မြန်မာ့ရုပ်ရှင် တိုးတက်ဖို့ ဆိုတာ အနှစ် ၂ဝ လောက် အထိ ကြာဦးမှာဖြစ်တယ် ဗေလုဝ

မြန်မာ့ရုပ်ရှင် တိုးတက်ဖို့ ဆိုတာ အနှစ် ၂ဝ လောက် အထိ ကြာဦးမှာဖြစ်တယ် ဗေလုဝ
October 26, 2016 Asian Fame
မြန်မာ့ရုပ်ရှင် တိုးတက်ဖို့ ဆိုတာ အနှစ် ၂ဝ လောက် အထိ ကြာဦးမှာဖြစ်တယ် ဗေလုဝ
In Entertainment News

balဟာသ သရုပ်ဆောင် ဦးဗေလုဝ ကတော့ အရာရာ ယိုယွင်းနေခဲ့တဲ့ ခေါက်ရိုးကျိုး မြန်မာ့ ရုပ်ရှင် နစ်နေတဲ့ နွံကြားမှ ပြန်လည် ရုန်းထွက် ဖို့ ဆိုရင် အဘက်ဘက်က တိုးတက် ပြောင်းလဲလာမှ သာရမယ် လို့ ဆိုလာပါတယ်။

“တိုင်းပြည် ကလည်း စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက် လာနေရမယ်။ လူထုတွေကလည်း တိုး တက်ချင် စိတ်ရှိရမယ်။   ဖောက်ထွက် ချင် စိတ်ရှိရမယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေက အကုန် ကမ္ဘာကို ထိုးဖောက်နေကြပြီ။ ကျွန်တော် တို့ တစ်နိုင်ငံပဲ ကျန်ရစ်ခဲ့တယ်။ အမှန် ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်က ၁၉၂ဝ ခုနှစ်ကတည်းက စတင် ခဲ့တာဖြစ်တယ်။ ၁၉၂ဝ ခုနှစ်က စခဲ့တဲ့ ရုပ်ရှင်လောကကြီးဟာ ဒီကနေ့ ဒီအချိန်အထိ ဘယ်ကိုမှ မဖောက်နိုင်သေးဘူး။ ထိုင်းနိုင်ငံ လောက်ကိုတောင် မြန်မာ ဇာတ်ကားရောက် အောင် မဖောက် ထွက်နိုင်သေး ဘူး။ ထိုင်းနိုင်ငံမှာ ဖောက်ဖို့ မြန်မာ ဇာတ်ကားတွေ သွားပြလည်း ဟို ကလူတွေက သိပ်ရင်မခုန်ကြဘူး။ မြန်မာ ဇာတ် ကားက ပြည် တွင်း ဈေးကွက်လေး ပဲ ရှိတယ်လေ။ အဲ့ဒီတော့ ပြည်တွင်း ဈေးကွက်လေးမှာပဲ လည်နေ ရတဲ့ မြန်မာ့ ရုပ်ရှင်ဟာ သိပ်ပြီးတော့ ချဲ့ထွင် မစဉ်း စားကြတော့ဘူး။ အမှန်ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရမယ်။ ရုပ်ရှင်ရုံတွေ အများကြီး ရှိရမယ်။ ပြီးတော့ လောကသားတွေ က လည်း အနုပညာ အပေါ် တိုးတက်ချင် စိတ်ရှိရမယ်။ ခေါက်ရိုးကျိုး နေတာတွေကို ဖျောက်ဖျက် ပြီးတော့ တိုးတက်ချင် စိတ်နဲ့ လုပ်သွားမှ ရပါမယ်”လို့ ဦးဗေလုဝ က ထောက်ပြပြောပြပေးပါတယ်။

ဒါ့အပြင် ရေပွက်ရာ ငါးစာချတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာတွေ ကို ရပ်တန့်ပြီးတော့ ဖောက် ထွက်လုပ်ဆောင် သွားကြဖို့ လိုနေပြီ လို့လည်း ဆက် ပြောပါတယ်။

“လိုင်းတစ်လိုင်း အသစ်ဖြစ်လာအောင် ဖောက်ထွက် ကြည့်ရမယ်။ အခု ဒီမှာက ရေပွက်ရာ ငါးစာချတဲ့ အတိုင်း ဟာသ ဆိုရင် ဟာသ ချည်းပဲ။ သရဲ ဆိုရင်လည်း သရဲချည်းပဲ။ အမှန်တော့ ဖောက်ထွက် ရတော့မယ်။ ကမ္ဘာမှာလည်း တစ် နည်းမဟုတ် တစ် နည်းဖောက် ထွက်ပြီး တင်ပြနေကြ တာပါပဲ။ ဘောလိဝုဒ်လည်း တူတူပဲ။ ဟောလိဝုဒ် လည်း အတူတူပဲ။ ဒါပေမဲ့ သူတို့ ဘယ်လောက်အထိ ဆန်းသစ် စွာနဲ့ ဖောက်ထွက် ဖောက်ထွက် သူတို့ ရဲ့ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့လေးတွေ ကတော့ ပါဝင်နေ ပါတယ်။ ကျွန်တော် တို့လည်း အဲ့ဒီ အတိုင်းပါပဲ။ ဘယ်လောက်ပဲ ဆန်းသစ်ထားပါ တယ်ပြောပြော ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုလေး တွေပါ ပါဝင်နေရင် ပိုကောင်းတာပေါ့။ အုတ် အော်သောင်းတင်း ဖြစ်ပြီး အောင်မြင်လာမယ့် ဇာတ်ကား ကိုလည်း ကျွန်တော် တို့တွေက မျှော် လင့်တာပေါ့။ ကျွန်တော် တို့လည်း ကျွန်တော် တို့ ရုပ်ရှင် ဇာတ်ကားတွေ ဖွံ့ဖြိုး တိုးတက်လာတာ ကို မြင်ချင် တာ ပေါ့”လို့  ဦးဗေလုဝ ကပြောပြပါတယ်။

