ရန်ကုန်ကလောင်

ရန်ကုန်ကလောင်
November 8, 2016 Asian Fame
ရန်ကုန်ကလောင်
In Articles

kyunick

ရန်ကုန်ကလောင်သည် ကလောင်တကာ့ ကလောင်တို့အနက် အထက်မြက်ဆုံး၊ အထူးချွန်ဆုံးအဖြစ် မိမိကိုယ်မိမိ သတ်မှတ် လေသည်။ သူ့ကိုယ်သူ မြန်မာစာပေ၏ ဖခင်ကြီး အဖြစ် ခံယူထားသည်။

‘ဆရာက မြန်မာစာပေရဲ့ ဖခင်ကြီးဆိုတော့ မြန်မာစာပေရဲ့ မိခင်ကြီးရဲ့ ခင်ပွန်းချစ်လင် ဖြစ်မှာ ပေါ့နော်..။ မြန်မာစာပေရဲ့ မိခင်ကြီးက ဘယ်သူများပါလိမ့်ခင်ဗျာ” ဟု ရွှတ်နောက်နောက် အရက်သမား ကဗျာဆရာကလေးတစ်ယောက်က မေးဖူးသည်။ ထိုအခါ စိတ်ဆတ်သော ရန်ကုန်ကလောင်က သံကြေးတက် တုံးတိကြီးဖြစ်နေသော ကလောင် သွားကိုရွယ်ကာ “ကမြင်းမသား.. ဘာရိတာလဲ။ ငါလုပ်လိုက်လို့ အူပွင့် သွားချေရော့မယ်။ ဓားသွားထက် ကလောင်သွားပိုထက်တယ်ဆိုတာ မသိဘူးဟုတ်စ” ဟု ငေါက်လိုက်သည်။ ထိုအဖြစ်ကို အရက်သမား ကဗျာဆရာကလေးက ပုံကြီးချဲ့ကာ ဖေ့စ်ဘုတ်ပေါ်သို့တင်ရာ၌..(ရန်ကုန်ကလောင်က သူသည် မြန်မာစာပေ၏ ဖခင်ကြီးဖြစ်ပြီး မြန်မာစာပေ၏ မိခင်ကြီးမှာမူ ကိုလိုနီခေတ်က ရန်ကုန်တွင် စာပုံနှိပ်စက် စတင်တည်ထောင်သူ ဘင်္ဂါလီသူဌေးကြီး၏ မယားကုလားမကြီးဖြစ်သည်ဟု မိန့်ကြားပါသည်။ ဟုတ်တယ်ဟုတ်…) ဟု ဖော်ပြခဲ့သည်။ ထိုအခါ ရန်ကုန်ကလောင်သည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ “အဲဒီကဗျာဆရာဆိုတဲ့ ငနာကိုအသရေဖျက်မှုနဲ့ ငါတရားစွဲမယ်။ လျော်ကြေး မြန်မာကျပ်ငွေ သိန်း ၅ဝ တောင်းမယ်။ အဲဒီကောင်ကို ရှာစမ်း” ဟု တပည့်ကျော် ရန်ကုန် ခဲတံအား ညွှန်ကြားသည်။

” အဲဒီလိုလုပ်လို့မဖြစ်ဘူးဆရာ။ ကဗျာဆရာတွေက ကျီးကန်းတွေလိုပဲ တအားစည်းလုံးညီညွတ်ကြတယ်။ တစ်ယောက်ကိုထိတာနဲ့ ကဗျာဆရာ တွေ တစ်ပြုံလုံးအြုံ<ွကပြီး ဆရာ့ကို ဖေ့စ်ဘုတ်ကနေ ဝိုင်းသမကြလိမ့်မယ်” ဟု တပည့်ကျော် ရန်ကုန် ခဲတံက စိုးရိမ်တကြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တားဆီးတောင်းပန်သည်။ ” ဖေ့စ်ဘုတ်မကလို့ ဖွတ်ဘုတ်လည်း ဒုန်းဂဲ Don’t care ပဲကွ။ ဂရုမစိုက်ဘူး” ဟု ရန်ကုန်ကလောင် က အော်သည်။

