သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ကြီး (၁၃) ပါး

သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ကြီး (၁၃) ပါး
January 6, 2016 Asian Fame
သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ကြီး (၁၃) ပါး

” သားကောင်းတစ်ယောက်၊ ထွန်းပေါ်ပေါက်က၊ သူ့နောက်ဆွယ် ကျုံး၊ တစ်နယ်လုံးလည်း၊ ကံဘုန်း ဆင့်လှောက်၊ အမြင့်ရောက်၏။ သို့လောက်နောက်ဖွား၊ ကျေးဇူးများ မည့်၊ ထိုသားကိုသာ၊ ဖွားမြင်လာဟု၊ ကောင်းစွာကြိုဆီး၊ မြှောက်ပင့်ချီး လော့၊ သေပြီးတစ်ဖန်၊ မွေးဖွားရန်ကား၊ ဤသံသရာ၊ ဓမ္မတာမို့၊ လူ သာမည၊ မွေးရုံမျှဖြင့်၊ အားရချီးပင့်၊ မမြှောက် သင့်သည်၊ သူနှင့်ငါနှင့် တူရုံကိုး”

(အရှင်ဇနကာဘိဝံသ)

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ၄၅ ဝါ ကာလပတ်လုံး ဟောကြားတော် မူခဲ့သည့် တရားတော်များကို “တိပိဋက” ပိဋကသုံးပုံ” ဟုခေါ်ဆို ပြီး ထိုတရားတော်များကို နှုတ်ငုံ ဆောင်ထားသူများကို “တိပိဋကဓရ” ပိဋကသုံးပုံဆောင်” ဟုခေါ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်က တိပိဋကဓရခေါ် ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်များ အများအပြားရှိခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တပည့်သာဝကတိုင်း ပိဋကသုံးပုံ ဆောင် တိပိဋကဓရ မဟုတ်ကြသော် လည်း ညီတော်အာနန္ဒာအပါအဝင် ထေရ်အရှင်တော်တော်များများမှာ ပိဋကသုံးပုံကို နှုတ်ငုံဆောင် တော်မူခဲ့ကြသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်း တွင်လည်း ပိဋကသုံးပုံနှုတ်ငုံဆောင် ပုဂ္ဂိုလ်များစွာ ထွက်ပေါ်ခဲ့သည်။

ပထမသင်္ဂါယနာပွဲအတွက် တိပိဋကဓရ အရှင်မြတ် ၅ဝဝ ပါး၊ ဒုတိယသင်္ဂါယနာပွဲအတွက် တိပိဋကဓရ အရှင်မြတ် ၇ဝဝ ပါး၊ ဒုတိယ ပထမသင်္ဂါယနာပွဲအတွက် တိပိဋကဓရ အရှင်မြတ် အပါး ၁ဝဝဝ တို့ကို အလွယ်တကူ ရွေးချယ် ရရှိခဲ့သည်။ စတုတÄသင်္ဂါယနာခေတ် (သာသနာနှစ် ၄၅ဝ) ရောက်သည့် အချိန်၌လည်း တိပိဋကဓရပုဂ္ဂိုလ် ထူးများ အများအပြားထွက်ပေါ်ခဲ့ သည်။ သို့သော် သာသနာတော်နှစ် ၂၁ဝဝ ကျော် (မြန်မာသက္ကရာဇ် ၉၄ဝ ကျော်ခန့်) ဒုတိယမြန်မာနိုင်ငံ ခေတ်ရောက်သည့်အချိန်တွင် တိပိဋကဓရပုဂ္ဂိုလ်များ ထွက်ပေါ် ခြင်းမရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ဟံသာဝတီခေတ် နှောင်းပိုင်း၊ ဒုတိယအင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်အစိုးရ ခေတ်၊ ဂျပန်ခေတ် စသည့် ခေတ် အဆက်ဆက်တွင် တိပိဋကဓရ အရှင်မြတ်တို့ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ဗုဒ္ဓသာသနာတော်၌ တိပိဋကဓရ ဆရာတော်အရှင်မြတ် များ မထွက်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၃၃ဝ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီးသည် “ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ထူးကို ဖူးမြော်လိုပါသဖြင့် ပိဋကသုံးပုံ ဆောင် ပုဂ္ဂိုလ်များပေါ်ပေါက် အောင် ဖော်ထုတ်ပေးတော်မူကြပါဘုရား” ဟု ဆရာတော်ကြီးများကို လျှောက်ထားခဲ့သော်လည်း တိပိဋကဓရ အရှင်မြတ်များ ပေါ်ပေါက်လာ အောင် ဖော်ထုတ်မပေးနိုင်ခဲ့သဖြင့် ဘဝရှင်မင်းတုန်းမင်းကြီးသည်လည်း တိပိဋကဓရပုဂ္ဂိုလ်ထူးကို မဖူးမြော်ခဲ့ရဟု သိရသည်။

စတုတ္ထုမန်မာနိုင်ငံခေတ် ရောက်လာသည့်အချိန်သာသနာ တော်နှစ် ၂၄၉၂ ခု၊ မြန်မာသက္ကရာဇ် ၁၃၁ဝ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရ နှင့် ဗုဒ္ဓသာသနအဖွဲ့၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့တို့က “တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ” များကို နှစ်စဉ်ကျင်းပပေးခဲ့ပြီး တိပိဋကဓရ ပုဂ္ဂိုလ်ထူးများကို ဖော်ထုတ်ခဲ့သည်။ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ များကို နှစ်စဉ်မပျက်ကျင်းပခဲ့ရာ ယနေ့အထိ တိပိဋကဓရပုဂ္ဂိုလ်ထူး (၁၃) ပါးပေါ်ပေါက်ခဲ့သည်။ ၆၆ နှစ်တာ ကာလအတွင်း ပေါ်ပေါက်ခဲ့ သည့် တိပိဋကဓရ ဆရာတော်ကြီး (၁၃) ပါးမှာ-