အစိုးရပိုင်း အနေ နဲ့ ထောက်ပံ့မှု လိုအပ်တယ် ဆိုတဲ့ နေရာမှာ တိုင်းပြည် စီးပွားရေး ကောင်းမွန် ဖွံ့ဖြိုး တိုးတက်မှု နဲ့ တိုက်ရိုက် သက်ဆိုင်နေ တယ် လို့ ဆို ပါတယ်။

“တိုင်းပြည် စီးပွားရေး ကောင်းနေမယ် ဆိုရင် ဖျော်ဖြေရေး ကဏ္ဍ ဆိုတာ သူ့ဟာနဲ့သူ တိုးတက်လာ မှာပါ။ တိုင်းပြည် စီးပွားရေး ညံ့နေပြီး ဆိုရင်တော့ ရုပ်ရှင် ဇာတ်ကား တစ်ကားကို ဘယ်လောက်ပဲ လန်ပြန်နေအောင် ရိုက်ထားလည်း ရုပ်ရှင်ရုံကို လာဖို့ အတွက် သူတို့ အတွက် စရိတ်စက၊ စား ဝတ်နေရေး၊ ဆိုတာ ရှိသေးတဲ့ အတွက် အဲ့ဒီ အတွက် ရုန်းကန်နေရတာ နဲ့တင် ရုပ်ရှင်ရုံကို လာကြည့် ဖို့က ဝေးသွားပြီ။ ပရီမီးယားလိဂ် ဘောလုံးပွဲတွေ ဘာ ကြောင့် အပတ်စဉ် လူပြည့်နေရလဲ ဆိုရင် သူတို့မှာ တစ်နှစ်စာ အတွက် စား ဝတ်နေရေး လုံလောက် တယ်။ သူတို့ စိတ်ပျော်ရွှင်မှု အတွက်လည်း သီးသန့် အချိန်တွေ ခွဲထားကြတယ်။ အဲ့ဒါ ဘာကြောင့်လဲ ဆိုရင် သူတို့ နိုင်ငံက စီးပွားရေး ဖွံ့ဖြိုး တိုးတက် လို့ပဲဖြစ်တယ်။ ကျွန်တော် တို့ တိုင်းပြည် ကတော့ အခုမှ ဖွံ့ဖြိုး တိုးတက်မှုကို ပြန်စနေ ရတာဖြစ် တယ်။ အဲ့ဒီတော့ ဆိုင်းဘုတ်တွေ ပါးစပ်တွေ နဲ့ပြောမယ့် အစား တိုးတက်ချင်တဲ့ စိတ်တွေနဲ့ လက်တွေ့သာ လုပ်ကြ ဖို့လိုပါတယ်” လို့ ဦးဗေလုဝ က ဆိုပါတယ်။

လက်ရှိ အခြေအနေ နဲ့ဆိုရင် မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်လာဖို့ ဆိုတာကို အနှစ်(၂ဝ)လောက် အထိ အချိန်ကြာ ဦးမှာဖြစ်တယ်လို့ ဦးဗေလုဝ ကတော့ ဆိုပါတယ်။

“ဘာလို့ အဲ့ဒီလောက်နှစ် အထိ ခန့်မှန်းရတာ လဲဆိုတော့  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဦးမှာနဲ့ လူတွေရဲ့ စိတ်တွေပြောင်းလဲ လာမှာနဲ့ အဟောင်း တွေ ချုပ်ငြိမ်းသွားမှာ နဲ့ကြောင့်မို့လိုပါ။ အဟောင်း တွေချုပ်ငြိမ်းမှ အသစ်ကို သွားကြမှာကိုး။ အသစ် ကို မျှော်ရတဲ့ သဘောပေါ့။ အဓိကကတော့ နောက် မျိုးဆက်သစ် ကို မျှော်လင့်တာဖြစ်တယ်။ အခုမျိုးဆက် ကတော့ ဒီအတိုင်းပဲ လုံးလည်ချာ လည် လိုက်ပြီးတော့ ပြီးသွားပါလိမ့်မယ်”လို့ ဦး ဗေလုဝက ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံမင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*