” မလုပ်ပါနဲ့ဆရာ။ ရန်ကုန်ကဗျာဆရာတွေက အင်အားတောင့်တယ်။ သူတို့ရဲ့ မဟာမိတ်ကဗျာဆရာတွေလည်း မြန်မာပြည်အနှံ့မှာ ရှိနေ ကြတယ်။ မန္တလေး၊ မုံရွာ၊ ပြည်၊ မော်လမြိုင်၊ တောင်ငူ၊ ပျဉ်းမနား (ဟာ…) အများကြီး၊ အများကြီးပဲ။ ဒီဝီဇံတပ်မကြီးတွေ ကျနေတာပဲ။ ဒါထက် ဆရာ့ကို ဖေ့စ်ဘုတ်ကနေ ဖွတဲ့ ကဗျာဆရာက ဘယ်သူတဲ့လဲဆရာ..” “နွေဆောင်းသစ်ဆိုလား.. ကလိမ်ဝိုင်ဆိုလား မသိပါဘူးကွာ။ နာမည်က မှတ်ရခက်ပါတယ်”” အဲသဟာပဲကြည့်တော့ဆရာ။ သူတို့က အရေအတွက်ပွစိတက်နေသလို ကလောင်နာမည်တွေကလည်း ဆင်တူယိုးမှားတွေ။ သူတို့ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကဗျာ့ပါတီ ဗမာ ပြည်ရဲ့ ဥက္ကဋ္ဌကြီး ကဗျာဆရာကြီး သေတ္တာနီကိုယ်တိုင် ပြောဖူးတယ်။ ရန်ကုန်ပလက်ဖောင်းပေါ် လမ်း လျှောက်သွားရင်း ပခုံးချင်းတိုက်မိလို့ ဘယ်သူလဲဆိုပြီး မေးမနေနဲ့..တဲ့။ အဲဒါ ကဗျာဆရာပဲတဲ့။ သူတို့နဲ့ ရင်မဆိုင်ပါနဲ့ဆရာ။ သူတို့ထဲမှာ စစ်ဗိုလ်လည်းပါတယ်။ ရဲလည်းပါ တယ်။ ဘုန်းကြီး ကဗျာဆရာတွေ လည်း အားကြီးပဲ။ သာယာဝတီ ထောင်ထွက်တွေတောင် ပါသေးတယ်ခင်ဗျ။ မိန်းကလေး ကဗျာဆရာတွေကလည်း စကတ်တွေ၊ ဆံတို ကုပ်ဝဲတွေနဲ့ စွာတေးတွေခင်ဗျ။ ဆရာမကြီး နုယဉ်တို့၊ ဆရာမကြီး ငွေတာရီတို့ခေတ်ကလို နွဲ့နွဲ့နှောင်း နှောင်းတွေ မဟုတ်ကြတော့ဘူးခင်ဗျ။ ပို့စ်မော်ဒန် ကဗျာဆရာမတွေ သိပ်တတ်ကြတာ။ တတ်လွန်းအား ကြီးလို့ သူတို့နဲ့ထိမိတာနဲ့ ရှမှာစိုးလို့ ယောက်ျားကဗျာဆရာတွေတောင် ဝေးဝေးကရှောင်နေကြရတာ” “ငါ့တပည့်..မင်း အခုလိုသတိပေးတာ ဆရာအများကြီးကျေးဇူး တင်တယ်။ သို့ပေမယ့် ဆရာ့ကိုထိပါးတာတော့ ငြိမ်ခံနေလို့မရတော့ဘူး။ ဆရာဟာ ဇာကလောင်လဲဆိုတာ နဂါးမှန်းသိအောင် အမောက်ထောင် ပြရတော့မယ်။ ရန်ကုန်ကလောင် ထိုးနှက်လိုက်ရင် ကဗျာဆရာ မပြော နဲ့ ဂေါ်ဇီလာတွေ၊ ဒိုင်နိုဆောတွေ တောင် တုံးခနဲ၊ တုံးခနဲ ပစ်လဲသွားကြတာမဟုတ်လား” မှန်သည်။ ရန်ကုန်ကလောင်သည် ဇာတိပုည ဂုဏ်မာန ကြီးမြင့် သူ ဖြစ်သည်။ မြန်မာဝတ္ထုရှည် စာပေ၏ လက်မွန်မဆွကလောင်ရှင်ကြီးများဖြစ်ခဲ့ကြသော ဓမောင်ရင် မောင်မမယ်မဓ ဝတ္ထုရေးသူ ဂျိမ်းစ်လှကျော်၊ “စံပယ်ပင်”၊ “ရွှေပြည်စိုး” ဝတ္ထုကြီးများရေးသူ ဦးလတ်တို့မှာ ရန်ကုန်ကလောင်က ဥုံခံ၊ မန်းမှုတ်မွေးဖွားပေးလိုက်သူများ ဖြစ်ကြသည်။

” ၁၄၅ဝ ခုနှစ်မှာ ဂျာမနီသား ဂူတင်ဘတ် John Gutenberg က စာပုံနှိပ်စက်ကို တီထွင်လိုက်သလို ၂ဝ ရာစုထဲမှာ ခေတ်ပေါ်စာတွေ၊ ကဗျာတွေကို ရန်ကုန်ကလောင်ဖြစ်တဲ့ ငါကပဲ တီထွင်လိုက်တယ်ဆိုတာ မှတ်ထားကြပါ။ ငါဟာ မော်ဒန်၊ ပို့စ်မော်ဒန်စာပေခေါင်းဆောင်ကြီး ဖြစ်ကြောင်း နိုင်ငံတကာက သိပြီးသား” ဟုပင် ရန်ကုန်ကလောင်က ကြွားသည်။ ထိုအခါ အထက်အညာမန္တလေးတွင် မွေးဖွားခဲ့ပြီး ရန်ကုန်မှာကြီးပြင်း အခြေကျနေခဲ့သော ဟိုမရောက်၊ သည်မရောက် စာရေးဆရာကလေး တစ်ယောက်က နှုတ်စအာစရဲတင်းသူ ပီပီ.. ” ဆရာ့အယူအဆကို မန္တလေးသား ကလောင်ရှင်တွေက သဘောကျကြမယ်မထင်ဘူး” ဟု စကား ဝင်ထောက်သည်။

