားမလည် တဲ့အကြောင်းအရာတစ်ခုပဲ ဖြစ်သွား တာချည်းပဲလေ။

ငါ..ငယ်ပြီး စွမ်းတုန်းကလည်း အင်ဒီးယန်းလူငယ်ပီပီအချစ်ရေးမှာ ‘ကြမ်း’ခဲ့တာပဲလေ။ ငါ့မိန်းမနာမည် က ‘လိုရီနာ’တဲ့။ ငါတို့လို အင်ဒီးယန်း မျိုးနွယ်တော့ မဟုတ်ဘူး။ လိုရီနာတဲ ရှေ့မှာ၊ ဘယ်ကောင့်မြင်းမှ ငါအချည် မခံဘူး။ လိုရီနာတဲ ရှေ့မှာ ငါ့မြင်းပဲ ချည်ခွင့်ရှိတယ်။ တခြားကောင်တွေ ရဲ့ မြင်းတွေလာချည်ရင် တစ်ကောင် မကျန် ငါလွှတ်ပစ်တာချည်းပဲ။ တဲရှေ့ကို မြင်းလာချည်တာဟာ ‘ချစ်ရေးဆို’တာပဲလေ။ အဲ..လိုရီနာ က နီဂရိုးသွေး၊ ဥရောပတိုက်သား သွေးနဲ့ အမေရိကန်သွေးပေါင်းစုံနှော ထားတဲ့ ကပြားမလေးပေါ့။ အပျို စင်တုန်းကတော့ သူမဝတ်ထားတဲ့ ကြက်သွေးရောင် အဝတ်အစားက သူမမှာရှိတဲ့ အလှဟူသရွေ့ ထင်ရှား တာထက် ပိုထင်ရှားအောင် ဖော် ညွှန်းပြတာနဲ့ ငါ သူမကို ယူလိုက်တာ။ အခုတော့ လိုရီနာကိုယ်တိုင်က လည်း သန့်ရှင်းတဲ့အချစ်နဲ့ ငါကိုယ် တိုင် ငေးရတဲ့ ကျွဲပိန်မကြီးတစ် ကောင်ပေါ့လေ။

အခု ငါ ကျွဲငေးသူဖြစ်ပေမယ့် ငယ်ရွယ်တဲ့ ဘဝကတော့ ငါလည်း ထင်ရှားတဲ့ ကျွဲမုဆိုးတစ်ဦးပဲလေ။ ဒါ ပေမဲ့ ငါတို့ခေတ်ကျွဲမုဆိုးနဲ့ ခုခေတ် ကျွဲမုဆိုးက အကွာကြီးကွာသွားပြီ။ အခုခေတ်မှာ ကျွဲမုဆိုးတောင် နှစ် မျိုးနှစ်စားရှိနေပြီ။ ‘အသားရှာကျွဲမု ဆိုးနဲ့ သားရေရှာကျွဲမုဆိုး’ဆိုပြီး ကျွဲ မုဆိုးနှစ်မျိုးရှိနေပြီ။ အသားရှာကျွဲ မုဆိုးက ငါတို့ငယ်ငယ်က မုဆိုး တွေလိုပဲ ရိုးရှင်းတယ်။ ဝမ်းတစ် ထွာအတွက်ပဲ။ ဒုတိယအမျိုးအစား ဖြစ်တဲ့ သားရေရှာ မုဆိုးတွေက တော့ ကျွဲကို ပစ်ခတ်သတ်ဖြတ် ပြီး သားရေသာခွာယူတယ်။ အရိုးနဲ့ အသားကို ဒီအတိုင်း စွန့်ပစ်ခဲ့ကြ တာ။ သူတို့ဟာ အလွန်ကြီးမားလေး လံတဲ့ ဘီးတပ်လှည်းကြီးတွေနဲ့ ကျွဲ အုပ်ကို ပစ်ခတ်ကြ။ ကျွဲရှိသမျှ အကုန်သတ်။ သားရေခွာတဲ့အလုပ်က လည်း သူတို့အဖို့ အင်မတန်လွယ် တယ်။ ကျွမ်းကျင်သူတစ်ဦးအနေနဲ့ ကျွဲတစ်ကောင်ရဲ့သားရေကို ‘ခုနစ် မိနစ်တစ်ကောင်’ ဆုတ်ယူနိုင်တယ်။ သူတို့အတွက် ကျွဲသားရေဟာ ကျွဲ ခန္ဓာကိုယ်ပေါ်ကို ‘ကော်’နဲ့ ကပ်ထား သလိုပါလား ထင်ရတယ်။ ၁၈၆ဝ ပြည့်နှစ်အတွင်း သားရေရှာလုပ်ငန်း ဟာ အလွန်ကြီးကျယ်တဲ့ စီးပွားရေး လုပ်ငန်းကြီးဖြစ်ခဲ့သေးရဲ့။ လောက သားတွေက ကုမ္ပဏီတွေထောင်၊ ကျွဲ လိုက်မုဆိုးတွေငှား၊ ကျွဲရေ ဆုတ်သူ တွေ ခန့်၊ သားရေရှာ ကျွဲလိုက်မုဆိုး တစ်ဖွဲ့မှာ လှည်းအစီးလေးငါးဆယ် အထိတောင် ရှိခဲ့တာတွေ၊ အရေခွာ ထားတဲ့ ကျွဲသေတွေကို ဝံပုလွေအုပ် တွေ
အပြင်လင်းတတွေပါ ကုန် အောင် မစားနိုင်ကြတာတွေ။ လူ့ သမိုင်းမှာ သူတို့စားသောက်နိုင်တဲ့ အသားတွေ ပေါင်သန်းချီပြီး ပုပ်သိုး သွားခဲ့တာတွေ။ ငါတွေးမိရင် အသည်းနာလှတယ်။