(၁) မင်းကွန်းဆရာတော် အရှင် ဝိစိတ္တသာရာဘိဝံသ
(၁၂၇၃- ၁၃၅၄) သက်တော် ၈၂ နှစ်တွင် ပျံလွန်တော်မူသည်။
(၂) ပခုက္ကူဆရာတော် အရှင်နေမိန္ဒ
(၁၂၈၉- ၁၃၅၃) သက်တော် ၆၄ နှစ်တွင် ပျံလွန်တော်မူသည်။
(၃) ပြည်ဆရာတော် အရှင် ကောသလ္လ
(၁၂၈၉- ၁၃၅၇) သက်တော် ၆၉ နှစ်တွင် ပျံလွန်တော်မူသည်။
(၄) မဟာဂန္ဓာရုံဆရာတော် အရှင် သုမင်္ဂလာလင်္ကာရ
(၁၃ဝ၈- ၁၃၆၈) သက်တော် ၆၁ နှစ်တွင် ပျံလွန်တော်မူသည်။
(၅) ယောဆရာတော် အရှင် သိရိန္ဒာ ဘိဝံသ (၁၃ဝ၄- )
(၆) ရေစကြိုဆရာတော် အရှင် ဝါယာမိန္ဒာဘိဝံသ (၁၃၁၆- )
(၇) မော်ကျွန်းဆရာတော် အရှင် သီလက္ခန္ဓာဘိဝံသ (၁၃၂၅- )
(၈) မြင်းမူဆရာတော် အရှင် ဝံသပါလာ လင်္ကာရ (၁၃၂၇- )
(၉) မြင်းခြံဆရာတော် အရှင် ဂန္ဓ မာလာလင်္ကာရ (၁၃၂၉- )
(၁ဝ) စွန်းလွန်းဆရာတော် အရှင် သုန္ဒရ (၁၃၁၇- )
(၁၁) ရမ္မာဝတီဆရာတော် အရှင် ဣန္ဒပါလ (၁၃၂၂- )
(၁၂) စစ်ကိုင်းဆရာတော် အရှင် အဘိဇာတာဘိဝံသ (၁၃၃ဝ- )
(၁၃) ဘုတလင်ဆရာတော် အရှင် ဣန္ဒာစရိယ (၁၃၂၆- ) တို့ဖြစ်ပါသည်။

ထိုဆရာတော်ကြီး (၁၃) ပါး သည် ပိဋကသုံးပုံကို နှုတ်ငုံဆောင် အောင်မြင်သကဲ့သို့ ရေးဖြေပါ အောင်မြင်တော်မူထားသည့်အတွက် “တိပိဋကဓရ တိပိဋကကောဝိဒ” ဘွဲ့တော်များ ရရှိထားပါသည်။ ပိဋကသုံးပုံကို နှုတ်ငုံဆောင် အောင်မြင်ကာ “တိပိဋကဓရ” ဘွဲ့တော်ရရှိထားပြီး “တိပိဋက ကောဝိဒ” ဘွဲ့တော်အတွက် ကြိုးပမ်းအားထုတ်နေသော တိပိဋကဓရ ပန်းတိုင်ရောက်ခါနီး အရှင်မြတ် (၇) ပါးရှိပါသည်။ ထိုဆရာတော်ကြီး (၇) ပါးမှာ-

(၁) အရှင်ကောဏ္ဍည (၁၃ဝ၂- )
(၂) အရှင်ဝီရိယာနန္ဒ (၁၃၃၁- )
(၃) အရှင်ပညာသိရီလင်္ကာရ (၁၃၂၇- )
(၄) အရှင်ဝိစိတ္တာလင်္ကာရ (၁၃၄ဝ- )
(၅) အရှင်ဝါသေဋ္ဌာလင်္ကာရ (၁၃၃၆ – )
(၆) အရှင်ဝိစိတ္တသာရ (၁၃၃၆- )
(၇) အရှင်စက္ကိန္ဒ (၁၃၄ဝ- ) တို့ဖြစ်ကြပါသည်။ ထိုဆရာ တော်ကြီး (၇) ပါးသည် တိပိဋကဓရ ပန်းတိုင်နှင့် အနီးဆုံးနေရာသို့ ရောက်ရှိနေပြီး ပိဋကနှစ်ပုံခွဲ အောင်၊ နှစ်ပုံအောင်၊ တစ်ပုံအောင် ဆရာတော်ကြီးများလည်း အများအပြား ရှိနေပြီဖြစ်ရာ မကြာမီနှစ်များအတွင်း သုတဗုဒ္ဓ တိပိဋကဓရ ဆရာ တော်များ ထပ်မံပေါ်ပေါက်လာဦး မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဘာသာ သာသနာတော်ကြီးအတွက် “သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ကြီးများများစွာပေါ် ပေါက်လာပါစေ” ဟုဆုတောင်းရင်း သုတဗုဒ္ဓ တိပိဋကဓရ ဆရာတော်ကြီးများကို ကိုယ်တိုင်ဖူးမြော် ကြည်ညိုခွင့်ရသည့်အတွက် ကြည်နူးပီတိဖြစ်မိပါသည်။

ညိုသစ်ငယ်
ကိုးကား-
ဆရာမောင်သုတရေးသည့် “ပိဋကသုံးပုံ နှုတ်ငုံဆောင် တိပိဋကဓရဆရာတော်များ ထေရုပ္ပတ္တိ” မှ ထုတ်နုတ်ဖော်ပြပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*