” မင်း..ဘာနားလည်လို့လဲ။ မန္တလေးဟာ ဟိုအရင်က စာပေအင်အား တောင့်တင်းခဲ့တာ အမှန် ပဲ။ အခုတော့ အင်အားချည့်နဲ့သွား ရှာပါပြီရော။ နောက်ဆိုရင် မန္တလေး ကနေ မြန်မာစာအုပ်တွေ ထွက်လာ မှာ မဟုတ်တော့ဘူး။ ဘူးသီးငါးပေါင်း ကြော် စာလုံးတွေနဲ့ တရုတ်စာအုပ် တွေပဲ ထွက်လာကြတော့မှာ။ အခု ငါတောင်မှ အထက်မြန်မာပြည်က ခေတ်ပြိုင်စာပေ အခြေအနေကိုသိ နိုင်အောင် တရုတ်စာ ကြိုသင်နေ တယ်။ တရုတ်စကားပြော ကျူရှင်လည်း တက်နေသကွ။ နောက်ဆို ရန်ကုန်ကလောင်က တရုတ်ဘာသာ နဲ့ပဲ စာရေးတော့မှာ”

“ဟာဗျာ..ဒုက္ခပါပဲ။ ဆရာ့ အိုင်ဒီယာကို နားလည်ရခက်သွားပြီ”
” ဘယ်နားလည်မှာလဲ.. မင်းက အလကား ငတုံးပဲ”

အမှန်စင်စစ်မူ ရန်ကုန် ကလောင်သည် ခံယူချက်၊ ယုံကြည်ချက် မပြတ်သားသူလည်းဖြစ်သည်။ တစ်ချိန်တည်း၌သူသည် တရားသေ၊ တစ်လမ်းသွား၊ တဇောက်ကန်းသမား Dogmatist လည်း မဟုတ်ပေ။ ” ငါက တရုတ်ကြီး မော်စီတုံးရဲ့ (ပန်းတိုင်းပွင့်ပါစေ) အယူအဆကိုလည်း ထောက်ခံတယ်။ မတူကွဲပြားခြားနားမှုများနဲ့ တည်ဆောက်ထားတဲ့ ဒီမိုကရေစီစနစ်ကိုလည်း ကြိုက်တယ်။ ဥပမာကွာ- တရုတ်ဆိုင်မှာ ကြေးအိုးခေါက်ဆွဲပြုတ်ပူပူ ကို သောက်ပြီးတာနဲ့ ကုလားဆိုင်က ရေခဲမုန့်တို့၊ ကူလ်ဖီးတို့ကို သွားစားလိုက်သလိုမျိုးပေါ့။ ငါ့ကလောင်ကလည်း အဲဒီအတိုင်းပဲ။ လူတစ်ယောက် နိမ့်ပါးချိန်မှာ သူ့ကို အားပေး နှစ် သိမ့်ပေးတယ်။ သူ့ဘက်ကနေ တိုက်ဖို့ခိုက်ဖို့ မြှောက်ပင့် သွေးထိုးပေး တယ်။ အဲဒီလူ အမြင့်ကိုရောက်သွား ချိန်ကျတော့ သူ့ကို ဆီလိုအပေါက်ရှာပြီး အပြစ်တင်တယ်။ နည်းအမျိုးမျိုးနဲ့ သိက္ခာချတယ်။ အောက်ကိုဆွဲချ တယ်။ အပုပ်ချတယ်။ အဲသဟာကို လိုက်လျောညီထွေ၊ လေယူရာတိမ်းတဲ့ ပန်းပြားပင်ရဲ့ ကျင့်စဉ်လို့ခေါ်တယ်။ မှတ်ထားကွ” ရန်ကုန်ကလောင်၏ မှတ်သားစရာ မှတ်ချက်ကို အရှင်လတ်လတ် ကြီး ကြားလိုက်ရသော ဗုံမဟုတ်၊ ပတ်မဟုတ် စာရေးဆရာကလေးမှာ အကြီးအကျယ် အံ့အားသင့်သွား တော့သည်။

” ဟင်..ဒီလိုလား။ ဖွတ်ထွက် မှ တောင်ပို့မှန်းသိရတော့တယ်။ ခင်ဗျားကြီး အလကားကလောင်ပဲ။ အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုပဲ။ ခင်ဗျားကြီးဟာ ပုတ်သင်ညို.. ပုတ်သင်ညိုအကြီးစား..” ရန်ကုန်ကလောင်မှာ ပုတ်သင်ညိုနှင့် အနှိုင်းခံရ၍ အရှက်ကြီးရှက်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွား ရှာလေတော့သည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*