ဒါဆို ငါတို့ အင်ဒီးယန်းတွေက သားရေရှာကျွဲမုဆိုးတွေ အသေအလဲ မုန်းတီးကြတာ ဆန်းသလား။ ဒီလူ တွေဟာ တို့အင်ဒီးယန်းတွေရဲ့ ဘဝ ကို ဖျက်ဆီးနေကြ တဲ့ သူတွေ။ ဒါ့ အပြင် ဒီလူတွေဟာ အင်ဒီးယန်းတွေ ရဲ့ ထုံးတမ်းစဉ်လာနဲ့ အကျင့်စရိုက် တွေပါ ဖျက်ဆီးပစ်နေသူတွေ။ ကွာ ..ဒီလူတွေ..ဒီလူတွေ။

အဲ..ငါက အဘိုးကြီးဖြစ်နေပြီ ဆိုပေမယ့် ငါ့မိန်းမ လိုရီနာကတော့ ငါ့စာရင် ငယ်သေးတယ်ပြောရမယ်။ အရွယ်ကွာခြားမှုအရ ကျွဲတွေနဲ့ ပတ် သက်တဲ့ကိစ္စမှာ၊ မတူကွဲပြားကြတယ်။ ဥပမာ ငါကျွဲငေးသူဖြစ်နေချိန်ဆိုရင် သူမက ကျွဲငေးသူမဟုတ်။ သူမက ‘ကျွဲသားရေရှာ မုဆိုးတွေကို အံကြိတ် သူ’ဖြစ်နေတတ်တယ်။ ကျွဲသားရေ အမိုးအကာရွက်ထည်တဲ တစ်ခု အတွင်းမှာ ကို အမြင်ကမတူ။

ငါတို့ အင်ဒီးယန်းလူမျိုးတွေက ကျွဲကို အသားစား။ အရေကို အဝတ် ချုပ်၊ ခြုံထည်လုပ် ခြုံ၊ ဒါ့အပြင် အရေကို အပ်ချည်ကြိုး၊ အရိုးကိုအပ်။ အူကို အိုးတွေအိတ်တွေ လုပ်။ ကျွဲခွာ ကို ‘ကော်’လုပ်။ ကျွဲချေးကို လောင် စာအချပ်ကလေးတွေလုပ်။ ကဲ ကျွဲ တစ်ကောင်လုံး ဘာပစ်စရာရှိလို့ တုံး။ အဲ ကျွဲမှာ ငါတို့လင်မယား အတွက် အလွန်အသုံးတည့်တဲ့ ပစ္စည်းနှစ်မျိုးပေးသေးတယ်။ အဲဒါက သွေးနဲ့သွား။ ကျွဲသွေးက ငါ့အတွက် အားဆေး။ ကျွဲသွားက ငါ့မိန်းမ လိုရီ နာအတွက် အလှပြင်ပစ္စည်း။ လိုရီနာ လည်ပင်းမှာ အလှဆွဲထားတဲ့ လည် ဆွဲဟာ ကျွဲသွားလေးတွေနဲ့ စီကုံး ထားတဲ့လည်ဆွဲလေ။ လှဘူးလား။

အဲ..လိုရီနာက ကျွဲသွားလည် ဆွဲလေးနဲ့ဆိုပေမယ့် ငါ့ကိုတော့ စိတ် ကူးမယဉ်အားဘူး။ သူမက အချိန် တိုင်းကျွဲရိုးတွေ ကျွဲရေတွေနဲ့ လေး၊ မြား၊ ဒိုင်းတွေလုပ်ရင်း အမြဲအချိန် ကုန် ခဲ့တာ။ အခုတော့ သူ့လက်နက် ကိရိယာတွေပြည့်စုံသလောက် ပြည့် စုံနေပါပြီ။ ဒါပေမဲ့ လိုရီနာ မနားနိုင် သေး။

သားရေရှာ ကျွဲမုဆိုးတွေ မောင်းထုတ်ပစ်ဖို့အတွက်တဲ့။ မမွေး သေးတဲ့ သူ့သားဝတ်ဖို့ ကျွဲသားရေနဲ့ ‘စစ်သုံးချပ်ဝတ်တန်ဆာအင်္ကျီ’တစ် ထည်ကို တက်တက်ကြွ ကြွ၊ ချုပ်လုပ် နေတုန်းပါပဲ။

ကိုငြိမ်း(မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*